DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ဆွေးနွေးပွဲ ပထမနေ့ အချက် ၄ ချက် သဘောတူ
DVB
·
July 23, 2015
အပစ်ရပ်ဆွေးနွေးပွဲ ပထမနေ့ အချက် ၄ ချက် သဘောတူ
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ပြင်ဆင်ဖြည့်စွက်ချက် ၁၃ ချက်အနက် ၆ ချက်ကို ဇူလိုင် ၂၂ ရက်နေ့က စတင်ဆွေးနွေးတဲ့အခါ ၄ ချက်ကို ညှိနှိုင်းပြီးပြတ် သဘောတူကြတယ်လို့ နှစ်ဘက်ပြောခွင့်ရသူတွေ ပူးတွဲသတင်းစာရှင်းလင်းပါတယ်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ဟာ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

သဘောတူတဲ့ ၄ ချက်ထဲမှာ ပထမတချက်က နိဒါန်းပိုင်းကို စာချောခြင်း၊ ဒုတိယအချက်က အခြေခံမူမှာ စာချောခြင်းဖြစ်တယ်လို့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) ပြောခွင့်ရသူ ပူးဇင်ကျုံးက ရှင်းပါတယ်။

“တတိယကတော့ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ပြီးလို့ရှိရင် ပါတီအသီးသီးက ခေါင်းဆောင်တွေ၊ အစိုးရနဲ့ တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဖို့ကိစ္စဖြစ်ပါတယ်။ ဒါကို ရက်အတိအကျကန့်သတ်မှုနဲ့ လုပ်လို့ရှိရင် ဖြစ်တယ်လို့ စဉ်းစားတဲ့အလျောက် ရွေးချယ်စရာထားတဲ့ တခုပေါ့လေ၊ ဒါ နှစ်ဘက်ညှိနှိုင်း သဘောတူညီပြီးတော့မှ တွေ့ကြမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ ပယ်ဖျက်ပါတယ်။ ဒါကိုလည်း နဂိုကတည်းက ကျနော်တို့ရဲ့ အန်စီစီတီက တင်ထားတဲ့ကိစ္စမို့လို့ သိပ်ပြီးပြဿ     နာမရှိလောက်ဘူးလို့ ယူဆဲ့အတွက်ကြောင့်မို့လို့ ဒါကိုဆွေးနွေးလို့ရခဲ့တဲ့အချက်မှာပါပါတယ်။”

“နောက်တခုကတော့ ဆုံးဖြတ်ချက်နဲ့လုပ်တာ ဖြစ်ပါတယ်။ ‘ဥပဒေနဲ့အညီ’ ဆိုတဲ့ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့မှ NCA (Text) အတိုင်း ထားပါတယ်။ ဒါတွေကို ဆုံးဖြတ်ချက်အနေနဲ့ လုပ်တာပါ ဒီ ၄ ခုကတော့ ကျနော်တို့ လုပ်လို့ရပါပြီ။”

မပြီးပြတ်တဲ့ နှစ်ခုနဲ့ပတ်သက်လို့ ပူးဇင်ကျုံးက “ကျန်နှစ်ခုအနက် တခုကတော့ အိုင်အန်ဂျီအို၊ အန်ဂျီအိုနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်ပါတယ်။ မပြီးသေးပါဘူး။ နောက်တခုကတော့ စီဘီအို၊ စီအက်စ်အိုရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ဒါလည်းဆွေးနွေးလို့ မပြီးသေးပါဘူး။” လို့ ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ဇူလိုင် ၂၃ ဆွေးနွေးပွဲမှာ လက်ကျန်ဆွေးဖို့ ၂ ချက်အပြင် ဆွေးနွေးမယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

“မနက်ဖြန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အဆိုပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ လက်မှတ်ထိုးတာနဲ့ အစိုးရဘက်က ဘယ်ခေါင်းဆောင်တွေ ထိုးမလဲဆိုတဲ့ အချက်ကိုဆွေးနွေးဖို့ရှိတယ်။ တတိယကတော့ တိုင်းရင်းသားတွေဘက်က အဆိုပြုထားတဲ့ နိုင်ငံတကာ သက်သေလက်မှတ်ရေးထိုးဖို့ကိုလည်း ညှိနှိုင်းဖို့ရှိပြီးတော့ နောက်ဆုံးကျမှပဲ all inclusive (ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်ရေး) ဆိုတဲ့ ပါဝင်လက်မှတ်ရေးထိုးမယ့်အဖွဲ့တွေ။ အစိုးရအဆိုပြုတာနဲ့ တိုင်းရင်းသားတွေက အားလုံးပါဝင်ရေးဆိုတဲ့ အချက်ကတော့ နောက်ဆုံး နံပါတ် ၄ မှာရှိတဲ့အတွက် နက်ဖြန်ညနေမှာ အဲဒါကို ရောက်သွားနိုင်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ  လအတန်အကြာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးနောက် ဒီနှစ် မတ်လကုန်ပိုင်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောညီချက် (မူကြမ်း) ရရှိခဲ့ပါတယ်။ ဒီမူကြမ်းကို တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေ ချမှတ်ခဲ့ရာမှာ အဲဒီအချက်တွေကို အစိုးရကိုယ်စားလှယ်တွေနဲ့ အချောသတ်သဘောတူညီချက်ရအောင် ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီတကြိမ်ဆွေးနွေးပွဲကို ယခင်အစည်းအဝေးတွေမှာ တက်ရောက်လေ့ရှိတဲ့ ကုလသမဂ္ဂနဲ့ တရုတ်ကိုယ်စားလှယ်တွေ မတက်ရောက်ကြပါဘူး။

လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အကုန်နီးပါးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူနိုင်ပေမယ့် ရှမ်း၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013