DVB Logo
Home
မြန်မာသတင်း
တပြည်လုံး အပစ်ရပ်စာချုပ် အချောသတ်ဖို့ ရန်ကုန်မှာ ဆွေးနွေးကြပြီ
DVB
·
July 22, 2015
တပြည်လုံး အပစ်ရပ်စာချုပ် အချောသတ်ဖို့ ရန်ကုန်မှာ ဆွေးနွေးကြပြီ
Donate to DVB

ရရှိထားပြီးဖြစ်တဲ့ တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို အချောသတ်ဖို့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ (ယူပီဒဗလျူစီ) နဲ့ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ ရန်ကုန်မှာ ဒီမနက် စတင် ညှိနှိုင်းဆွေးနွေးကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) တို့ဟာ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးကြတာဖြစ်ပြီး ၃ ရက်ဆက်တိုက် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲပထမဆုံးနေ့မှာ မူကြမ်းကို အချောသတ်နိုင်ရေး ဆွေးနွေးကြမှာဖြစ်ပြီး မနက်ဖြန်မှာ လက်မှတ်ရေးထိုးမယ့်သူများ သတ်မှတ်မှု၊ သန်ဘက်ခါမှာ အသိသက်သေအဖြစ် တက်ရောက်သူများ သတ်မှတ်မှုတို့ကို ဆွေးနွေးကြဖို့ စီစဉ်ထားတယ်လို့ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရဘက်က ကိုယ်စားလှယ် ပြည့်ပြည့်စုံစုံ တက်ရောက်ပြီး အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဘက်က ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်တာ မတွေ့ရဘူးလို့ သူကပြောပါတယ်။

ဆွေးနွေးပွဲဖွင့်ပွဲမှာ အစိုးရဘက်က ၀န်ကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်တို့က အဖွင့်မိန့်ခွန်း ပြောကြား ကြပါ တယ်။

ဒီမိန့်ခွန်းမှာ နော်စီဖိုးရာစိန်က တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာ နိုင်ငံရေး အာမခံချက်ဟာ အင်မတန် အရေးကြီးတယ်ဆိုတာကို အခိုင်အမာ ထည့်သွင်းပြောဆိုပါတယ်။

နော်စီဖိုးရာစိန်က “မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲဖို့ဟာ အရေးကြီးတဲ့ အဆင့်တခုဖြစ်သလို ကျမတို့ တိုင်းရင်းသားတွေ အားလုံးအတွက် နိုင်ငံရေးအာမခံချက်ရှိတဲ့ အန်စီအေ (တပြည်လုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) တခုဖြစ်ဖို့ကလည်း အင်မတန်အရေးကြီးပါတယ်” လို့  ပြောဆိုခဲ့ပါတယ်။

ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့တဲ့ ၃ နှစ်တာကာလအတွင်း တိုးတက်မှုရှိတာကို ပြောဆိုသလို ကချင်ပြည်နယ်တွင်း စစ်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကိုလည်း သူက ပြောဆိုပါတယ်။ ဒါ့အပြင် လတ်တလော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကို စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နော်စီဖိုးရာစိန်က “ဒီတကြိမ် ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ခိုင်မာတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အပြီးသတ် ရေးဆွဲနိုင်ဖို့ဖြစ်တယ်။ အဲဒါကြောင့်မို့လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးဟာ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီး ဦးအောင်မင်းက အဖွင့်မိန့်ခွန်းမှာ အန်စီအေ မူကြမ်းကို ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက်တချို့ရဲ့ နောက်ကွယ်က တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေကိုလည်း နားလည်ပါကြောင်း ပြောပါတယ်။

ဦးအောင်မင်းက “ဒါတွေကို လျော့ကျစေဖို့ ကျနော်တို့ဘက်က ထပ်မံရှင်းပြဖို့လည်း ဆန္ဒရှိပါတယ်။ တချို့အချက်တွေကလည်း ထိဖို့တို့ဖို့ ပြင်ဆင်ဖို့ အခက်အခဲများစွာ ရှိပါတယ်။ ဒါပေမယ့် အန်စီအေစာချုပ် စာချောဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်သွားဖို့ ကျနော်တို့ ဆောင်ရွက်သွားနိုင်ပါတယ်။

“နံပါတ် (၂) ကတော့ လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်ရေးလို့ ဆိုတဲ့ အဆိုပြုချက် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ အန်စီစီတီနဲ့ စဆွေးနွေးကတည်းက အစိုးရဘက်က ဘယ်အဖွဲ့တွေနဲ့ ပထမဦးဆုံး လက်မှတ်ထိုးမယ်ဆိုတဲ့ ဒီမူဝါဒကို ပြောခဲ့ပါတယ်။ အခုလည်း ဒီအခြေခံအပေါ်မှာ ရပ်တည်ပြီး ပါဝင်သင့်တဲ့ အဖွဲ့တွေ ပါဝင်နိုင်တဲ့ နည်းလမ်းကို ဆွေးနွေး ညှိနှိုင်းပါမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို တံခါးပေါက်ဖွင့်ထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အင်အားစုအားလုံး ပါဝင်လာနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အစိုးရအနေနဲ့ ရွေးကောက်ပွဲပြင်ဆင်ဖို့ စက်တင်ဘာလဆန်းပိုင်းကစလို့ အလုပ်များမှာဖြစ်ပြီး ဒီမတိုင်ခင် ခိုင်မာတဲ့ သဘောတူညီချက်တခု ရရှိဖို့ အရေးကြီးကြောင်းနဲ့ မရနိုင်ခဲ့ရင် အခုလို အဖွဲ့စုံစုံလင်လင် ထပ်မံညှိဖို့ဆိုတာ နောက်တက်လာမယ့် အစိုးရပေါ်သာ မူတည်မှာဖြစ်ပြီး အဲဒီအခါ Process က အသစ်ဖြစ်သွားလိမ့်မယ့်အကြောင်း သတိပေးပြောဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့အကြား ရရှိခဲ့တဲ့ မူကြမ်းအဆင့် သဘောတူညီချက်ကို သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်တွေထံ တင်ပြရာမှာ    ဖြည့်စွက်ပြင်ဆင်ချက် ၁၅ ချက်နဲ့ မူကြမ်းကို အတည်ပြုခဲ့ပြီး ဆက်ဆွေးနွေးဖို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (အက်စ်ဒီ) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013