DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများ သီးခြား အခွင့်အရေးပေးရန် မရှိဟု ပြည်ထဲရေး ပြော
DVB
·
July 22, 2015
နိုင်ငံရေးအကျဉ်းသားများ သီးခြား အခွင့်အရေးပေးရန် မရှိဟု ပြည်ထဲရေး ပြော
Donate to DVB

နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ မရှိတဲ့အတွက် အကျဉ်းထောင်တွေမှာလည်း သီးခြား အခွင့်အရေးပေးဖို့ မရှိဘူးလို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောပါတယ်။

အကျဉ်းထောင်တွေမှာ အခွင့်ထူးခံ လူတန်းစား မရှိစေဖို့ရန် ရည်ရွယ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ၊ တော်လှန်ရေးအစိုးရ၊ တရားရေးဌာန (အကျဉ်းဌာနစု) က ၁၉၆၄ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်က စပြီး အတန်းအစား ခွဲခြားတာကို ပယ်ဖျက်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

ဇူလိုင် ၂၁ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ဒေါက်တာမေ၀င်းမြင့်ရဲ့ မေးခွန်းအပေါ် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားရပ်ကို ဥပဒေအရ ရှင်းရှင်းလင်းလင်း ဖွင့်ဆိုဖို့ မေးမြန်းခဲ့တာပါ။

“ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့လို့ မေးခဲ့တာပါ။ ယုံကြည်ချက်ကြောင့် ကျတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ တခြား ရာဇ၀တ်မှုကျူးလွန်တဲ့ အကျဉ်းသားနဲ့ ဘယ်လိုမှ မတူနိုင်ပါဘူး။  အတန်းအစား ခွဲတာကို ဖျက်သိမ်းလိုက်ပြီလို့ ပြောတယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ တခြား ရာဇ၀တ်မှု ကျူးလွန်တဲ့ အကျဉ်းသား တန်းတူညှိပြီးတော့ မစဉ်းစားသင့်ဘူး။ အဆင့်အတန်း ခွဲခြားသလို ဖြစ်မှာစိုးလို့ ဆိုတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိတယ်” လို့ ဒေါက်တာမေ၀င်းမြင့်က ပြောပါတယ်။

ပြည်ထဲရေး ဒု-၀န်ကြီးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ အရ ဘယ်သူ့ကိုမဆို ဥပဒေအရာမှာ တန်းတူညီမျှ ရစေရမယ်ဆိုတဲ့အတွက် အကျဉ်းသားတွေကို အဆင့်အတန်း ခွဲခြားတဲ့စနစ် လုပ်မယ်ဆိုရင် အခြေခံဥပဒေနဲ့ ကွဲလွဲဆန့််ကျင်နေမယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံရေး အကျဉ်းသားဆိုတာ ရိုးရိုးပဲပေါ့။ နိုင်ငံရေးအကြောင်းကြောင့် အကျဉ်းကျရင် နိုင်ငံရေး အကျဉ်းသားပဲပေါ့။ အဲဒီဟာက နည်းနည်း ရှေ့နောက် မညီဘူးထင်တယ်။ အစိုးရကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဖွဲ့ပေးတယ်မလား။ ခုမှ နိုင်ငံရေးအကျဉ်းသား ဆိုတဲ့ဟာကို အဓိပ္ပာယ်မဖွင့်ချင်ဘူးဆိုတော့ နည်းနည်း ရှေ့နောက် မညီဘူးထင်တယ်” လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အကျဉ်းထောင်ဥပဒေကြမ်းကို ဆွေးနွေးနေပြီး နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ဝေါဟာရကို ထည့်သွင်းဖို့နဲ့ အဆင့်အတန်း ခွဲထားပေးဖို့ ဆွေးနွေးတာတွေ ရှိနေပါတယ်။

“ပြည်သူ့လွှတ်တော်ကို ရောက်လာရင် ဆက်ဆွေးနွေးမယ်” လို့ ဒေါက်တာမေ၀င်းမြင့်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၆၃ ဦး ဖမ်းဆီးခံနေရပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တက်ကြွလှုပ်ရှားသူ ၄၄၂ ဦး တရားရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013