DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းရှိ ရေကြီး သည့် ရွာများ အကူအညီလိုအပ်
DVB
·
July 19, 2015
စစ်ကိုင်းတိုင်းရှိ ရေကြီး သည့် ရွာများ အကူအညီလိုအပ်
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူနဲ့ ကော့လင်းမြို့နယ်အတွင်းမှာ ရေကြီးနေတဲ့အတွက် ရွာတချို့ အကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာက အိမ်ခြေ ၁၀၀၀ အနက် ခန့်မှန်းခြေ ၄၀၀ နီးပါး ရေမြုပ်သွားသလို ရေဘေးဒုက္ခသည်တွေကို ရွာမြောက်ဘက် ရေမရောက်တဲ့ သိမ်ကျောင်း ဘုန်းကြီးကျောင်းမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားပေးတယ်လို့ ချပ်သင်းရွာက ရေဝန်းကျောင်းဆရာတော် ဦးဇောတက မိန့်ပါတယ်။

“ကယ်ဆယ်ရေး စခန်းဖွင့်ပြီး ဆွဲထုတ်ပြီး ကယ်ထားရတယ်။ ထမင်းကျွေးထားတယ်။ ဆေးကုပေးထားတယ်။ ရေတက်တာကတော့ တန့်နေတယ်။နည်းနည်းကျသွားတယ်။ ကျသွားပြီမှ တန့်နေတယ်။  စိတ်ချလက်ချနေလို့ ရတဲ့ အခြေအနေကတော့ မရှိသေးဘူး”လို့ သူက မိန့်ပါတယ်။

ချပ်သင်းရွာမှာတော့ အခြေအနေက တည်ငြိမ်လာပြီ ဖြစ်သလို အကူအညီတောင်းခံလာတဲ့ ရွာရဲ့ မြောက်ဘက် ပေါက်ထိန်ကုန်းမှာတော့ အိမ် ၄ လုံး ရေထဲပါသွားပြီး မြွေကိုက်ခံရတဲ့ လူနာတဦးလည်း ဆေးရုံ တင်ထားရတယ်လို့ သွားရောက်ကူညီနေတဲ့ ဦးဇောတက မိန့်ပါတယ်။

ကန့်ဘလူခရိုင် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း ကူညီဖို့ ရောက်လာသလို တချို့ တ၀က်ကို ချပ်သင်းမှာထားပြီး တချို့တ၀က်ကို ပေါက်ထိန်ကုန်းကို ခေါ်လာတယ်လို့ ဆိုပါတယ်။

ချပ်သင်းဒေသတ၀ိုက်မှာ မိုးခေါင်တာ ၃ နှစ်ရှိပြီ ဖြစ်သလို စိုက်ပျိုးမယ့်အချိန်မှာ ရေကြီးတဲ့ အတွက် မျိုးစပါးနဲ့ စိုက်စရိတ်တွေ ဆုံးရှုံးသွားတဲ့ အတွက် ရေရှည်ပြဿ နာ ဖြစ်လာတယ်လို့ ဦးဇောတက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်ကစပြီး မိုးအဆက်မပြတ်ရွာတဲ့အတွက် ကန့်ဘလူမြို့နယ်၊ အင်းမကျေးရွာအနီးရှိ မင်းမြင်ဆည် ရေမြင့်တက်ပြီး ဆည်အနီးတ၀ိုက်က ချပ်သင်း၊ အင်းမတောင်၊ ညောင်ကုန်းနဲ့ ဟင်သော် ကျေးရွာက လူနေအိမ်တွေ ရေနစ်မြုပ်ခဲ့ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ရေကြီးရေလျှံမှုကြောင့် ကန့်ဘလူ ကျွန်းလှ-ကောလင်း မော်တော်ကားလမ်းကလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ရတယ်လို့ သတင်းက ရေးပါတယ်။

မနေ့ညက တပ်မတော်သားတွေက သဲအိတ်တွေကို မင်းမြင်ဆည်ဘောင်ပေါ်မှာ ချသွားတဲ့ အတွက် လက်ရှိအခြေအနေမှာတော့ မင်းမြင်ဆည်ဘောင်ပေါ်ရေကျော်တာက ရပ်သွားပြီလို့ မင်းမြင်ဆည်အနီးနားက ရွာသားတဦးက ပြောပါတယ်။

“လောလောဆယ် ယာယီပေါ့ဗျာ၊ ဘေးလွတ်ရာကို ရွှေ့ထားရတဲ့ ရွာလေးတွေတော့ ရှိပါတယ်။ မင်းမြင်ချောင်းကြီး ၀ဲယာက ကျေးရွာတွေကလည်း နီးစပ်ရာ ကုန်းမြင့်ပိုင်းတွေကို ရွေ့နေရတယ်”လို့ သူက ပြောပါတယ်။

