DVB Logo
Home
နိုင်ငံရေး
စစ်ခွေးတိုက်မှ နိုင်ငံရေးအကျဉ်းသမားများကို အဆောင်ပြန်ပို့
DVB
·
May 27, 2011
Donate to DVB

အင်း​စိန်အကျဉ်း​ထောင်အတွင်း​ အကျဉ်း​သား​အခွင့်​အ​ရေး​ ​တောင်း​ဆိုပြီး​ အစာငတ်ခံဆန္ဒပြလို့​ စစ်​ခွေး​တိုက် အပို့​ခံရတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို သူတို့​အ​ဆောင် ပြန်ပို့​လိုက်ပါတယ်။

အစာငတ်ခံဆန္ဒပြလို့​ တိုက်ပိတ်ခံရတဲ့​သူရဲ့​ မိသား​စုဝင်တချို့​ ဒီ​နေ့​ ​နေ့​ခင်း​ပိုင်း ထောင်ဝင်စာသွား​တွေ့​ရာမှာ ​ထောင်ဝင်စာ​တွေ့​ခွင့်​ရပြီး​ သူတို့​ကို အ​ဆောင် ပြန်ပို့​ကြောင်း​ သိရတာလို့​ နိုင်ငံသား​မိသား​စုများ​ အကျိုး​ဆောင်ကွန်ရက် ပြောခွင့်​ရသူတဦး​က ​ပြောပါတယ်။

အစာငတ်ခံဆန္ဒပြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​ထောင်ပိုင်က ​တွေ့​ဆုံပြီး​ လိုက်​လျောမှုတချို့​ ​ပေး​ခဲ့​တယ်လို့​ သူက အခုလို ရှင်း​ပြပါတယ်။

“​ထောင်ထဲဥပ​ဒေ​ဘောင်ထဲက ရသင့်​တယ်ဆိုတဲ့​ အချက် ၆ ချက်ကို ​တောင်း​ဆိုတဲ့​ ၂၁ ရက်​နေ့​ တိုက်ပွဲမှာ ပါဝင်တဲ့​ လူ​တွေရဲ့​ အ​ခြေအ​နေကိုလည်း​ ကျ​နော်တို့​ သိရပါတယ်။ မ​နေ့​က ​နေ့​ခင်း​ပိုင်း​လောက်မှာ ညွှန်ကြား​ရေး​မှူး​ချုပ် ဦး​ဇော်ဝင်း​နဲ့​ ​ထောင်ပိုင် ဦး​သက်ရှည်က ​ထောင်ထဲကို ဝင်​ရောက်လာပြီး​ ထမင်း​ဝိုင်း​မှာ ခုံ​တွေချပြီး​တော့​ အစာငတ်ခံ ဆန္ဒပြ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၀ ​ယောက်​လောက်နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​လိုက်တယ်လို့​ သတင်း​ကြား​ရတယ်။ အခုမနက်မှာ ​ထောင်ဝင်စာသွား​တွေ့​လို့​ ကြား​ရတဲ့​သတင်း​က အ​ဆောင်ကို အကုန်လုံး​ပြန်​ရောက်လာတယ်။ ပြဿနာ​တွေ အား​လုံး​ အဆင်​ပြေသွား​တယ်လို့​ ကြား​သိရတယ်။”

အခုလ ၂၁ ရက်​နေ့​ စတင်ဆန္ဒပြတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေရဲ့​ အ​ခြေ​နေကိုသာ သိရပြီး​ အခုလ ၁၇ ရက်​နေ့​တုန်း​က သမ္မတ ဦး​သိန်း​စိန်ရဲ့

လွတ်ငြိမ်း​ချမ်း​သာခွင့်​အ​ပေါ် မ​ကျေနပ်လို့​ အစာငတ်ခံ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သူ​တွေရဲ့​ အ​ခြေအ​နေကို​တော့​ မသိရ​သေး​ဘူး​လို့​ သူက ​ပြောပါတယ်။

ထောင်အာဏာပိုင်​တွေအ​နေနဲ့​ အရင်တုန်း​က အကျဉ်း​သား​တွေရဲ့​ ​တောင်း​ဆိုချက်​တွေ လိုက်​လျော့​ပြီး​ ​မေ့​ပျောက်တဲ့​အချိန်ရရင် ပြန်ပြီး​အပြစ်ယူ​လေ့​ ရှိတဲ့​အတွက် အဲဒီနိုင်ငံ​ရေး​အကျဉ်း​သား​တွေအတွက် စိုး​ရိမ်း​ပူပန်​နေရတယ်လို့​လည်း​ ဆိုပါတယ်။

