
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေထဲမှာ ဆက်နွှယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးရွားစွာ မြင့်တက်နေပြီး၊ ကျူးလွန်ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ် ကလေးသူငယ်တွေကနေ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုတွေအထိ ပါဝင်နေကြောင်း ကုလသမဂ္ဂရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်တွေကနေ ရှင်သန်လွတ်မြောက်လာသူတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရေရှည်ခါးစည်းခံစားနေရတဲ့အပြင်၊ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုနဲ့ အထောက်အပံ့တွေ ရယူရာမှာလည်း အဆီးအတားနဲ့ အခက်အခဲများစွာကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးရွားစွာ မြင့်တက်နေပြီး၊ ဘေးဒဏ်သင့်ဒေသတွေရှိ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၀ ရာခိုင်နှုန်းခန့်ဟာ မုဒိမ်းမှု၊ အုပ်စုဖွဲ့မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရမှုနဲ့ လူကုန်ကူးမှုတွေကို ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၁၉ ရက်က ကျရောက်ခဲ့တဲ့ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့”မှာတော့ ယူကေအစိုးရက မြန်မာနိုင်ငံအတွင်းရှိ လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေ အပါအဝင် အကြမ်းဖက်စစ်ရေးလှုပ်ရှားမှုတွေအားလုံးကို ချက်ချင်းရပ်တန့်ဖို့ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။










