DVB Logo
Home
မြန်မာသတင်း
ဦးအောင်မင်း နှင့် တိုင်းရင်းသားတပ်ဖွဲ့ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်တွင်တွေ့
DVB
·
July 19, 2015
ဦးအောင်မင်း နှင့် တိုင်းရင်းသားတပ်ဖွဲ့ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်တွင်တွေ့
1 / 4
Donate to DVB

အစိုးရငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်အဖွဲ့ခေါင်းဆောင် ၀န်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို လာရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ လိုက်လံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဇူလိုင် ၁၈ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) အဖွဲ့တို့က ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး အပစ်ရပ်စာချုပ်အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးကြတာလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းမင်းက ပြောပါတယ်။

“အဓိကကတော့ အန်စီအေကို လက်မှတ်ရေးထိုးနိုင်ဖို့ အတွက်ပါပဲ။ ရှိနေတဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့ အနေအထားပါ။ ကျနော်တို့အဖွဲ့အနေနဲ့တော့ အန်စီအေလက်မှတ်ထိုးနိုင်ဖို့ ၀ိုင်းဝန်းကြိုးစားသွားမှာ ဖြစ်ပါတယ်။”

အဲ့ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) အဖွဲ့ ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး ယွက်စစ်တို့ တက်ရောက်ခဲ့ကြပါတယ်။

ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာတော့ ဦးအောင်မင်းနဲ့အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)  ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ အတွင်းရေးမှူး ဒေါက်တာ လဂျာတို့နဲ့ သီးခြား တွေ့ဆုံဆွေနွေးခဲ့ပြီး မီဒီယာ သတင်းယူခွင့် မပြုခဲ့ပါဘူး။

အဲ့ဒီနောက် တိုင်းရင်းသားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်းဆောင် ဒေါက်တာလဂျာ၊ အဖွဲ့ဝင် နိုင်ဟံသာတို့နဲ့ ဆက်လက်ဆွေးနွေးကြပြီး ဆွေးနွေးပွဲအပြီးမှာ ၀န်ကြီးဦးအောင်မင်းက ဇူလိုင် ၂၂ ရက် တွေ့မယ့် ကိစ္စ လာဆွေးနွေးတာလို့ မီဒီယာကို ပြောပါတယ်။

မနက်ပိုင်း ကေအိုင်အိုအဖွဲ့နဲ့ ဘာတွေ ဆွေးနွေးလဲလို့ မေးကြည့်တော့ ကေအိုင်အိုအဖွဲ့အနေနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးချင်တဲ့အကြောင်း ပြောပါတယ်။

“ကေအိုင်အိုကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်။ သို့သော်လည်း အာမခံချက် ဘယ်လောက်ရှိလဲဆိုတာ သိချင်တယ်။ ဒါကို အာမခံချက် ရှိမှ လုပ်ချင်တယ်။ ဒါပေမယ့် ထိုးဖို့ကတော့ ဗဟိုကော်မတီက ဆုံးဖြတ်ထားပြီးသား ဖြစ်တယ်။”

ဦးအောင်မင်းတို့အဖွဲ့ ချင်းမိုင်ရောက်နေစဉ်မှာပဲ အစိုးရနဲ့ ဆွေးနွေးမယ့် တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင်း  စည်းဝေးပွဲကို ဇူလိုင် ၁၇ နဲ့ ၁၈ ရက်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ၈ ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မှာ ဇူလိုင် ၂၂ နဲ့ ၂၃ ရက် ပြုလုပ်ဖို့ရှိပြီး အဲ့ဒီဆွေးနွေးပွဲမှာ အပစ်ရပ်စာချုပ်မူကြမ်းအချောသတ်နိုင်ဖို့၊ စာချုပ်မှာ အားလုံးပါဝင် လက်မျတ်ထိုးနိုင်ဖို့၊ စာချုပ်မှာ လက်မှတ်ထိုးမယ့်သူများ၊ အသိသက်သေအဖြစ် လက်မှတ်ထိုးမယ့်သူများ စတဲ့အချက်လေးချက်ကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အစိုးရဘက်က သူတို့နဲ့ အပစ်ရပ်လက်မျတ်ထိုးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၄ ဖွဲ့နဲ့ ကေအိုင်အိုအဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့နဲ့ပဲ လက်မှတ်ထိုးဖို့ ပြောဆိုထားပြီး တိုင်းရင်းသားတွေဘက်က အဖွဲ့အားလုံးပါဝင်နိုင်ရေးမူကို ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ဦးလှမောင်ရွှေ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013