DVB Logo
Home
Lead Story
ကိုးတောင်ဘို့ နဲ့ ကောလင်းကြား တကယ်ဒုက္ခရောက်နေကြတယ် - ကိုမျိုးကြီး
DVB
·
July 22, 2015
ကိုးတောင်ဘို့ နဲ့ ကောလင်းကြား တကယ်ဒုက္ခရောက်နေကြတယ် - ကိုမျိုးကြီး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ရေဘေး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့က ပန်းပျိုးသူများ ပရဟိတ စာသင်ဝိုင်းအဖွဲ့က ကိုမျိုးကြီးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုမျိုးကြီးတို့ အတွေ့အကြုံတွေ မေးချင်လို့ ဘယ်ဘက်တွေသွားပြီး ကူညီခဲ့တာလဲဗျ။

“မန္တလေးကနေ ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ကန့်ဘလူထိ ကားနဲ့ သွားတယ်၊ ကန့်ဘလူမှာ တညအိပ်ပြီး မီးရထားမှာ တွဲတောင်းတော့ ၂ တွဲရတယ်။ ရထားက သစ်တင်တဲ့တွဲပေါ့၊ ပက်လက်တွဲပေါ့။ အဲ့ဒီ ပက်လက်တွဲနဲ့ ချပ်သင်းကို ရောက်တယ်။ ချပ်သင်းမှာ စာရင်းကြည့်ပြီးတော့ ပစ္စည်း တ၀က် ချထားပေးခဲ့တယ်၊ ချထားပေးပြီးတော့ ကံကြီးနဲ့ ပေါက်စိန်ကုန်းကို ဆက်သွားတယ်။ လောလောဆယ်တော့ ရွာတွေ အတော်များများ ရေကျသွားပြီ။ အဓိကက အစားအသောက် ပေးတာပေါ့။ အခု သူတို့ တကယ်လိုအပ်တာက ပြန်လည်ထူထောင်ရေးအတွက် မျိုးစပါးတို့၊ ဘာတို့ လိုအပ်နေတာ။ စားဖို့သောက်ဖို့က အခု တော်တော်ပြည့်စုံသွားပြီ။”

ကျနော်တို့ အစက ကြားတာက ကန့်ဘလူနဲ့ ချပ်သင်းကြား ရထား သွားလို့မရဘူး ကြားထားတယ်။ အခု သွားလို့ ရနေပြီလား။

“ကျနော်တို့ သွားခဲ့တဲ့ ၂ ရက်။ ဇူလိုင် ၂၀ နဲ့ ၂၁ ရက်တို့မှာ သွားလို့ ရနေပြီဗျ။ ကန့်ဘလူ-ချပ်သင်း အခုနောက်ဆုံး ပေါက်စိန်ကုန်းထိ သွားလို့ ရနေပြီ။ ပေါက်စိန်ကုန်း ဟိုဘက်တော့ သွားလို့ မရတော့ဘူး။ အဲ့ဒီဘက်မှာ အကူအညီတွေ အများကြီး လိုတယ်။ ပေါက်စိန်ကုန်း ဟိုဘက် ကိုးတောင်ဘို့၊ ကိုးတောင်ဘို့နဲ့ ကောလင်းကြားထဲမှာ အဲ့ဒီကြားထဲ တကယ် ဒုက္ခရာက်တယ်။ သွားလို့လဲ မရဘူး၊ ဘာလို့ သွားမရလဲဆိုတော့ ရထားလမ်းရဲ့ အောက်ခြေ မြေသားတွေ အကုန်ပါသွားတာ။ ရထားလမ်းက ပတ္တလားလို ဖြစ်နေတာ။ အပေါ်မှာ ၀ဲနေတာ၊ အောက်မှာ မြေသား မရှိတော့ဘူး။ ရထားသွားလို့ မရသလို ကားလည်း သွားလို့ မရဘူး။ လှေလည်း သွားလို့ မရဘူး၊ ရေမရှိဘူး၊ ဗွက်တွေက နင်းလိုက်ရင် ခြေထောက် ဒူးခေါင်းလောက်ထိ မြုပ်နေတော့ သွားလို့ မရဘူး။ အဲ့ဒီနေရာကလူတွေ တကယ်ဒုက္ခရာက်တယ်။ ကိုးတောင်ဘို့နဲ့ ကောလင်းကြား တကယ်ဒုက္ခရောက်နေကြတယ်။ ကျနော်တို့လည်း မသွားနိုင်ခဲ့ဘူး၊ ဘယ်သူမှလည်း မသွားနိုင်သေးဘူး။”

တွေ့မြင်ခဲ့ရသလောက် ဘယ်သူတွေ ကူညီပေးနေလဲ၊ စစ်တပ်ကလည်း ကူညီပေးနေတယ် ကြားတယ်။

“သွားတယ်၊ သွားတယ်ဗျ။ သူတို့ ဘယ်လို ကူညီပေးလဲတော့ မသိဘူး။ ကျနော်တို့ သွားတဲ့ အချိန်မှာ ရဟတ်ယာဉ် ၂-၃ စီး တွေ့တယ်ဗျ။ ကျနော်တို့ ရောက်တဲ့အချိန် သမ္မတလည်း ကန့်ဘလူ ရောက်နေတယ်ဗျ။”

