DVB Logo
Home
Lead Story
တရုတ်ရှယ်ယာ တန်ဖိုးကျဆင်းလို့ ဆန်အကြွေးဆုံးတဲ့ပုံစံ ရှိနေတယ် - ဒေါက်တာစိုးထွန်း
DVB
·
July 23, 2015
တရုတ်ရှယ်ယာ တန်ဖိုးကျဆင်းလို့ ဆန်အကြွေးဆုံးတဲ့ပုံစံ ရှိနေတယ် - ဒေါက်တာစိုးထွန်း
Donate to DVB

တရုတ်နိုင်ငံမှာ လက်ရှိရှယ်ယာဈေးနှုန်းတွေ ထိုးကျတဲ့အတွက် နယ်စပ်ကနေ တင်ပို့တဲ့ မြန်မာဆန်ကုန်သည်တွေ ကျပ်ဘီလီယံချီတဲ့ ဆန်အကြွေးတွေ မရရှိဘဲ နစ်နာနေကြတယ်လို့   မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ဒီလိုသာ ဆက်လက်ဖြစ်နေရင် လာမယ့် ၂ လ အကြာ ဆန်စပါးရာသီမှာ ဆန်ဈေးနှုန်း ကျဆင်းမှုကြောင့် လယ်သမားတွေ ထိခိုက်မှာဖြစ်ပြီး ဒီ အခြေအနေကို အစိုးရက ၀င်ရောက် ကူညီဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါး ပြည်ပတင်ပို့မှု လေးပုံသုံးပုံခန့်ဟာ တရုတ်နိုင်ငံဈေးကွက်ကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်က တရားဝင်ပို့ပေမယ့် တရုတ်ပြည်ဘက်က တရားဝင်တင်သွင်းခွင့် မပေးသေးတာကြောင့် နယ်စပ်မှာ နားလည်မှုနဲ့ တင်ပို့နေကြတာ ဖြစ်ပါတယ်။

ဒေါက်တာစိုးထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

တရုတ်နိုင်ငံမှာ အစုရှယ်ယာဈေးတွေ ထိုးကျနေတော့၊ မြန်မာ့ဆန်ကလည်း တရုတ်ပြည်ကို အဓိက အားထားနေတာဆိုတော့ ဘယ်လိုသက်ရောက်မှုရှိလဲ။

“အခုကတော့ ဒီအရှိန်နဲ့ ရှယ်ယာငွေတန်ဖိုး ကျတဲ့အတွက်ကြောင့်မို့လို့ အကြွေးရောင်းထားတဲ့လူတွေပေါ့နော်၊ အကြွေးရောင်းထားတဲ့လူတွေအတွက် အကြွေးဆုံးတဲ့ပုံစံမျိုးတော့ ရှိနေတာပေါ့နော်။ ငွေပြန်မရတဲ့ပုံစံ ရှိနေတယ်။ ဆန်မှမဟုတ်ပါဘူး လယ်ယာထွက်ကုန်ပစ္စည်းတွေ ရောင်းထားတဲ့သူတွေပေါ့နော်။ ခန့်မှန်းခြေဆိုရင်တော့ ဘီလီယံနဲ့ချီပြီး ရှိတာပေါ့။ ကျပ်ဘီလီယံနဲ့ချီပြီးတော့ ရစရာရှိတယ်။”

ဆန်က အကြွေးတွေဆိုတော့ ဆန်က ဆက်ပို့နေတုန်းပဲလား။ တရုတ်-မြန်မာနယ်စပ် မူဆယ်နယ်စပ်မှာ ဆန်တွေ ပုံနေလား။

“လောလောဆယ် ဒီဘက်ကတော့ ဆက်မသွားဘူး (နယ်စပ်ကို)။ နယ်စပ်မှာရှိတဲ့ ဆန်တချို့ကိုတော့ သူက လက်ငင်းဝယ်တဲ့ သူတွေကိုတော့ ဆက်ပြီးတော့ ရောင်းပေးနေတာပေါ့။ လုံးဝကြီးတော့ ပိတ်တာတော့မဟုတ်ဘူး။ သို့သော်လည်း အရှေ့က အကြွေးမဆပ်တဲ့ ပြဿ     နာပဲ ရှိနေတယ်။ နောက်ဟာတွေတော့ တချို့ လက်ငင်းဈေးလျော့ပြီး ၀ယ်နေတာတော့ရှိတယ်။ အရောင်းအ၀ယ်လည်း နည်းနည်းပြန်တက်လာပြီလို့တော့ ပြောပါတယ်။”

