DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ် အချောသတ်ဆွေးနွေးပွဲ ရန်ကုန်မှာ စတင်
DVB
·
July 22, 2015
အပစ်ရပ်စာချုပ် အချောသတ်ဆွေးနွေးပွဲ ရန်ကုန်မှာ စတင်
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေဘက်က အဆင့်မြင့် ကိုယ်စားလှယ်တွေဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (မူကြမ်း) ကို အပြီးသတ် အချောသတ်အဆင့် ရေးဆွဲနိုင်ရေးအတွက် ဇူလိုင် ၂၂ ရက်နေ့ ရန်ကုန်မှာ ပထမဆုံးအကြိမ် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace-making Work Committee) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့ဟာ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲဟာ ဘယ်နှစ်ရက် ကြာမြင့်မယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

ဒီတွေ့ဆုံပွဲမှာ ယူပီဒဗလျူစီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ မတ်လကုန်ပိုင်းက သဘောတူခဲ့တဲ့ အန်စီအေ (မူကြမ်း) အပေါ် ပြင်ဆင်ဖြည့်စွက်ချက်တွေကို ညှိနှိုင်းပြီး အပြီးသတ် မူချောရအောင် ဆွေးနွေးမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့အကြား ရရှိခဲ့တဲ့ (မူကြမ်းအဆင့်) သဘောတူညီချက်ကို သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်တွေထံ တင်ပြဖို့ သဘောတူထားတာဖြစ်ပြီး အစိုးရဘက်ကတော့ မပြင်ဆင် မဖြည့်စွက်ဘူးလို့ အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။

အန်စီစီတီအဖွဲ့က ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ် လော်ခီးလာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ တင်ပြခဲ့ရာမှာ ထိပ်သီးခေါင်းဆောင် အစည်းအဝေးက ဖြည့်စွက်ပြင်ဆင်ချက် ၁၅ ချက်နဲ့ မူကြမ်းကို အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် အတည်ပြုမူကြမ်းကို အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးဘက် ၂ ဘက်စလုံးကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဆောလျင်စွာ ရေးထိုးလိုကြောင်း အသီးသီး ထုတ်ပြောထားကြပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ ပတ်သက်လို့ ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ အဓိကဆွေးနွေးပွဲကြီး ၇ ကြိမ် ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိသမ္မတ ဦးသိန်းစိန် လက်ထက်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကနေ တဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားရောက်ဖို့ သဘောတူညီခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်း အကုန်နီးပါးနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ထိုးခဲ့ပါတယ်။

အစိုးရသက်တမ်းကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုနှုန်း လျော့ကျပြီး ဒေသအတော်များများက ဒေသခံတွေအဖို့ စစ်ဘက်ဘေးရန် လျော့ကျသွားပေမယ့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ တိုက်ပွဲကြီးငယ် ဖြစ်ပွားမှုတွေဟာ တနှစ်မှ ရပ်နားခြင်း မရှိသေးပါဘူး။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်ရေးဆွဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ လက်ရှိအစိုးရက ကတိပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013