DVB Logo
Home
လူမှုရေး
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ
DVB
·
May 27, 2011
Donate to DVB

၂၀၁၀ ပြည့်​နှစ်အတွက် ပဒိုမန်း​ရှာလား​ဖန်း​ လူငယ်ခေါင်း​ဆောင်ဆုကို ကရင်တိုင်း​ရင်သူ အသက် ၂၆ နှစ်အရွယ် ​နော်ဒီဇင်ဘာ​ဖောကို ချီး​မြှင့်​လိုက်ပါတယ်။

ကွယ်လွန်သူ ကရင်အမျိုး​သား​အစည်း​အရုံး​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ပဒိုမန်း​ရှာလား​ဖန်း​ကို ဂုဏ်ပြုဖွဲ့​စည်း​ထား​တဲ့​ ဖန်း​ဖောင်​ဒေး​ရှင်း​ဖွဲ့​က​နေပြီး​ ပဒိုမန်း​ရှာလား​ဖန်း​ လူငယ်ခေါင်း​ဆောင်ဆုကို ထား​ဝယ်ခရိုင်ရဲ့​ ​ဆေး​ရုံအုပ်ဖြစ်သူ ​နော်ဒီဇင်ဘာ​ဖောကို ဒီက​နေ့​ ချီး​မြှင့်​လိုက်ပါတယ်။

ကရင်ပြည်တွင်း​ တ​နေရာမှာ ကျင်း​ပ​နေတဲ့​ ကရင်လူထုအစည်း​အ​ဝေး​မှာ ဒီဆုကို ချီး​မြှင့်​လိုက်တာ ဖြစ်ပါတယ်။

နော်ဒီဇင်ဘာ​ဖောဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ တနင်္သာရီတိုင်း​ ထား​ဝယ်ခရိုင်က လူထုကျန်း​မာ​ရေး​လုပ်သား​တဦး​ ဖြစ်သလို လက်ရှိ ထား​ဝယ်ခရိုင် ​ဆေး​ရုံအုပ်အဖြစ် တာဝန်ယူ​နေသူ ဖြစ်ပါတယ်။

လူထုကျန်း​မာ​ရေး​အတွက် စွမ်း​စွမ်း​တမံ ကူညီ​နေသူဖြစ်လို့​ ဆုချီး​မြှင့်​တာပါလို့​ ဖန်း​ဖောင်​ဒေး​ရှင်း​ကို တည်​ထောင်သူ ပဒိုမန်း​ရှာရဲ့​ သမီး​ငယ် နန်း​ဇိုယာဖန်း​က ​ပြောပါတယ်။

“​ရွေး​ချယ်တဲ့​အ​ကြောင်း​အရာ​တွေက​တော့​ အများ​ကြီး​ရှိပါတယ်။ ပြည်သူလူထုအတွက် သူက အင်မတန် ကြိုး​စား​ပြီး​ ကိုယ်ကျိုး​စွန့်​ပြီး​တော့​ အလုပ် လုပ်​နေပါတယ်။ တဆက်တည်း​မှာပဲ အခက်အခဲနဲ့​ ဆင်း​ရဲမှု​တွေ ကြား​မှာ သူကိုယ်တိုင် ဒီ လူမှု​ရေး​လုပ်ငန်း​တွေကို ပါဝင်ပြီး​တော့​ တက်ကြွစွာ လုပ်​ဆောင်​နေတာကို ကျမတို့​ သိရတယ်။ ပြီး​တော့​ သူက အသိအမှတ်ပြု​လောက်တဲ့​ လူငယ်​ခေါင်း​ဆောင် တ​ယောက်​ပေါ့​နော်။ အဲဒါ​ကြောင့်​ ကျမတို့​က သူ့​ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ​ရွေး​ချယ်တာ ဖြစ်ပါတယ်။”

