
တရုတ်နိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ISP-Myanmar ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှု ရပ်တန့်ဖို့ မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေး အင်အားစု (SIF) က တရုတ်အစိုးရထံ သြဂုတ် ၄ ရက် နေ့စွဲနဲ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတော်လုံခြုံရေး ထိခိုက်စေမှု၊ သူလျှိုလုပ်ဆောင်မှု စွပ်စွဲချက်တွေနဲ့ ဇွန်လ ပထမအပတ်က ကူမင်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဦးမင်းဇင်ကို နိုင်ငံတကာဥပဒေ၊ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပြန်လည်သုံးသပ်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ၊ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်တာ၊ ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းတာတွေကို ချက်ချင်းရပ်တန့်ဖို့လည်း တောင်းဆိုပါတယ်။
ဒါ့အပြင် ပြည်သူအများ ဆန့်ကျင်နေတဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ စာချုပ်ချုပ်ဆိုတာ၊ မြေရှားသတ္တုနဲ့ BRI စီမံကိန်းတွေ အပါအဝင် စီးပွားရေးအကျိုးစီးပွားအတွက် ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေတဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်ဖို့ မြန်မာပြည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ နိုင်ငံရေးအဖြေရှာမှုတွေကို အပြုသဘော အားပေးထောက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။
မြန်မာ့နိုင်ငံရေးကို လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှု သံသယနဲ့ ဖမ်းဆီးထားတာလို့ တရုတ်နိုင်ငံခြားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၂ ရက်မှာ ပြောကြားထားပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ကတော့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပြီး အထောက်အထားမဲ့ အခြေအမြစ်မရှိ စွပ်စွဲချက်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ထားပါတယ်။










