DVB Logo
Home
မြန်မာသတင်း
၈၈ (ငြိမ်းပွင့်) နှင့် တတ်သိပညာရှင်များ အန်အယ်လ်ဒီ ကိုယ်စားပြု ယှဉ်ပြိုင်မည်
DVB
·
July 20, 2015
၈၈ (ငြိမ်းပွင့်) နှင့် တတ်သိပညာရှင်များ အန်အယ်လ်ဒီ ကိုယ်စားပြု ယှဉ်ပြိုင်မည်
Donate to DVB

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အနည်းဆုံး ၂၂ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားတယ်လို့ အဆိုပါအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးပြုံးချို၊ ဦးဉာဏ်လင်း၊ ဦးဇော်မင်း၊ ဦးအောင်သူ၊ ဦးပဏ္ဍိတ်ထွန်းတို့ ပါဝင်သလို  အမျိုးသမီး အဖွဲ့ဝင်တွေထဲက ဒေါ်မီးမီး၊ ဒေါ်မာမာဦး၊ ဒေါ်သက်သက်အောင်နဲ့ နယ်မှ အမျိုးသမီးနှစ်ဦး စာရင်းပေးရာမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့တတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းနဲ့ တရားဝင် ကြေညာချိန် မရောက်သေးတဲ့အတွက် ပြောဆိုသူက အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ဖို့ အဆိုပြုထားတဲ့ ၈၈ (ငြိမ်းပွင့်) အလုပ်သမားရေးရာ တာဝန်ခံ ဒေါ်သက်သက်အောင်က “ကျမရဲ့ ဆုံးဖြတ်ချက်အရဆိုရင် လွှတ်တော်တွင်း လွှတ်တော်ပ ဆိုတာ ဟန်ချက်ညီညီ သွားရမယ်ဆိုတာ ကျမတို့ ပြောထားပါတယ်။ တခုရှိတာက ကျမအနေနဲ့ လွှတ်တော်တွင်းကို ဘာကြောင့် ရွေးချယ်လဲဆိုရင် လက်ရှိမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ အဓိက ကျပါတယ်။ အဲဒီအတွက် ကျမ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ နောက်တခုက ကျမတို့ပြည်သူတွေအတွက် ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့ ကျမတို့ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်နိုင်ဖို့အတွက် ဆိုပြီးတော့ ကျမက ရွေးကောက်ပွဲကို ၀င်၊ လွှတ်တော်အတွင်းကို ၀င်ရောက်ခြင်းဖြစ်ပါတယ်ရှင့်” လို့ ပြောပါတယ်။

အဆိုပါ စာရင်းပေးသူတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ကိုယ်စားလှယ်လောင်း သတ်မှတ်တဲ့ နှုန်းစံတွေနဲ့အညီ ပါဝင်နိုင်အောင် နှစ်ဘက်ညိနှိုင်း ဆောင်ရွက်နေကြဆဲဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းပွင့်) တာဝန်ရှိသူတဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူတွေထဲမှာ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှု ကွန်ရက် (အန်အန်အီးအာရ်) ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်၊ နိုင်ငံရေးသိပ္ပံကျောင်းက ဒေါ်ဇင်မာအောင်၊ ဘလော့ဂါ နေဘုန်းလတ်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒေါက်တာသိန်းလွင်က “ကျနော့်ကို ပဲခူးတိုင်းက ခေါ်ထားတာ ကြာလှပြီ။ ဒါပေမယ့် အဖွဲ့ချုပ်က ဘယ်လိုသဘောထားမယ်မသိတော့ စောင့်နေတယ်။ မနေ့ကတော့ အဖွဲ့ချုပ်က ကျနော့်ကို ကိုယ်စားလှယ်လောင်း လျှောက်ပါလို့ ပြောလိုက်တော့ ပဲခူးက ရွှေကျင်မှာက ပြည်သူ့လွှတ်တော်မှာ လူလိုနေတယ်။ အဲဒါနဲ့ ပဲခူးတိုင်း ရွှေကျင်အတွက် လျှောက်လွှာတင်ထားတယ်” လို့ ပြောပါတယ်။

“ရွေးကောက်ခံခဲ့ရရင်တော့ လွှတ်တော်ထဲမှာ ကျနော် ပညာရေးပြောင်းလဲဖို့အတွက် ပိုပြီးတော့ ပြောနိုင်ဆိုနိုင်ခွင့်ရှိမယ်။ နောက် ဥပဒေရေးဆွဲတဲ့နေရာမှာ ကိုယ်တိုင်ပါဝင်နိုင်ခွင့်ရှိမယ်” လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့အတွင်း ကော်မရှင်ကို တင်သွင်းရမှာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဓိက ပြိုင်ဘက်တွေကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ မဲဆန္ဒနယ် အကုန်နီးပါးမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013