DVB Logo
Home
မြန်မာသတင်း
ကရင်ပါတီများ အမတ်နေရာ ၁၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည်
DVB
·
July 20, 2015
ကရင်ပါတီများ အမတ်နေရာ ၁၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည်
Donate to DVB

၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ ကရင်တိုင်းရင်းသားပါတီတွေကနေ ကိုယ်စားလှယ်လောင်းအရေအတွက် အနည်းဆုံး ၁၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ ကရင်တိုင်းရင်းသားပါတီတွေ ကတော့ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီနဲ့ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဆိုပြီး စုစုပေါင်း ၆ ပါတီရှိပါတယ်။

ဒီအထဲက အဓိက အင်အားအကြီးဆုံးဖြစ်တဲ့ ကရင်ပြည်သူ့ပါတီကတော့ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး အပြင် ကရင်နဲ့ မွန်ပြည်နယ်တွေမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

လက်ရှိကိုယ်စားလှယ်လောင်း ၁၀၀ ကျော်ကို ရွေးချယ်ထားပြီဖြစ်ပြီး ကရင်တိုင်းရင်းသား ရေးရာ ၀န်ကြီး ၅ နေရာ စလုံး ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ စောစေးဝါးက ဒီဗွီဘီကို ပြောပါတယ်။
“လူ ၁၀၀ ကျော် ၀င်မယ်။ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ရယ်အဲဒီနေရာတွေ ၀င်ပြိုင်မယ်။ ကိုယ်စားလှယ်လောင်းကို ၁၁၀ လောက် ရွေးချယ်ထားတယ်။ ဒါပေမယ့် အတည်မပြုရ သေးဘူး။”
ကရင်ပြည်သူ့ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ၅ နေရာ အပါအဝင် မဲဆန္ဒနယ် ၄၂နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၂နေရာ အပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၆ဦး အနိုင်ရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်ဘားအံမှာ အခြေစိုက်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကတော့ ကရင်ပြည်နယ်ထဲမှာ မဲဆန္ဒနယ်မြေအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်သလို မွန်ပြည်နယ်ထဲမှာ လည်း ၉ နေရာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
“ကရင်ပြည်နယ်မှာ လွှတ်တော်ဆင့်ဆင့်အားလုံး ၃၃ နေရာရှိတယ်။ နောက်ပြီးတော့ တိုင်းရင်း သားက ၃ နေရာ အားလုံး ၃၆ နေရာပေါ့။ အဲဒီ ၃၆ နေရာစလုံး ကရင်ပြည်နယ်မှာ ၀င်မယ်။ ပြီးတော့ မွန်ပြည်နယ်က ကြိုက်မရောနဲ့ ပေါင်မြို့နယ်မှာဝင်မယ်။ အလားလုံး ၈ နေရာရှိတယ်။ ပြီးတော့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ အလုံး ၉ နေရာပေါ့။”

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကို ၂ဝ၁ဝ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၀ ရွေး ကောက်ပွဲမှာ မဲဆန္ဒနယ် ၁၈ ခု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၉ နေရာ အနိုင်ရရှိခဲ့ပါတယ်။

အလားတူ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ကရင်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၁၄ ခုမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစောသန်းကျော်ဦးက ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေကတော့ ဒီကနေ့ပဲအစည်းအဝေးထိုင်တယ်။ အာလုံး ကရင်ပြည်နယ် မှာ ၁၄ နေရာတော့ ၀င်ဖို့ရှိတာပေါ့လေ။ ကရင်ပြည်နယ်မှာက ပအို့တိုင်းရင်းသား ၃ နေရာ ရှိတာကို လောလောဆယ် အဆိုပြုထားတာ ၁ ဦးပဲရှိသေးတယ်။ ”

ရန်ကုန်မြို့ အင်းစိန်မှာ အခြေစိုက် ကရင်အမျိုးသားပါတီ အနေနဲ့ကတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူတိုင်းအတွင်းမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပေမယ် အတိအကျ မသတ်မှတ်ရသေးဘူးလို့ ပါတီဥက္ကဋ္ဌ မန်းသိန်းဆွေ ကပြောပါတယ်။ ကရင်အမျိုးသားပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ပါတီထူထောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လကမှ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ရခဲ့တဲ့ ဘားအံအခြေစိုက် စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ အနေနဲ့ကတော့ လာမယ့်ရွေး ကောက်ပွဲမှာ ကရင်ပြည်နယ်က မဲဆန္ဒနယ် ၆ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဒု-ခေါင်းဆောင် ဦးမြတ်စိုးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၁၁ ရက်နေ့က ကိုယ်စားလှယ် ၆ ယောက်ရွေးလိုက်တယ်။ အမျိုး သမီး ၂ ယောက်ပါ တယ်။ ဘယ်ဆန္ဒနယ်မှာ ရွေးမယ်ဆိုတာတော့ အတိအကျမသိရသေးဘူး။”
စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ ဦးဆောင်ကော်မီတီဟာ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်ဟောင်းတွေနဲ့ ဖွဲစည်းထားတာဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်ကျင်းပမယ်လို့ ကြေညာထားတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုမယ့်နိုင်ငံရေးပါတီပေါင်း ၁၀၀ နီးပါးရှိနေပြီး ဒီအထဲမှာ တိုင်းရင်း သားပါတီတွေက အများစုဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013