
ရွေးကောက်ပွဲလုပ်ဖို့ရှိတဲ့ ၂၀၁၅ ခု၊ ၆၈ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှာ တိုင်းပြည်ခေါင်းဆောင်တွေ ကဏ္ဍအသီးသီးကနေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ရန်ကုန်၊ အာဇာနည်ဗိမာန်က ၆၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ တက်ရောက် အလေးပြုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း မိသားစုဝင်တဦးအနေနဲ့ တက်ရောက် ဂါရ၀ပြုခဲ့တာဖြစ်ပြီး ဒုသမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့က အစိုးရနဲ့ လွှတ်တော်ကိုယ်စား တက်ရောက် ဂါရ၀ပြုခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး နေပြည်တော်မှာ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ရှိတဲ့ ၂၀၁၅ ခုနှစ်၊ ၆၈ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်ခေါင်းဆောင်လုပ်နေသူတွေက အခုလို တက်ရောက် ပါဝင်ခဲ့ကြသလို မြို့ကြီးအတော်များများမှာ ပြုလုပ်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေမှာလည်း အရင်နှစ်တွေထက် တက်ရောက်ဂါရ၀ပြုကြသူတွေ များခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။











