DVB Logo
Home
နိုင်ငံရေး
အမေရိကန်အမတ် အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် တွေ့ဆုံ
DVB
·
June 3, 2011
Donate to DVB

မြန်မာပြည်​ရောက်​နေတဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွက်မက်ကိန်း​ ဒီ​နေ့​မွန်း​လွဲပိုင်း​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ရော စီအာပီပီ ပြည်သူ့​လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီဝင်​တွေနဲ့​ ​တွေ့​ဆုံသွား​သလို အဖွဲ့​ချုပ် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို သီး​ခြား​တွေ့​ဆုံသွား​ပါတယ်။

မွန်း​လွဲ ၂ နာရီ ​လောက်က​နေ ၄ နာရီ​လောက်အထိ ​တွေ့​ဆုံရာ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲဖြစ်​မြောက်​ရေး​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​၊​ လူ့​အ ခွင့်​အ​ရေး​ချိုး​ဖောက်မှုအ​ခြေအ​နေ​တွေ၊​ နယ်စပ်​ဒေသမှာ တင်း​မာ​နေမှု​တွေ စတာ​တွေကို အဖွဲ့​ချုပ်ဘက်က တင်ပြ​ဆွေး​နွေး​တယ်လို့​ သိရပါတယ်။

အဖွဲ့​ချုပ်၊​ စီအာပီပီတို့​နဲ့​ ​တွေ့​ဆုံရာမှာ အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌက ဦး​ဆောင်ပြီး​ အဖွဲ့​ချုပ်ရဲ့​ သ​ဘောထား​ဖြစ်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ စတဲ့​အချက်​တွေအပြင် မကြာခင်စတင်​တော့​မယ့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ နယ်ခရီး​စဉ် လုံခြုံ​ရေး​အတွက် စိုး​ရိမ်​နေတယ်ဆိုတာကို အထူး​ တင်ပြ​ဆွေး​နွေး​တယ်လို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​ တာဝန်ခံ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“အထူး​သဖြင့်​ ​ပြောတာက​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​က စည်း​ရုံး​ရေး​ခရီး​စဉ်​တွေ နယ်ကို ခရီး​စဉ်​တွေ သွား​ဖို့​အတွက် စီစဉ်​နေပါတယ်။ အဲဒီ​နေရာမှာ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ရဲ့​ လုံခြုံ​ရေး​က ပြည်သူတရပ်လုံး​အတွက် အလွန်စိုး​ရိမ်စရာ ဖြစ်​နေပါတယ်။ ကျ​နော်တို့​လည်း​ပဲ စိုး​ရိမ်ကြပါတယ်။ အဲဒီ​တော့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ရဲ့​ လုံခြုံ​ရေး​ အစစအရာရာဟာ လက်ရှိ လုပ်​နေတဲ့​ အစိုး​ရရဲ့​ တာဝန်သာဖြစ်တယ်လို့​ ကျ​နော်တို့​က​တော့​ အ​လေး​အနက် မှတ်ယူထား​ပါတယ် စသည်ဖြင့်​ ​ပြောပါတယ်။ ​နောက် အဖွဲ့​ချုပ်ဟာ အခုထက်ထိ တရား​ဝင်နိုင်ငံ​ရေး​ပါတီအဖြစ်နဲ့​ ရပ်တည်လှုပ်ရှား​နေပါတယ် ကျ​နော်တို့​က။”

ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ အဖွဲ့​ချုပ်ဝင်​တွေက ၂၀၀၃ ခုနှစ်တုန်း​က နယ်စည်း​ရုံး​ရေး​ခရီး​စဉ် ထွက်ရာမှာ စစ်ကိုင်း​တိုင်း​ ဒီပဲယင်း​မှာ အကြမ်း​ဖက်သမား​တွေရဲ့​ ရိုက်နှက်သတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့​ရပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်​ရော ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ပါ ဒဏ်ရာ​တွေ ရရှိခဲ့​တဲ့​ အဲဒီကျူး​လွန်မှုမျိုး​ ထပ်ဖြစ်မှာကို အဖွဲ့​ချုပ် အပါအဝင် ပြည်သူ​တွေက စိုး​ရိမ်​နေတာပါ။

