DVB Logo
Home
မြန်မာသတင်း
ကောလင်း ရေဘေးကြောင့် ကယ်ဆယ်ထားရသူ ၈၀၀၀ ကျော်ရှိ
DVB
·
July 23, 2015
ကောလင်း ရေဘေးကြောင့် ကယ်ဆယ်ထားရသူ ၈၀၀၀ ကျော်ရှိ
1 / 11
Donate to DVB

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ အနီးတ၀ိုက်ရှိ ကျေးရွာပေါင်း ၁၄ ရွာလောက်က ဒေသခံ ၈၀၀၀ ကျော်ကို ကောလင်းမြို့ပေါ် ကယ်ဆယ်ရေးစခန်း ၃ ခုမှာ ကယ်ဆယ်စောင့်ရှောက်ထားရတယ်လို့ မြို့ရေဘေး ကယ်ဆယ်ထောက်ပံ့ရေးကော်မတီက ဦးသက်လွင်ဌေးက ပြောပါတယ်။

ကောလင်းမြို့ တောင်ခြမ်းမှာရှိတဲ့ ညောင်ဝန်း၊ ဆီဆုံ၊ သရက်ခုံ၊ မြို့အနောက်ခြမ်းမှာရှိတဲ့ သရက်ချဉ်၊ မူးတိမ်၊ အောက်ကလုံး၊ ခေါတော့၊ ဂွေးတောက်တော စတဲ့ ရွာပေါင်း ၁၄ ရွာလောက်ဟာ ရေဖုံးလွှမ်းနေပြီး အိမ်တွေမှာ နေထိုင်လို့မရတာကြောင့် မြို့ပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ကယ်ဆယ်ထားရတာ ဖြစ်ပါတယ်။

ကောလင်းရေကြီးမှုအတွင်း သေဆုံးသူ ၄ ဦးရှိပြီး မြွေကိုက်လို့ ဆေးရုံပို့ရသူ တနေ့တယောက်နှစ်ယောက်လောက် ရှိနေတယ်လို့လည်း ဦးသက်လွင်ဌေးက ပြောပါတယ်။

”ရေထဲပါသွားတဲ့ကားကို ကယ်ဆယ်ရေးလုပ်ရင်း သေသွားတဲ့ မီးသတ်ရဲဘော်တယောက်၊ ဆီဆုံရွာဘက်မှာက ရေတက်နေတဲ့အချိန်မှာ အိမ်ထဲကို ပစ္စည်းဝင်ယူရင်းနဲ့ ပြန်မထွက်နိုင်ဘဲ ရေနစ်သေသွားတာတယောက်၊ နောက်တယောက်ကျတော့ ရေထဲဆိုင်ကယ်ဖြတ်စီးရင်း ပါသွားတာတယောက်၊ နောက်တယောက်ကလဲ ရေထဲဖြတ်ရင်း မျောပါသွားတာ၊ မြွေကိုက်ခံရတာကတော့ ကိုးတောင်ဘို့ ဘက်ကဗျ၊ ကောလင်းဆေးရုံကို တရက် တယောက် နှစ်ယောက်လောက် ရောက်ရောက်လာတယ်။”

လတ်တလော ကောလင်းမြို့ပေါ်ရောက်နေတဲ့ ရေဘေးဒုက္ခသည် ၈၀၀၀ ကျော်ကို မြို့နဲ့ စေတနာရှင် အဖွဲ့အစည်းတွေက ကူညီထောက်ပံ့ ကျွှေးမွေးစောင့်ရှောက်ထားပြီး သောက်သုံးရေသန့် လိုအပ်ချက် ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်က ရေကြီးနေတဲ့ ရွာတွေကလူတွေကို ကူညီသယ်ဆောင်ပေးတာ၊ ထမင်းထုတ်ဝေပေးတာ၊ ဆေးကုပေးတာတွေ ၀ိုင်းဝန်းလုပ်ဆောင်ပေးနေတယ်လို့လည်း လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

ကောလင်းမှာ သတင်းရယူနေတဲ့ သတင်းထောက်တယောက်ကလည်း ကောလင်းတ၀ိုက် ရေကြီးနေမှု ဒီနေ့အခြေအနေကို ခုလို ပြောပြပါတယ်။

“ကိုးတောင်ဘို့နဲ့ ကောလင်းကြား ရွာတွေက စောစောက ကျနော်ပြန်လာတဲ့ထိ ရေ မကျသေးဘူး။ ရေက တဖြည်းဖြည်းတော့ ကျနေပြီပေါ့။ ပထမ ခေါင်မိုးလောက်ပဲ ပေါ်တဲ့ အခြေအနေကနေ အခု ပထမထပ်လောက်ထိ ပေါ်လာပြီ။ သွားရေး လာရေး စားရေးသောက်ရေးကတော့ အခက်အခဲ ရှိနေတုန်းပဲ။ အဓိက ဆုံးရှုံးသွားတာက ဒီအရပ်ဒေသက မြန်မာပြည်အထက်ပိုင်းရဲ့ ဆန်အိုးလို ဖြစ်နေတာကိုး။ ဒီဘက်မှာရှိတဲ့ လယ်တွေ ရေနစ်သွားတော့ လာမယ့်နှစ် မြန်မာပြည်အထက်ပိုင်းအတွက် ဆန်ပြဿ နာ ရှိနိုင်တယ်။”

ရေကြီးမှုအတွင်း လယ်ဧက ၂၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးသွားတယ်လို့လည်း ပြောပါတယ်။

ကောလင်းမြို့ပေါ်က ကယ်ဆယ်ရေးစခန်း ၃ ခုမှာ ရောက်ရှိနေကြတဲ့ ရေဘေးဒုက္ခသည် ၈၀၀၀ ကျော်အနက် အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေ ဖြစ်ပါတယ်။

ကောလင်းနဲ့ မန္တလေး ကားလမ်း ပြန်သုံးလို့ရနေပြီး ရထားလမ်းကတော့ ပြတ်တောက်နေတုန်း ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ နှစ်ပေါင်း ၆၀ လောက်အတွင်း ကောလင်းတ၀ိုက် ရေကြီးမှုမှာ ဒီတကြိမ်ဟာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။

ဓာတ်ပုံ - ကောလင်းသူကောလင်းသားများ ဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013