မင်းမြင်ဆည် အနီးတ၀ိုက်က ရွာ ၅ ရွာကလည်း ဘေးလွှတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကော့လင်းမြို့နယ်မှာလည်း အထက် ၀န်းသိုဘက်က ရေတွေဆင်းလာသလို မိုးကြီးတဲ့အတွက် ရွှေလံချောင်းနဲ့ ခေါပင်ချောင်းက ရေလျံစီးဆင်းလာပြီး ရေကြီးဒဏ်ကို ခံရတာလို့ ကျောက္ကာကျေးရွာက ဦးသိန်းအောင်က ရှင်းပြပါတယ်။

“နောက်ဆုံးအနေနဲ့ကတော့ ကျောက္ကာရွာနောက်က ရေထဲရောက်နေပြီ။ ရေထုက တအားများတယ်။ မကြုံဖူးသေးဘူး။ ဘေးရွာက တောင်ယာကြီးတောတို့ ဆီဆုံတို့ သရက်ခုံတို့ ကျနော်တို့ဆီမှာ လာနေတယ်။ လူတွေက တအားဒုက္ခ ဖြစ်နေတယ်။ ဘုန်းကြီးကျောင်းမှာ ရောက်နေကျတယ်။ လူဦးရေကတော့ အားလုံးပေါင်းဆိုရင် ၂၀၀ ကျော်မယ်။ နီးစပ်ရာနီးစပ်ရာ ဆွေမျိုးရှိရာလာကြတယ် ”လို့ သူက ပြောပါတယ်။

ကျောက္ကာ ပတ်ဝန်းကျင်က အနိမ့်ပိုင်းမှာရှိတဲ့ ရွာတော်တော်များများ ရေမြုပ်ကုန်တာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ နီးစပ်ရာရွာတွေမှာ ခိုလှုံနေတယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်မှာ မိုးများလို့ လယ်ဧက ၉၀၀၀ ကျော် ရေလွှမ်းခံထားရတယ်လို့ ပြန်ကြားရေးသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ရွာအစွန်ကတော့ ရေတွေဝင်သလို ရွာအလယ်မြင့်တဲ့နေရာကတော့ ရေမ၀င်သလို လက်ရှိ အခြေအနေအရတော့ ရေတန့်နေဆဲဖြစ်ပြီး မိုးဆက်မရွာရင်တော့ ရေလျော့သွားနိုင်တယ်လို့ ရေ၀ိုင်းခံထားရတဲ့ ပန်းတင်ကျေးရွာက ဦးမြင့်ဌေးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဌာန တိုင်းဦးစီးမှူး ဦးဝင်းမြိုင်က ရဲတပ်ကြပ်တဦး တံတားတွေ ကျိုးမကျိုး သွားရောက်စစ်ဆေးစဉ် ချော်ကျပြီး ဆုံးသွားတယ်လို့ ပြောပါတယ်။

“ဒေသကနေပြီး ဆောင်ရွက်ထားတဲ့ တဖတ်ရပ် ချောင်းပိတ်ဆည်လေးတွေပေါ့ အဲဒါတွေ ကျိုးတာပါ။ ကျန်တဲ့ ဆည်ကြီးတွေ ကြိုးတာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ဘုတလင်မြို့နယ်မှာလည်း မိုးသည်းတဲ့အတွက် တောင်ကျင်း ကျေးရွာနားက သစ်ခဲချောင်း ရေလှောင်တမံဟာ ဇူလိုင် ၁၈ ရက် မနက်ပိုင်းက ရေလျှံခဲ့ပြီး တမံပေ ၁၅ဝ လောက် ကျိုးပေါက်ခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ပါတယ်။

ဒီလိုရေလျှံတဲ့အတွက် တမံအောက်ရှိ တောင်ကျင်း၊ ဂွေးပင်ကျင်း၊ လက်ယက် တွင်းနဲ့ အင်ကြင်းမ ကျေးရွာတွေမှာ ရေ၀င်ရောက်ခဲ့သလို အန္တရာယ်ရှိတဲ့ တောင်ကျင်းကျေးရွာက လူဦးရေ ၂၃၅ ဦးကို ခေတ္တပြောင်းရွှေ့နေရာ ချထားပေးရတယ်လို့ သတင်းက ရေးပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကျွန်းလှ၊ ဘုတလင်၊ ကော့လင်းနဲ့ ကန်ဘလူ မြို့နယ်တွေမှာ မိုးများတဲ့ အတွက် ရေကြီးရေလျှံတာတွေ ဖြစ်ပွားနေပါတယ်။

ဓာတ်ပုံ - ကန့်ဘလူသတင်းစုံဖေ့စ်ဘွတ်ခ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013