DVB Logo
Home
Lead Story
ပဉ္စမံတပ်သား
DVB
·
July 21, 2015
ပဉ္စမံတပ်သား
Donate to DVB

မဏ္ဍိုင်
အင်္ဂလိပ်လို ကော်လံကို ဒီအသုံးမှာ မြန်မာလို မဏ္ဍိုင်လို့ အများကဘာသာပြန်တယ်။ အဘိဓာန်တွေမှာ အလယ်ဗဟို၊ အချက်အချာဆိုတာနဲ့ ကြီးမားကြံ့ခိုင်၍ မလှုပ်မရှား တည်သောအရာလို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ မီဒီယာဆိုတဲ့ မဏ္ဍိုင်ကြီး ၄ ခုက ထင်ရှားပါတယ်။ မြန်မာပြည်မှာ မဏ္ဍိုင်တွေအားလုံးကို စာထဲမှာသာ ထားရတဲ့ခေတ်က အတော်ကြာခဲ့တယ်။
Fifth column ပဉ္စမ မဏ္ဍိုင်ဆိုတာ စပိန်ပြည်တွင်းစစ်ကနေ စပြီး စစ်ရေးဗျူဟာအဖြစ် သုံးခဲ့တဲ့ဝေါဟာရ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး အင်မီလီယို မိုလာက စစ်ကြောင်းလေးကြောင်းက မဒရစ်မြို့ဆီ ချီတက်လာနေပြီး ထောက်ခံသူများဖြစ်တဲ့ ပဉ္စမစစ်ကြောင်းကတော့ မြို့ထဲကနေ ရီပတ်ဘလီကင် အစိုးရကို အတွင်းကနေ ဆန့်ကျင်ရေးလုပ်ကြမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ပဉ္စမ မဏ္ဍိုင်ဟာ တိုင်းပြည်တခုရဲ့ အဆုံးအဖြတ် ပေးသူတွေနဲ့ လုံခြုံရေး အတွင်းစည်းအထိ ထိုးဖောက် ၀င်ရောက်နိုင်ကြတယ်။ ကောလာဟလတွေ၊ မမှန်သတင်းတွေ၊ တန်ပြန်ထောက်လှမ်းရေးနဲ့ ဖျက်ဆီးရေး လုပ်ငန်းတွေကို စနစ်တကျလုပ်ကြတယ်။ ကြီးမားတဲ့ အစုတခုကို ဆန့်ကျင်မှုပြုတဲ့ အစုတခုကို ခေါ်ပါတယ်။ ဥပမာ တိုင်းပြည်တခု၊ မြို့တခုထဲကနေ ဆန့်ကျင်ကြတဲ့ အစုတခုဖြစ်တယ်။ ဒီအစုဟာ ထင်ထင်ပေါ်ပေါ်ဖြစ်ဖြစ် လူသူမသိအောင်ဖြစ်ဖြစ် လုပ်ကြတယ်။
အားနက်စ် ဟယ်မင်ဝေးက သူ့ရဲ့ တခုတည်းသော ပြဇာတ်ခေါင်းစဉ်ကို ပဉ္စမ မဏ္ဍိုင်လို့ ရွေးချယ်ခဲ့ပါတယ်။ တခြား စာရေးဆရာတွေကလည်း ဒီအသုံးကို အများအားဖြင့် စစ်ရေးအတွက် သုံးကြတယ်။ အမှန်က စစ်ရေးသာမက ကျယ်ပြန့်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်လ်ဒလင်း အောလ်ဘရိုက်က ဒုတိယကမ္ဘာစစ်အတွင်း ချက်ကိုဆလိုဗက်ကီးယားမှာ ဂျာမန်ကို ထောက်ခံသူတွေက အဲလိုလုပ်ခဲ့ကြောင်း ရေးဖူးတယ်။ ဒုတိယကမ္ဘာစစ် အတွင်းမှာပဲ ၁၉၄ဝ မှာ ပြင်သစ်နိုင်ငံ နာဇီလက်အောက် မြန်မြန်ဆန်ဆန် ကျရောက်ခဲ့တာဟာ ဂျာမနရဲ့ စစ်ရေးအားသာမှုထက် အဲဒီ ပဉ္စမ မဏ္ဍိုင်ကြောင့်လို့ ယူဆကြပါတယ်။ ပုလဲဆိပ်ကမ်း ဗုံးကြဲခံရတာကိုလည်း ဟာဝိုင်ယီက ပဉ္စမ မဏ္ဍိုင်ကြောင့်လို့ အမေရိကန် ရေတပ်ဝန်ကြီး ဖရင့် နောက်စ်က ထောက်ပြပါတယ်။ ဖိလစ်ပိုင်ကို ဂျပန်တွေ မသိမ်းခင်ကလည်း အဲလိုပါပဲ။