ကိုမျိုးကြီး ပြောပုံဆို ပြန်လည်ထူထောင်ရေးအတွက်ပဲ လိုအပ်တယ်ပေါ့ အကူအညီက။

“ကိုးတောင်ဘို့အထိ အစားအသောက် မခက်တော့ဘူး။ ကိုးတောင်ဘို့နားက ဇော်ချောင်းတံတားက ကျနော်ပြောသလို ပျက်သွားတာ၊ မြစ်ကြီးနားက လာတဲ့ ရထားက ကိုးတောင်ဘို့အထိ ရောက်တယ်။ အဲ့ဒီမှာ ရထားစီး ခရီးသည်တွေ ပိတ်မိနေတယ်။ ၂၀၀-၃၀၀ လောက် ရှိတယ် ပိတ်မိနေကြတာ။ ဒါပေမယ့် သူတို့အားလုံးကို ကိုးတောင်ဘို့ဆရာတော်က ကျွေးထားတယ်။ ကျနော်တို့ ရထားနဲ့ ပြန်တော့ ခရီးသည် ၄၀၀ လောက် ရထားနဲ့ ပြန်ပါလာကြတယ်။ ခရီးသည်တွေ ပြောစကားအရ သူတို့ ဟိုဘက်မှာ တော်တော်ဒုကရောက်တာ သိရတယ်။ သူတို့ ဒုက္ခရာက်နေတုန်း ကိုးတောင်ဘို့ဆရာတော်နဲ့ ရွာက သူတို့အကုန်လုံးကို ထမင်း အလကား ကျွေးထားတယ်တဲ့။”

အခု မြင်တွေ့ခဲ့ရသလောက်ပေါ့၊ ရေဘေးဒဏ်ခံခဲ့ရတဲ့ ရွာသားတွေ နောက်ဆက်တွဲ ဘယ်လို ဒဏ်တွေ ခံစားရနိုင်လဲ။

“ရေကျသွားပြီးတော့ လူတွေကတော့ ပြဿ  နာ မရှိတော့ဘူး။ အခု လောလောဆယ် ၀မ်းရောဂါအန္တရာယ် ရှိကြတယ်။ ရေမသန့်ဘူးလေ၊ သောက်ရေလည်း မရှိကြတော့ဘူး၊ ရေသန့်တွေ ၀ိုင်းလှူကြပါတယ်။ အလှူရှင် ကျနော်တို့လို အဖွဲ့တွေ ရောက်သွားတဲ့နေရာတွေက မလိုတော့ဘူး။ ကောလင်းဘက် လိုနေသေးတယ်၊ တချို့တွေ ကောလင်းဘက်က ပတ်သွားနေတယ်ပြောတယ်။ သူတို့ ရောက် မရောက်တော့ မသိသေးဘူး။”

ကိုမျိုးကြီးတို့ ကူညီတော့ ဘယ်လို အနေအထားမျိုးနဲ့ ကူညီခဲ့ရလဲ။

“ကန့်ဘလူ-ချပ်သင်း ဘက်ကတော့ ရေမရှိတော့ဘူး။ ကံကြီး အရှေ့ရွာဘက်ကျတော့ ရေက ကျနော်တို့ ရင်ခေါင်းလောက်ထိ ရှိတယ်။ ရေစီးလည်း သန်တယ်၊ ကြိုးနဲ့ ဟိုဘက်ဒီဘက် လှမ်းဆွဲပြီး တအိမ်တက်ဆင်း ပစ္စည်းတွေ လိုက်ပေးတာ။”

လူအသေအပျောက်ရှိတယ်လို့ရော ကြားခဲ့သေးလား။

“ကျနော်တို့ သွားခဲ့တဲ့ နေရာတွေတော့ အသေအပျောက် မရှိဘူး/ ကျနော်မေးကြည့်တော့လည်း မသေဘူးတဲ့။ ကျနော်သွားခဲ့တဲ့ နေရာတွေက ရေရုတ်တရက်ကြီး လွှမ်းသွားပြီးတော့ မြန်မြန်ပြန်ကျသွားတာဗျ။ အရေးကြီးတာက ရထားလမ်း ပေါက်သွားရင် ဘာမှ မလိုဘူး။ ရထားလမ်းကို ရေရှိနေတုန်းကို နေ့ရောညပါ လုပ်နေကြတာ တွေ့ရတယ်။ ရထားလမ်းဝန်ထမ်း ၆၀ နဲ့ လုပ်အားပေး ၁၀၀ ကျော်ကို  အစားအသောက်နဲ့ ရေသန့်တွေ ကျနော်တို့ ဝေခဲ့တယ်။ မန္တလေးတို့၊ မုံရွာတို့က ရထားဝန်ထမ်းတွေ တောက်လျှောက်ပြင်နေကြတယ်။”

တခြား လှူတဲ့အဖွဲ့တွေ တွေ့ခဲ့သေးလား။

“ကျနော်တို့ သွားတဲ့အချိန်မှာ ရှေ့မှာ မန္တလေးက တဖွဲ့ရှိတယ်။ သူတို့ဆီမှာ ထူးတာက လူမှုအဖွဲ့အစည်းတွေထက် ဘုန်းကြီးတွေက ဦးစီးပြီးတော့ ဝေငှ လှူဒါန်းတာဗျ။ ကိုးတောင်ဘို့ ဘုန်းကြီးလိုပေါ့နော်၊ ဒေသခံဘုန်းကြီးတွေက ကိုယ့်ရွာသားတွေကို ကြည့်နေတာဗျ။ ကျနော်တို့အဖွဲ့ကတော့ ဆန်၊ ဆီ၊ ရေသန့်နဲ့ အကုန်လှူခဲ့တာဗျ။ သိန်း ၁၇၀ ကျော်ဖိုး လှူခဲ့ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013