DVB Logo
Home
နိုင်ငံရေး
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အမတ်နေရာ ၂၅၀ ကျော် ၀င်ပြိုင်မည်- မေးမြန်းချက်
DVB
·
July 22, 2015
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အမတ်နေရာ ၂၅၀ ကျော် ၀င်ပြိုင်မည်-  မေးမြန်းချက်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီဟာ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း မဲဆန္ဒနယ် ၁၀၀၀ ကျော်အနက် ၂၅၀ ကျော်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အန်ဒီအက်ဖ်ပါတီရဲ့ ရွေးကောက်ပွဲ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ခုသီတင်းပတ်ကစလို့ ရွေးကောက်ပွဲကော်မရှင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စလျှောက်ထားလို့ ရနေပြီဆိုတော့ အန်ဒီအက်ဖ်ပါတီ အနေနဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလောင်းတွေ စလျှောက်နေပြီလား။

“ကျနော်တို့ကတော့ ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင်မှာ လျှောက်ကြဖို့တော့ ညွှန်ကြားချက် ထုတ်ထားပါတယ်။”

ခုလောလောဆယ် ပါတီက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ နေရာ ၇၀ ကျော် ၀င်ပြိုင်မယ်လို့ ကြေညာထားတာ တွေ့ပါတယ်။ ခုနောက်ဆုံး အပြီးသတ်ရွေးချယ်ထားတဲ့  ကိုယ်စားလှယ်လောင်း အရေအတွက်  တနိုင်ငံလုံးမှာ ဘယ်လောက်ရှိမလဲ။

“အဲဒါက တင်ထားတဲ့ဟာတွေကို အတည်ပြုပြီး ပြန်ထုတ်ပြန်ပေးထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ တချို့ဟာတွေက ရောက်မလာသေးဘူး။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကတော့ ထုတ်လိုက်တာ၊ ဒါတောင် အကုန်မဟုတ်သေးဘူး။  စုစုပေါင်း ကျနော်တို့ ၂၅၀ တော့ ကျော်သွားမယ်။  ၂၅၀- ၃၀၀ နီးပါးပေါ့။  ၃၀၀ တော့် မကျော်ဘူး။”

ဦးခင်မောင်ဆွေ အပါအ၀င် ပါတီခေါင်းဆောင်ပိုင်းကရော ဘယ်သူတွေက ဘယ်နေရာ တွေမှာ ၀င်ပြိုင်သွားဖို့ ရှိပါသလဲ။

“ကျနော် မ၀င်ပါဘူး။ အန်အယ်လ်ဒီပါတီက ကူးပြောင်းလာတဲ့ ခေါင်းဆောင်ဟောင်းတွေ ရွေးကောက်ပွဲ မ၀င်ပါဘူး။ ကျနော်လည်း မ၀င်ပါဘူး။  ၂၀၁၀ ကတည်းက ကျနော် မ၀င်ပါဘူး။”

အဲဒီတော့ ပါတီကို ကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလောင်းတွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဖြစ်မလဲ။ ဘယ်လို စံနှုန်းအရည်အချင်းတွေ ရှိဖို့လိုအပ်ပါသလဲ။

“နိုင်ငံရေးသွေးရှိတဲ့ လူတွေပဲ ကျနော်တို့ ရွေးပါတယ်။ ပညာအဆင့်အတန်းတို့၊ ပညာရှိတာ၊ မရှိတာထက်စာရင် နိုင်ငံရေးသွေးရှိတာ၊ နိုင်ငံနဲ့ လူမျိုးအပေါ် သစ္စာရှိတဲ့လူတွေ၊ တကယ်ပဲ ကောင်းစေချင်တဲ့လူတွေ  ဒါတွေကို အဓိကထားရွေးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ထပ်ပြီးဝင်ပြိုင်မယ်ပြောထားတဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာရော  အန်ဒီအက်ဖ်ပါတီက ဘယ်သူ ၀င်ပြိုင်မယ်ဖို့ လျာထားပါသလဲ။

“ကော့မှူးမှာ ကျနော်တို့ပါတီ ၀င်မပြိုင်ပါဘူး။ ၂၀၁၀ မှာလည်း မပြိုင်ဘူး၊ ၂၀၁၂ မှာလည်း မပြိုင်ပါဘူး။”

လာမယ့် ရွေးကောက်ပွဲမှာ အန်ဒီအက်ဖ်ပါတီ အဓိက၀င်ပြိုင်မယ့် အမာခံနယ်မြေတွေက မြန်မာနိုင်ငံ ဘယ်ဒေသ ဘယ်ပြည်နယ်၊ တိုင်းတွေ ဖြစ်မလဲ။