နောက်နှစ်လလောက်ဆို ဆန်စပါးပေါ်ရာသီဆိုတော့ အဲဒီအတွက် ဘာတွေပြင်ဆင်နေကြလဲ။

“မှန်တယ်၊ မှန်တယ် အဲဒီအချိန်မှာသာ ခုလို ဆက်ပြီးတော့ အရောင်းအ၀ယ်အေးမယ်၊ အိပ်စ်ပို့တ် (ပြည်ပတင်ပို့မှု) မပို့နိုင်ဘူးဆိုရင်တော့ ဆန်ဈေးနှုန်း၊ စပါးဈေးနှုန်း ကျတာမျိုးတွေ ဖြစ်လာနိုင်တယ်။ လယ်သမားတွေ ထိခိုက်တဲ့ အနေအထား ရှိလာနိုင်တယ်။”

ဒီအခြေအနေပေါ်မှာ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်က ဘာတွေပြင်ဆင်မှုရှိလဲ၊ ဘာတွေ အကြံပြုနိုင်မလဲ။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတော့ အဲလိုပဲ စပါးဈေး၊ ကမ္ဘာမှာ ဆန်ဈေး ၃၀ ရာခိုင်နှုန်းကျတော့ စပါးဈေး တင်းတရာ ၂ သိန်းခွဲဖြစ်တုန်းက ကျနော်တို့ ပိုက်ဆံစုပြီး အရန်ဆန်ဆိုပြီး ၀ယ်ပေးဖူးတာရှိတယ်။ ၂၀၁၂-၁၃ ပေါ့နော်။ ၂၀၁၄ မှာတော့ ဆန်စပါးဈေး ကောင်းလာတဲ့အတွက် မ၀ယ်တော့ဘူးပေါ့နော်။ ၂၀၁၄ မှာလည်း တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်ရေးနဲ့ မြှင့်တင်ရေးဥပဒေ ပေါ်လာတယ်။ ဒီဥပဒေအရ ဦးဆောင်အဖွဲ့ဆိုပြီးတော့မှ ဒုတိယသမ္မတ ဦးဆောင်ပြီးတော့မှ ဖွဲ့တဲ့အတွက်ကြောင့်မို့လို့၊ ဒီအဖွဲ့က အလုပ်ဆက်လုပ်ရင်တော့ တောင်သူလယ်သမားတွေဆီက စပါးဝယ်ပေးတဲ့ အစီအစဉ်တော့ လုပ်ရမယ်။ ဒါလေးလုပ်အောင် တိုက်တွန်းသွားဖို့ပဲ ရှိပါတယ်။”

ကျောက်မျက်ဈေးကွက်ကရော အသွားအလာ ပုံမှန်ရှိလား၊ တုံ့ဆိုင်းနေလား။

“ကျနော်တို့မြင်တာက အားလုံးတော့ ထိခိုက်နိုင်တာပေါ့။ တရုတ်ပြည်ရဲ့စီးပွားရေးက ကျနော်တို့အနေနဲ့က ဗမာပြည်က တရုတ်ပြည်ကို တည်မီတာဆိုတော့ ကဏ္ဍအသီးသီးကို ထိခိုက်နိုင်တယ်။”

မြန်မာပြည်က တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက အများဆုံးဆိုတော့ ဘယ်လိုသက်ရောက်နိုင်လဲ။

“အဲဒီကောင်ကိုလည်း ထိလာနိုင်တာပဲ။ တရားဝင်ရော၊ တရားမ၀င်ရော တရုတ်ရင်းနှီးမြှုပ်နှံမှုက ဗမာပြည်မှာ များနေတာ။ များတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ကျသွားနိုင်တယ်။ တချို့လုပ်ငန်းတွေက နောက်ပြန်ဆုတ်သွားနိုင်တာပေါ့။ ဒါကလည်း ဘာပဲပြောပြော ကျနော်တို့တိုင်းပြည်ရဲ့ စီးပွားရေးကို ထိခိုက်နိုင်တာပဲ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013