DVB Logo
Home
မြန်မာသတင်း
တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု
DVB
·
July 23, 2015
တလင်တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပြည်သူ့လွှတ်တော် အတည်ပြု
Donate to DVB

အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ဇူလိုင် ၂၂ ရက်နေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မဲခွဲဆုံးဖြတ်ရာ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော်မှာ ၃၀ ၀န်းကျင်လောက်က ကန့်ကွက်ခဲ့ကြပေမယ့် ထောက်ခံသူများလို့ အတည်ဖြစ်ခဲ့ပါတယ်။

“ကျမတို့ နားလည်သလောက် ဥပဒေတရပ်အနေနဲ့ ပီပီပြင်ပြင်မရှိဘူး။ ဒီမှာပါတဲ့ အချက်တွေကလည်း အမျိုးသမီးတွေကိုရော အမျိုးသားတွေကိုပါ တကယ်တမ်း ကာကွယ်စောင့်ရှောက်နိုင်တာတွေ မပါဘူး” လို့ ဒီဥပဒေကို ကန့်ကွက်ဆွေးနွေးခဲ့တဲ့ တဦးတည်းသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

သူကဆက်ပြီး “ကျမတို့က တလင်တမယားစနစ်ကို ကန့်ကွက်နေတာမဟုတ်ဘူး။ မယားပြိုင်စနစ်ကို ထောက်ခံနေတာလည်း မဟုတ်ဘူး။ အမျိုးသမီးတွေကို တကယ်တမ်း ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်မယ့်၊ အမျိုးသားတွေကို တကယ်ထိန်းချုပ်ပေးနိုင်မယ့် ဥပဒေတရပ် ပေါ်ထွက်လာစေချင်လို့ ပြောနေတာ” လို့ ပြောပါတယ်။

ဒီဥပဒေအရ ထိမ်းမြားပြီးဖြစ်တဲ့ ယောက်ျား ဒါမှမဟုတ် မိန်းမဟာ ထိမ်းမြားမှု အတည်ဖြစ်နေတုန်းမှာ နောက်တယောက်ထပ်ယူရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်ပြီး ငွေဒဏ်လည်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် အာဏာမတည်ခင်က တရားဝင် အတည်ဖြစ်ခဲ့တဲ့ ထိမ်းမြားခဲ့တာတွေကိုတော့ မထိခိုက်စေရဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

နောက်မိန်းမယူတဲ့ ယောက်ျားဟာ ပထမမိန်းမနဲ့ နောက်မိန်းမတို့ရဲ့ အမွေမဆက်ခံရလို့ ပြဋ္ဌာန်းထားပေမယ့် နောက်မိန်းမရဲ့ သားသမီးတွေကတော့ ဥပဒေနဲ့အညီ အမွေဆက်ခံနိုင်မှာပါ။

“ဘယ်မိန်းမရဲ့ သားသမီးက ဘယ်လို အခွင့်အရေးရမယ်လို့ တိတိကျကျ မပြဋ္ဌာန်းထားဘူး” လို့ ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ တရားဝင်လက်မထပ်ဘဲ အငယ်အနှောင်းတွေ အဖြစ်ကို ရောက်စေနိုင်တဲ့ ဥပဒေရဲ့ အားနည်းချက်တွေကို တွေ့နေရတယ်လို့လည်း သူက ဆိုပါတယ်။

ဒီဥပဒေဟာ ကိုးကွယ်ရာဘာသာ၊ ဓလေ့တွေကို လွှမ်းခြုံမှာလည်း ဖြစ်ပါတယ်။ ဒီဥပဒေကို အမျိုးသားလွှတ်တော်ကို ပေးပို့အတည်ပြုရဦးမှာဖြစ်ပြီး ကွဲလွဲတာတွေ ရှိခဲ့ရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013