DVB Logo
Home
မြန်မာသတင်း
အမျိုးသားဒီမိုကရေစီ ပါတီသစ် ကိုကိုးကျွန်းအပါအ၀င် ရန်ကုန် ၃၄ နေရာတွင် ယှဉ်ပြိုင်မည်
DVB
·
July 23, 2015
အမျိုးသားဒီမိုကရေစီ ပါတီသစ် ကိုကိုးကျွန်းအပါအ၀င် ရန်ကုန် ၃၄ နေရာတွင် ယှဉ်ပြိုင်မည်
Donate to DVB

သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကိုကိုးကျွန်းအပါအ၀င် ရန်ကုန်တိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာမှာ ယှဉ်သွားဖို့ရှိနေပါတယ်။

ပါတီအနေနဲ့ ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာ၊   ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ နေရာ ၂၀ လောက်မှန်းထားပြီး လှိုင်သာယာ၊ မင်္ဂလာဒုံ၊  ရွှေပြည်သာ၊ အင်းစိန်၊ လှိုင်၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒဂုံမြို့သစ်မြို့ယ်ေတွေမှာ  အဓိက၀င် ပြိုင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးကျော်က ပြောပါတယ်။

ပါတီခေါင်းဆောင် ဥက္ကဋ္ဌ ဦးသိန်းညွန့်က သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်၊  အတွင်းရေးမှူး ဦးကျော်ကတော့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း၊တောင်ဥက္ကလာပ၊ ရန်ကင်း မြို့နယ်တွေပါတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ ၀င်ပြိုင်မှာပါ။

အဆိုတော် ရသကတော့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ (ဒဂုံမြို့သစ်ဆိပ်ကမ်းနဲ့ ဒဂုံမြိ့သစ်တောင်ပိုင်းမြို့နယ်) က ၀င်ပြိုင်ဖို့ စဉ်းစားထားပြီး  အတည်မဖြစ်သေးတဲ့အကြောင်းနဲ့ ဦးနေ၀င်းသန်းကတော့ ကိုကိုးကျွန်းမြို့နယ်က  ၀င်ပြိုင်မယ်လို့ ပါတီအတွင်းရေးမှူး ဦးကျော်က ဒီဗွီဘီကိုပြောပါတယ်။

“အကြမ်းဖျင်းကတော့ ခုလောလောဆယ် ၃၄ နေရာ လျာထားပါတယ်။ တိုးချင်လည်း တိုးသွားမယ်၊ လျော့ရင်လည်းလျော့သွားမယ်။ ကျနော်တို့ပါတီက အခုရွေးကောက်ပွဲဝင်တာ လူထုအကျိုးပြု လုပ်ငန်းကို စရွေးချယ်ခံရကတည်းကတောက်လျောက်လုပ်လာတဲ့ အတွက်ကြောင့် လူထုကလည်း ကျနော်တို့အပေါ် ယုံကြည်တယ်ဆိုရင်တော့ ပြီးခဲ့တဲ့သက်တမ်း ကာလမှာ ကျနော်တို့ ဘယ်လောက်လုပ်ပေးခဲ့တယ်ဆိုတာကို သူတို့မျက်မြင် ကိုယ်တွေ့တွေ့ထားတဲ့အခါကျတော့ လာမယ့်ရွေးကောက်ပွဲမှာလည်း ကျနော်တို့ကို အင်တိုက်အားတိုက် ထောက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၂၀၁၅ အလွန် ကျနော်တို့ မျှော်မှန်း ထားတာကတော့ ၅၀ ရာခိုင်နှုန်းလောက်ရရင် ကျေနပ်ပါတယ်။ ရရင် ပါတီကို တိုးချဲ့သွားမယ်။ လူထုအကျိုးပြုလုပ်ငန်းတွေကို ဆက်တိုက် နဂိုရည်မှန်းထားတဲ့အတိုင်း အကောင် အထည်ဖော်သွားမယ်။”

အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ပါတီဝင်တွေဟာ မူလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင်တွေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို အန်အယ်လ်ဒီပါတီ သပိတ်မှောက်ချိန်မှာ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ စသူတို့နဲ့အတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ကို ထူထောင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာတော့  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကနေ နုတ်ထွက်ကာ  အမျိုးသားဒီမိုကရေစီပါတီသစ်ကို ၂၀၁၁ မှာ အောက်တိုဘာမှာထူထောင်ခဲ့ပြီး လက်ရှိ ပါတီဝင် အင်အား ၃၀၀၀ ကျော်လောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဆိုတော်ရသ အပါအ၀င် ပါတီကိုယ်စား လှယ်လောင်းတချို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရရှိခဲ့ပါဘူး။

ပါတီခေါင်းဆောင်  ဦးသိန်းညွန့်ကတော့  ၁၉၉၀ ရွေးကောက်ပွဲတုန်းက  သင်္ကန်းကျွန်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီကနေ ရွေးကောက်ခံရသလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီကနေ ၀င်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တဦးဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013