DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားယူမည့်သတင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြင်းဆို
DVB
·
July 20, 2015
အငြိမ်းစားယူမည့်သတင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြင်းဆို
Donate to DVB

သမ္မတတာဝန် ထမ်းဆောင်ဖို့ တပ်မတော်က အငြိမ်းစားယူမယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဘီဘီစီ သတင်းဌာနနဲ့ နေပြည်တော်မှာ သီးသန့်တွေ့ဆုံ မေးမြန်းရာမှာ ပြောကြားခဲ့တာဖြစ်ပြီး သမ္မတတာဝန်ထမ်းဆောင်ဖို့ ပြည်သူက တောင်းဆိုမှုရှိလာတဲ့ အခြေအနေကျရင် ပြောသွားမယ်လို့ လည်း တပ်မတော်အကြီးအကဲက ဖြေကြားသွားပါတယ်။

“ဒီနှစ် အငြိမ်းစားယူမယ်ဆိုတာတော့ မဟုတ်ဘူး။ ၂၀၁၆ ခုနှစ်မှ ကျနော် အသက် ၆၀ ပြည့်မှာဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ်ဟာ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ သမ္မတ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး စောင့်ကြည့်အကဲခတ်တွေက ခန့်မှန်းထားသူတွေထဲမှာ တဦးအပါအ၀င်ဖြစ်ပြီး ရွေးကောက်ပွဲမတိုင်ခင် အငြိမ်းစားယူကာ ကာကွယ်ရေးဦးစီးချုပ်သစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ခုလို ပြောကြားလိုက်တာပါ။

လာမယ့် မတ်လမှာ ပြည်ထောင်စုလွှတ်တော်က သမ္မတအဖြစ် အဆိုပြုမယ်ဆိုရင် ဘယ်လိုဆန္ဒရှိပါသလဲဆိုတဲ့ မေးမြန်းချက်ကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူတို့အဆိုပြုနိုင်တဲ့ အခြေအနေမျိုးရှိဖို့က နံပါတ်တစ်အချက် အရေးကြီးပါတယ်။ အဲဒီတော့ ခင်ဗျားက ထင်ခဲ့ရင်လို့ မေးတာပေါ့။ ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ ဆန္ဒပြုပေးခဲ့ရင် ဆိုပြီးတော့။ ပေးမယ်၊ မပေးဘူး ဆိုတာတော့ အဲဒီအချိန်ကျမှပဲ သိနိုင်မယ်။ အဲဒီကျမှ ကျနော် ပြောလို့ရပါမယ်။ အခုတော့ ဒါတွေက စိတ်ကူးယဉ်ပြီးတော့ လျှောက်ပြောလို့လည်းမဖြစ်ဘူး။” လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ  ရွေးကောက်ပွဲလဒ်ကို ကြေညာလိုက်ပြီဆိုရင် လက်ခံရမှာဖြစ်တဲ့ အကြောင်းနဲ့ ဘယ်သူ အနိုင်ရရ တရားနည်းလမ်းကျကျနဲ့ ရလာတဲ့ ရလဒ်မှန်သမျှ လက်ခံသွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး ပြောကြားသွားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးမယ်? မပေးဘူး ဆိုတာကိုတော့ တပ်မတော် အကြီးအကဲက ပြောမသွားသလို သမ္မတ အပါအ၀င် လက်ရှိ တိုင်းပြည်မှာ ထိပ်ပိုင်း တာဝန်ယူထားတဲ့ ဘယ်ခေါင်းဆောင်ကမှလည်း  ကတိပေး ပြောကြားထားတာ မရှိသေးပါဘူး။

၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတုန်းကတော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော် အသိအမှတ်ပြုခဲ့ခြင်း မရှိဘဲ နှစ်ပေါင်း ၂၀ ကြာ စစ်တပ်က အာဏာသိမ်းထားတဲ့ သမိုင်းအမည်းစက် ရှိခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013