အင်အားစု
မြန်မာပြည်မှာ ပထမအကြိမ် အာဏာသိမ်းတဲ့ ၁၉၆၂ ကနေစရင် အင်အားစုဆိုတာ စစ်တပ်တခုလို့သာ ခေါ်ဆိုနိုင်ပြီး လူထုဟာ အင်အားစုရယ်လို့ စုစုစည်းစည်း မရှိခဲ့ပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ပါတီဝင်အစုနဲ့ ပါတီဝင်မဟုတ်သူလို့ ရှိပေမယ့် ပါတီဝင် မဟုတ်သူတွေမှာ စုဝေးခွင့်၊ စုစည်းခွင့် မရှိပါ။ ၁၉၈၈ မှာ ဒုတိယအကြိမ် အာဏာသိမ်းပြီးနောက် စစ်အင်အားစုသာ မကတော့ဘဲ နောက်အင်အားစုပါ ရှိလာတယ်။ နောက်ပေါ်လာတဲ့ ဒီမိုကရေစီ အင်အားစုကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်တယ်လို့ အားလုံးလိုလိုက နှစ်ပေါင်း ၂ဝ လောက်နီးပါး လက်ခံခဲ့ကြတယ်။
ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ ကြာလာပြီး ဘာမှဖြစ်မလာတော့ တတိယအင်အားစုဆိုတဲ့ အသုံးကို ပြောလာကြပြန်တယ်။ သူတို့ကိုယ်သူတို့သာ ပြောကြတာများတယ်။ အန်အယ်လ်ဒီကို မနှစ်သက်သူတွေက ဒေါ်စုတို့ လုပ်မရ၊ ဒို့မှဒို့ဆိုတဲ့ နိုင်ငံရေး မျှော်ကိုးချက်နဲ့ ကိုယ့်ဘာသာ ဆိုင်းဘုတ်ထောင်တာလို့ ယူဆပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ အသံအသစ် ထွက်လာပြန်ပါတယ်။ သမ္မတကို နောက်ခံပြုမလိုလို။ အဲဒီ အစုအဖွဲ့မျိုးကတော့ စစ်အုပ်စိုးရေးစနစ်ကို ထုံးအသစ် သုတ်ပေးဖို့ထက် မပိုပါ။

အပွင့်
အင်အားစုကို အပွင့်လို့ တင်စားခေါ်တာ ရှိပါသေးတယ်။ တိုင်းရင်းသားအစုကိုပါ ထည့်ပြီး သုံးပွင့်ဆိုင်လို့ ပြည်ပနိုင်ငံရေး လှုပ်ရှားမှုကနေ စသုံးလာခဲ့ပါတယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တစိုက်မတ်မတ် တောင်းဆိုခဲ့ကြတာ မဖြစ်ခဲ့ပါ။ အရပ်သားတပိုင်းခေတ် ပထမ ၅ နှစ်အတွင်းမှာတော့ အပွင့်တွေကို ယူနီဖောင်း ပခုံးပေါ်ကနေ ဖြုတ်လိုက်ကြပြီး နေပြည်တော်မှာ ပွင့်လာလိုက်ကြတာ မရေမတွက်နိုင်အောင်ပါ။ ၄ ပွင့်၊ ၆ ပွင့်၊ ၁၂ ပွင့်။ နေပြည်တော်မှာပွင့်တဲ့ မမွှေးသောပန်းများလို့ တင်စားခေါ်ပါတယ်။ အခုတော့ အဲဒီပန်း မျိုးတုံးသွားပြီ။