“ကယားရယ်၊ ရခိုင်ရယ်၊ ချင်းရယ် အဲဒီပြည်နယ်တွေမှာ ၀င်မပြိုင်ပါဘူး။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် ၁၁ ခုမှာပဲ ယှဉ်ပြိုင်မှာပါ။”

အရင် ၂၀၁၀ တုန်းက ပါတီက ၄၀ လောက်ပဲရှိတယ်၊ ခု ပါတီက ၉၀ ကျော် ၁၀၀ လောက်ရှိနေပြီ။ တိုင်းရင်းသားပါတီတွေကလည်း  အားကောင်းလာပြီဆိုတော့ ရွေးကောက်ပွဲမှာ အန်ဒီအက်ဖ်ရဲ့ အဓိက ပြိုင်ဘက်တွေက ဘယ်ပါတီတွေဖြစ်မလဲ။

“အဓိကပြိုင်ဘက်ရယ်လို့ ကျနော်သဘောမထားဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့က ပြည်သူဆီက မဲတောင်းခံမှာ၊ ပြည်သူ့ဆန္ဒကို တောင်းခံမှာ၊ ပြည်သူတွေနဲ့ ကျနော်တို့ကြားမှာ နိုင်ငံရေး အပေးအယူလုပ်ပြီးတော့ မဲတောင်းခံမှာ မဟုတ်ပါဘူး။ ပြည်သူက မနှစ်သက်ရင် တခြားပါတီ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ်။  ကျနော်တို့က ဘယ်သူ့ကို အဓိကထားပြိုင်မယ်၊ ဘယ်သူ့ကို တိုက်ခိုက်မယ်၊ ဘယ်သူ့ကို အပုပ်ချမယ်ဆိုတဲ့ ကျနော်တို့ပါတီ မူဝါဒမှာ မပါပါဘူး၊ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း မပါပါဘူး။ လူပုဂ္ဂိုလ်ကို သော်လည်းကောင်း၊ ပါတီကို သော်လည်းကောင်း အပုပ်ချတိုက်ခိုက်ပြီးတော့ ရွေးကောက်ပွဲဝင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ယုံကြည်ကိုးစားလောက်တဲ့ ကျနော်တို့ ပါတီလုပ်ဆောင်ချက်တွေ၊ လွှတ်တော်တွင်း လွှတ်တော်ပ လုပ်ဆောင်ချက်တွေ၊ ပြည်သူကို အကျိုးပြုနေတဲ့ လယ်ယာမြေကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့ဟာတွေ အထောက်အထားတွေပြပြီး ပြည်သူတွေကို စည်းရုံးသိမ်းသွင်းပြီးတော့ မဲတောင်းခံမှာဖြစ်ပါတယ်။”

ရွေးကောက်ပွဲမရှင်က ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံတွေဟာ လွတ်လပ်သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ အခင်းအကျင်းဖြစ်တယ်လို့ ထင်ပါသလား။ ရွေးကောက်ပွဲဆိုင်ရာ ဘယ်လို ပြဿ  နာတွေ စိန်ခေါ်မှုတွေ ရှိနေပါသလဲ။

“ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ စည်းမျဉ်း စည်းကမ်းတွေကတော့ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဖန်တီးထားတာပဲ။  ဒါပေမယ်လို့ တကယ့် မြေပြင်မှာကျတော့  ဘယ်လောက်ပဲ ရွေးကောက်ပွဲ ကော်မရှင်က နည်းဥပဒေတွေ၊ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ ထုတ်ပေမယ်လို့ မြေပြင်မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေကတော့  တရားမျှတမှုဆီ သွားနေတာ မတွေ့ရဘူး။”