အ​မေရိကန်​ဒေါ်လာ ၂,၀၀၀ ချီး​မြှင့်​တဲ့​ ဒီဆုကို ၂၀၀၈ ခုက စတင်ချီး​မြှင့်​လာတာ ဖြစ်ပြီး​ ​နော်ဒီဇင်ဘာ​ဖောဟာ တတိယ​မြောက် ဆုရသူဖြစ်ပါတယ်။ ​နော်ဒီဇင်ဘာ​ဖောဟာ ထား​ဝယ်​ဒေသက ရွာတရွာမှာ​မွေး​ပြီး​ သူ့​အိမ်နဲ့​ရွာကို အစိုး​ရတပ်ဖျက်ဆီး​ခံရတဲ့​အတွက် ထိုင်း​နယ်စပ်က ဒုက္ခသည်စခန်း​မှာ လာရောက်ခိုလှုံခဲ့​ပါတယ်။

 

ဒုက္ခသည်စခန်း​တွင်း​မှာပဲ ၁၀ တန်း​ ​အောင်မြင်ပြီး​နောက် နယ်စပ်မှာရှိတဲ့​ ​ဒေါက်တာစင်သီယာ​မောင်​ဆေး​ခန်း​မှာ ​ဆေး​ပညာ​လေ့​လာသင်ယူပြီး​ ထား​ဝယ်ခရိုင်မှာ လူထုကို ​ဆေး​ကုသ​ပေး​နေသူ ဖြစ်ပါတယ်။

သူ့​မိဘ​တွေက ဒုက္ခသည်စခန်း​က​နေ တတိယနိုင်ငံကို ထွက်ခွာသွား​ပေမယ့်​ သူက​တော့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ထား​ဝယ်ခရိုင်ရဲ့​ ​ဆေး​ရုံအုပ်အဖြစ် တာဝန်ဆက်ယူ​နေပါတယ်။

ကရင်မျိုး​ဆက်သစ်လူငယ်​တွေထဲက ​ဒေသတွင်း​ခေါင်း​ဆောင်ပြုနိုင်သူ၊​ ဆင်း​ရဲမှု ပ​ပျောက်​ရေး​အတွက် ​ဆောင်ရွက်နိုင်သူ၊​ ပညာ​ရေး​မြှင့်​တင်​ပေး​နိုင်သူ၊​ ဖွံ့​ဖြိုး​ရေး​အစီအစဉ်ကို မြှင့်​ပေး​နိုင်သူနဲ့​ ကရင်ယဉ်​ကျေး​မှုကို ထိန်း​သိမ်း​ ​ဆောင်ရွက်နိုင်သူကို ဒီဆု ချီး​မြှင့်​တာဖြစ်ပါတယ်။

ဆုချီး​မြှင့်​ရတဲ့​ ရည်ရွယ်ချက်နဲ့​ ပတ်သက်ပြီး​ နန့်​ဇိုယာဖန်း​က ခုလို ရှင်း​ပြပါတယ်။

“အဓိကရည်ရွယ်ချက်က​တော့​ ကျမတို့​က ဒီထူး​ချွန်တဲ့​ လူငယ်​တွေရဲ့​ လုပ်​ဆောင်ချက်​တွေကို အခြား​လူငယ်​တွေအတွက် စံနမူနာ​ကောင်း​တဲ့​ လူငယ်တ​ယောက်အ​နေနဲ့​ ကျမတို့​က ဂုဏ်ပြုတာလည်း​ ဖြစ်တယ်။ ပြီး​တော့​ ကျမတို့​ အ​ဖေနဲ့​ အ​မေ ပဒိုမန်း​ရှာလား​ဖန်း​နဲ့​ ကျမတို့​အ​မေ နန်း​ကြည်​ရွှေ နှစ်ပါး​လုံး​ရဲ့​သူတို့​ ဖြစ်ချင်တဲ့​ ဆန္ဒကို ဖြစ်​မြောက်​အောင် ကျမတို့​ သား​သမီး​တွေက ဆုကို ​ပေး​တဲ့​အ​နေနဲ့​ ကျမတို့​ မိဘ နှစ်ပါး​စလုံး​ကို ဂုဏ်ပြုတာ ဖြစ်ပါတယ်။”

ပဒိုမန်း​ရှာလား​ဖန်း​ လူငယ့်​ခေါင်း​ဆောင်ဆုကို ၂၀၀၉ ခုနှစ်အတွက် အသက် ၃၂ အရွယ် ​စောညွန့်​ဝင်း​က ရရှိခဲ့​ပြီး​ ၂၀၀၈ ခုနှစ်အတွက် ​နော်​ဖောက ဘလာထူး​ ကို ​ပေး​အပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013