ဂျွန်မက်ကိန်း​ကို ထပ်ပြီး​တင်ပြ​ဆွေး​နွေး​ရာမှာ အဖွဲ့​ချုပ်ဟာ စစ်အစိုး​ရ ပြဋ္ဌာန်း​ခဲ့​တဲ့​ ဥပ​ဒေ​တွေကို မ​ထောက်ခံနိုင်တဲ့​အတွက်​ကြောင့်​ ​ရွေး​ကောက်ပွဲကို မဝင်ခဲ့​ပေမယ့်​ တရား​ဝင်နိုင်ငံ​ရေး​ပါတီအဖြစ် ဆက်လက်ရပ်တည်​နေပြီး​ ဒီကိစ္စနဲ့​ ပတ်သက်လို့​ ​ဆောင်ရွက်​နေတာကိုလည်း​ ​ပြောပြလိုက်တယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“တရား​ဝင်း​နိုင်ငံ​ရေး​ပါတီအဖြစ်နဲ့​ ဆက်လက်ရပ်တည်နိုင်​ကြောင်း​ကိုလည်း​ ပြည်တွင်း​မှာ တရား​ဥပ​ဒေအရ ဆုံး​ခန်း​တိုင်အထိ ကြိုး​ပမ်း​ပြီး​ ဖြစ်ပါတယ်။ အဲဒါ အခု ကုလသမဂ္ဂလူ့​အခွင့်​အ​ရေး​ကော်မရှင်ကို ဆက်လက်ပြီး​တော့​ တင်ပြဖို့​ စီစဉ်ထား​ပါတယ်။ လူ့​အခွင့်​အ​ရေး​ကော်မရှင်က တစုံတရာ သ​ဘောထား​ ရတဲ့​အထိ​ပေါ့​ဗျာ ကျ​နော်တို့​က တရား​ဝင် နိုင်ငံ​ရေး​ပါတီ အဖြစ်နဲ့​ ဆက်လက်ပြီး​တော့​ ရပ်တည်ပြီး​တော့​ ဒီမိုက​ရေစီ ပြုပြင်​ပြောင်း​လဲ​ရေး​ လုပ်ငန်း​တွေကို ဆက်လက်ကြိုး​ပမ်း​သွား​ပါ့​မယ် ဆိုတဲ့​အ​ကြောင်း​ကို မစ္စတာမက်ကိန်း​ကို ​ပြောပါတယ်ခင်ဗျ။”

မစ္စတာမက်ကိန်း​ကလည်း​ ​နေပြည်​တော်မှာ အစိုး​ရ​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ဆုံရာမှာ နိုင်ငံ​ရေး​အကျဉ်း​သား​အ​ရေး​ ​ဆွေး​နွေး​ခဲ့​ပုံ​တွေ ပြန်လည်​ပြောပြပြီး​ အဖွဲ့​ချုပ်ကို အား​ပေး​သွား​တယ်လို့​ ​ပြောပါတယ်။

“ICRC ကိုလည်း​ ​ထောင်တွင်း​ကို ဝင်​ရောက်ပြီး​တော့​ ​လေ့​လာခွင့်​တွေ ပြန်​ပေး​ဖို့​လည်း​ သူ​ပြောခဲ့​တဲ့​အ​ကြောင်း​။ ပြီး​တော့​ ပြီး​ခဲ့​တဲ့​လွတ်ငြိမ်း​ချမ်း​သာခွင့်​ ဆိုတာဟာ ဘာမှ မလုံမ​လောက် ဖြစ်​နေတဲ့​အတွက်​ကြောင့်​ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ကိစ္စလည်း​ ထပ်ပြီး​စဉ်း​စား​ပေး​ဖို့​ကိုလည်း​ ​ပြောခဲ့​တယ်ဆိုတဲ့​ အ​ကြောင်း​ အဲဒါ​တွေ ​ပြောပါတယ် ခင်ဗျ။ ​နောက် ကျ​နော်တို့​ အဖွဲ့​ချုပ်ရဲ့​ ဆက်လက်ကြိုး​ပမ်း​နေတဲ့​ လုပ်ငန်း​တွေ အ​ပေါ်မှာ သူ သ​ဘော​ပေါက်တဲ့​အ​ကြောင်း​။ မကြာခင် ဒီကြိုး​ပမ်း​ချက်​တွေက အ​ကောင်အထည်​ပေါ်ပြီး​တော့​ ရည်မှန်း​တဲ့​ ပန်း​တိုင်း​ကို ​ရောက်ကြမယ်လို့​ ယုံကြည်ပါတယ် ဆိုတဲ့​အ​ကြောင်း​ ​ဆွေး​နွေး​သွား​ပါတယ် ခင်ဗျ။”

ရန်ကုန်အဖွဲ့​ချုပ် ရုံး​ချုပ် ​တွေ့​ဆုံပွဲမှာ အဖွဲ့​ချုပ်က ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​ ဦး​ဆောင်တဲ့​ ဦး​သန်း​ထွန်း​၊​ ဦး​လှ​ဖေ၊​ ဦး​အေး​မြင့်​၊​ ​ဒေါ်​မေဝင်း​မြင့်​ စတဲ့​ ဗဟို​ကော်မတီဝင်​တွေ တက်​ရောက်သလို စီအာပီပီ အတွင်း​ရေး​မှူး​ ဦး​အေး​သာ​အောင် ဦး​ဆောင်တဲ့​ ဦး​စိုး​ဝင်း​၊​ ဦး​သိန်း​တင် စတဲ့​ စီအာပီပီ အဖွဲ့​ဝင်​တွေ တက်​ရောက်တယ်လို့​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​ တာဝန်ခံ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013