“အာဏာရှိတဲ့ ပုဂ္ဂိုလ်၊ အခွင့်အရေးရှိတဲ့ ပုဂ္ဂိုလ်တွေက အာဏာနဲ့ အခွင့်အရေးနဲ့ အကြောက်တရားနဲ့ ဖိနှိပ်ဦးမယ်ဆိုတဲ့ လမ်းကြောင်းတွေ စပြီးပေါ်လာတာ တွေ့ရတယ်၊ မဲဆန္ဒရှင်စာရင်းတွေ မှားနေတာ၊ အိမ်ထောင်စုစာရင်းတွေ လုပ်မပေးတာ၊ မှတ်ပုံတင်မရှိလို့ သွားလျှောက်တဲ့အခါ၊ မှတ်ပုံတင်ကိစ္စကို ပါတီတွေက ကူညီဆောင်ရွက်တဲ့အခါမှာ ဒီပါတီမဲရမှာမို့လို့ ခင်ဗျားတို့ကို လုပ်မပေးနိုင်ဘူး ဆိုပြီး ဖားကန့်မှာ ကျနော်တို့ပါတီကို ညှဉ်းတာတွေရှိပါတယ်။ နောက်တခါ အကြောင်းမဲ့သက်သက် ကျနော်တို့ကို ရဲကနေ လာပြီးတော့ ဟိန်းတာ၊ ဟောက်တာတွေ တွေ့ရတဲ့ အတွက်ကြောင့်မို့လို့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ကတော့ အလားအလာမကောင်းဘူးလို့ ဒီလိုပဲ ကျနော်ပြောချင်ပါတယ်။”

မြန်မာ့နိုင်ငံရေး အထူးသဖြင့် လွှတ်တော်အခင်းအကျင်းဟာ ရွေးကောက်ပွဲအလွန်မှာ လက်ရှိ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးထားတဲ့ အနေအထားကနေ ပုံစံပြောင်းမယ့် အလားအလာ ရှိပါသလား။

“ပုံစံကတော့ ပြောင်းမှာပါ၊ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ အန်အယ်လ်ဒီပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပဲဖြစ်ဖြစ် ဘယ်ပါတီမှ နိုင်ငံတ၀န်းမှာ ၁၀၀ ရာခိုင်နှုန်း မနိုင်နိုင်ပါဘူး။ ၅၀ ရာခိုင်နှုန်းနိုင်ဖို့တောင်မှ တော်တော်ကြီး ကြိုးပမ်းကြရမယ့် အပိုင်းမှာရှိပါတယ်။ တိုင်းရင်းသားတွေနယ်မြေမှာ တိုင်းရင်းသားတွေပဲ နိုင်မှာပါ။ တိုင်းဒေသကြီးတွေမှာတော့ ပါတီတွေ ပြိုင်ကြဆိုင်ကြရမှာပေါ့ဗျာ။ ရွေးကောက်ပွဲအလွန် အခင်းအကျင်းကြည့်ရင်တော့ လွှတ်တော်ထဲမှာ အင်အားကြီးပါတီတခုတည်းက လွှမ်းမိုးမယ့် အရိပ်လက္ခဏာတော့ ကျနော်မမြင်ပါဘူး။”

ပြည်သူတွေအနေနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ အပြည့်အ၀ရဖို့နဲ့ သူတို့ဘ၀တွေ ခုထက် ပိုမိုတိုးတက်ကောင်းမွန်လာဖို့ ဒီရွေးကောက်ပွဲကနေ ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲ။

“၂၀၁၅ ရွေးကောက်ပွဲကပေါ်လာမယ့် လွှတ်တော်နဲ့ လွှတ်တော်က တင်မြှောက်တဲ့ အစိုးရကတော့ ၂၀၁၀ က ရှိခဲ့တဲ့ အစိုးရနဲ့ လွှတ်တော်ထက် ပိုသာတဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း အတူပူးတွဲပြီး လိုက်ပါလာပြီဆိုတော့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ကျနော်တို့ တည်ဆောက်ခွင့် ရလိမ့်မယ်လို့ပဲ ၂၀၁၅ အလွန်မှာ မျှော်မှန်းလို့ ရနိုင်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်။”

အန်ဒီအက်ဖ်ပါတီရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံက ဘာဖြစ်မလဲ။ အနိုင်ရရင် ဘာတွေ အဓိက ဦးစားပေးလုပ်သွားမယ်လို့  မဲဆန္ဒရှင်တွေကို ကတိပေးချင်ပါသလဲ။

“ကျနော်တို့ကတော့ ပြည်သူတွေ စားဝတ်နေရေးပြေလည်ဖို့၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေကနေ လွတ်ကင်းမှဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့  “ဒီခေတ်ကြီးကို ပြောင်းပစ်ဖို့ ခမောက်ကို မဲထည့်ကြစို့” ဒါက ရွေးကောက်ပွဲ ဆောင်ပုဒ်လုပ်ထားပါတယ်။ ပါတီဆောင်ပုဒ်ကတော့ ‘We Are Able !  ကျွန်ုပ်တို့ အန်ဒီအက်ဖ် ပြည်သူ့အတွက်စွမ်းနိုင်တယ်’   အဲဒီနည်းနဲ့ ကျနော်တို့ မဲတောင်းခံသွားမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013