ဒေါက်တိုင်
မြန်မာပြည်မှာရှိလာတဲ့ ပဉ္စမ မဏ္ဍိုင်က သူများတိုင်းပြည်တွေဟာနဲ့ မတူပါ။ သူများဆီမှာ အာဏာရနေသူတွေကို ဆန့်ကျင်ဖို့ရာ အာဏာမရှိသူတွေကနေ ကြိုးပမ်းရတာမျိုး ဖြစ်တယ်။ မြန်မာပြည်မှာက ပြောင်းပြန်။ အဏာရှိနေသူတွေက အာဏာဆက်ယူနိုင်ရေး မွေးထားတဲ့ ဒေါက်တိုင်ဖြစ်တယ်။ လက်ရဲဇက်ရဲရှိတဲ့အပြင် အုပ်စိုးသူတွေရဲ့ အကာအကွယ်ကို ကောင်းကောင်းကြီး ရထားတယ်။ အဲဒီ ဒေါက်တိုင် ခေါ် ကော်လံက အုပ်စိုးသူတွေအတွက် မဟုတ်ဘဲ လူထုအတွက် အန္တရာယ် တကယ်ရှိပါတယ်။ လွှတ်တော်မှာလည်း မေးခွန်းထုတ်မရ။ မဲခွဲရင်လည်း သေချာပေါက်ရှုံးမယ်။
ဒီနှစ်ထဲမှာ ပြင်သစ်မဂ္ဂဇင်းတိုက်တခုကို မွတ်ဆလင် အစွန်းရောက်တွေက တိုက်ခိုက်မှု ဖြစ်ခဲ့တယ်။ အဲဒါလည်း ပြင်သစ်နိုင်ငံသား မွတ်ဆလင်တွေဖြစ်လို့ ပဉ္စမ မဏ္ဍိုင်လို့ သုံးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ယူကရိန်းထဲက ရုရှားသွေးပါသူတွေ အများစုနေထိုင်တဲ့ ဒေသကို ရုရှားက ဝင်စီးတဲ့ အခါမှာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒေသခံ ပဉ္စမ မဏ္ဍိုင်ကို အသုံးပြုတယ်လို့ မီဒီယာက သုံးပါတယ်။ အဲလို မတရားကျူးကျော်မှုကို မထောက်ခံတဲ့ ရုရှားလူမျိုးတွေကိုတော့ ဆဋ္ဌမ မဏ္ဍိုင်လို့ အလက်ဇန်ဒါ ဒူဂင် ခေါ် ရုရှားနိုင်ငံရေး သိပ္ပံပညာရှင်က သုံးလိုက်ပါတယ်။

မဟာမိတ်
၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ ပေါ်လာတဲ့ လွှတ်တော်ထဲမှာ စစ်ထွက်ပါတီနဲ့အတူ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအစုရယ်လို့ နှစ်ခု တိုးလာတယ်။ ၂ဝ၁၂ ကြားဖြတ်ပြီးလို့ အန်အယ်လ်ဒီကပါ လွှတ်တော်ထဲ ရောက်လာတော့ ဒီမိုကရေစီဆိုတဲ့ ပါတီတချို့က အန်အယ်လ်ဒီကို မဟာမိတ်ပြုဖို့ နေနေသာသာ ပြိုင်ဘက်ဆိုတာထက် ရန်သူလို ဆက်ဆံလာကြတာ တွေ့ရတယ်။ တိုင်းရင်းသား အစုကလည်း အာဏာရကို ဖေးဖေးမမ ပြောကြသူချည်းက များတယ်။ လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက စီအာပီပီ ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ နာမည်ကို ပြန်ပြီး ဂုဏ်တင်လိုက်တယ်။ အန်အယ်လ်ဒီ အလူးအလဲ ခံနေရချိန်မှာ နိုင်ငံရေးအရ အတူ ရပ်တည်ပေးခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေ ဖြစ်ကြတယ်။ အရင်ကတော့ ထောင်ကျတာမှာ မဟာမိတ်နဲ့ ကြေညာချက်နဲ့ စာအုပ်ထုတ်တာမှာသာ မဟာမိတ်ဖြစ်ခဲ့ရပြီး မကြာခင် လွှတ်တော်ထဲမှာ အန်အယ်လ်ဒီရဲ့ မဟာမိတ်ဆိုတာ ရလာပါတော့မယ်။
တတိယအင်အားစု ဆိုသူတွေဟာ အလိုတော်ရိတွေသာဖြစ်တယ်။ ဒီမိုကရေစီဘက်က အရန်အင်အားစု မဟုတ်ပါ။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပထမနဲ့ ဒုတိယနေရာတွေကို ယူနီဖောင်းဝတ်နဲ့ ယူနီဖောင်းချွတ်တွေက ရယူထားပြီး ကျန်လူတွေကိုသာ တတိယတို့ စတုတ္ထတို့ နေရာပေးပါတယ်။ ရွေးကောက်ပွဲဆိုတာ တတိယနဲ့ စတုတ္ထနေရာလုပွဲသာ ဖြစ်တယ်။
တရားမဝင်ရှိနေတဲ့ ကော်လံ ခေါ် ဒေါက်တိုင်ဟာ ပဉ္စမ မဏ္ဍိုင် ခေါ် အစိုးရကို ဆန့်ကျင်သူလည်းမဟုတ်၊ ဆဋ္ဌမ မဏ္ဍိုင် ခေါ် ကျူးကျော်သူကို ဆန့်ကျင်သူလည်း မဟုတ်ပါ။ ပဉ္စမံတပ်သားဆိုတာ သူ့လူကိုယ့်ဘက်သားလို့ ပြောဆိုကြတယ်။ ကိုယ့်လူသူ့ဘက်သားက များနေသလားမသိပါ။ မြန်မာပြည်မှာ ဟာဝိုင်ယီလို ပဉ္စမ မဏ္ဍိုင်လည်း မရှိပါစေနဲ့။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013