“​တောင်း​ဆိုချက်​တွေကို အဓိကကျတဲ့​ အချက်​တွေကို လိုက်​လျော​လေ့​ မရှိဘဲနဲ့​ အ​သေး​အဖွဲ​တွေကိုပဲ လိုက်​လျောတယ်။ ​မေ့​လောက်​တော့​တဲ့​အခါကျမှ ​ထောင်​ပြောင်း​တွေ ထည့်​ပစ်တယ်ဆိုတာမျိုး​တွေ ဖြစ်ပါတယ်။ ဒါအရင်လက်ထက်က လုပ်ခဲ့​တဲ့​ အစဉ်အလာ​တွေပါ။ အဲဒီအတွက် ကျ​နော်တို့​မှာ စိုး​ရိမ်ပူပန်မှု​တွေ ရှိ​နေပါတယ်။ အခုဟာကလည်း​ ​တွေ့​ခွင့်​ရခဲ့​တယ်ဆိုတာက တမိသား​စုပဲ ​တွေ့​ခွင့်​ရခဲ့​တာပါ။ ကျန်တဲ့​ဟာက ပါဆယ်ပဲ ရှိ​သေး​တယ်။ ကျန်တဲ့​မိသား​စု​တွေက မနက်ဖြန်၊​ သဘက်ခါ​တွေမှ သွား​တွေ့​ရမှာ ဖြစ်တဲ့​အတွက် အား​လုံး​ရဲ့​ အ​သေး​စိတ် အစီအစဉ်​တွေကို ​စောင့်​ကြည့်​ရဦး​မှာပါ။”

မေလ ၂၁ ရက်​နေ့​က နိုင်ငံ​ရေး​အကျဉ်း​သား​တွေအ​နေနဲ့​ အစား​အစာ ​နေရာထိုင်ခင်း​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု​တွေ ​ကောင်း​မွန်မှုမရှိတဲ့​အတွက် အကျဉ်း​သား​အခွင့်​အ​ရေး​ရရှိဖို့​ အင်း​စိန်​ထောင်တွင်း​ ​ထောင်အာဏာပိုင်​တွေထံ တရား​ဝင်စာပို့​ ​တောင်း​ဆိုခဲ့​တာပါ။

နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၂ ဦး​က ပထမအဆင့်​ အခန်း​ထဲက အပြင်မထွက် ဆန္ဒပြခဲ့​ပြီး​ အဲဒီ​တောင်း​ဆိုချက်​တွေ မရရှိတဲ့​အတွက် ​နောက်တဆင့်​အဖြစ် ၁၇ ဦး​က အစာငတ်ခံ ဆန္ဒပြခဲ့​ကြတာပါ။ အဲဒီထဲက နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၄ ဦး​ကို အင်း​စိန် အကျဉ်း​ထောင်တွင်း​ အပြင်း​ထန်ဆုံး​ ညှဉ်း​ပန်း​နှိပ်စက်ရာဖြစ်တဲ့​ စစ်​ခွေး​တိုက်ကို ပို့​ဆောင်ခဲ့​ပါတယ်။

က​လေး​မြို့​အကျဉ်း​ထောင်မှာလည်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ရော ရိုး​ရိုး​အကျဉ်း​သား​ ၈ ဦး​ဟာ ​ထောင်ဝင်စာ​တွေ့​တဲ့​ မိသား​စုနဲ့​ လွတ်လပ်စွာ စကား​ပြောဆိုခွင့်၊​ အ​ဝေး​နေ မိသား​စိုကို ၁၀ ရက်တကြိမ် ၁၀ မိနစ် ဖုန်း​ဆက်သွယ်၊​ ​ရေဒီယို ရုပ်မြင်သံကြား​ လွတ်လပ်စွာ ကြည့်​ရှုနား​ထောင်ခွင့်​နဲ့​ အကျဉ်း​ထောင် အက်ဥပ​ဒေပါ အခွင့်​အ​ရေး​များ​၊​ ​နောက်ဆက်တွဲ ညွှန်ကြား​ချက်များ​ပါ အခွင့်​အ​ရေး​များ​အတိုင်း​ တသ​ဝေမတိမ်း​ ရရှိခံစား​ခွင့်​ စတဲ့​အချက်​လေး​ချက်ကို ​တောင်း​ဆိုခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013