DVB Logo
Home
မြန်မာသတင်း
ကိုးကန့် နှင့် ၀ပါတီများ ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းများ လျာထား
DVB
·
July 18, 2015
ကိုးကန့် နှင့် ၀ပါတီများ ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းများ လျာထား
Donate to DVB

 

လာမယ့် နိုဝင်ဘာလ ၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့  ရှမ်းပြည်နယ်ထဲက ကိုးကန့်နဲ့ ၀ တိုင်းရင်းသားပါတီတွေလည်း ကိုယ်စားလှယ်လောင်းတွေ လျာထားသတ်မှတ်ရွေးချယ်နေပါတယ်။

ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီအနေနဲ့  ရှမ်းပြည်မြောက်ပိုင်း ကွမ်လုံ၊ လားရှိုးနဲ့ သိန္နီစတဲ့ ၃ မြို့နယ်မှာ ယှဉ်ပြိုင်ဖို့ရှိပြီး  လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ နေရာ လျာထားတယ်လို့  ပါတီ  ဒုဥက္က္ကဋ္ဌ  ဦးရန်ကျင်ကန်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့ ကိုးကန့်နဲ့တကွ ဒေသတွင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့အသံတွေ လွှတ်တော်ထဲရောက်ဖို့   ကျနော်တို့ ပါတီကို မဲထည့်ဖို့ ပြောချင်ပါတယ်။ ကျနော်တို့ပါတီက လူမျိုးစုပါတီဆိုတော့ နိုင်ငံရေးထက် လူမျိုးစုအရေးကို အဓိကထားလုပ်ဆောင်နေတဲ့ပါတီ ဖြစ်ပါတယ်။  နိုင်ငံတော်ကသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နည်းမှန်လမ်းမှန် ပါဝင်နိုင်ဖို့ ရပ်တည်ပါတယ်။ ကိုးကန့်ဒေသမှာ ဖွံ့ဖြိုးရေး နောက်ကျတဲ့အတွက် ပညာရေးမှာရော လူမှုရေးရော၊ အတွေးအခေါ်မှာပါ နောက်ကျတယ်။ ဒါကြောင့် ဖွံ့ဖြိုးရေးကိစ္စကို အဓိကထားလုပ်ကိုင်နေပါတယ်။ အစိုးရအနေနဲ့ ပြောထားတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောာင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်။”

ကိုးကန့်တိုင်းရင်းသားကိုယ်စားပြုတဲ့ နောက်ပါတီတခုကတော့ ရှမ်းပြည်ကိုးကန့်ဒီမို ကရက်တစ်ပါတီ ဖြစ်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးအန်တိုနီစူ ဖြစ်ပြီး ပါတီရုံးက ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လောက်ကိုင်မြို့မှာ အခြေစိုက်ပါတယ်။ ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရသေးပါဘူး။

ဝ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်၊ မက်မန်း၊ တန့်ယန်းနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်မြို့နယ် ၅ ခုမှာ လွှတ်တော် ၃ ရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်း ၆ နေရာ ယှဉ်ပြိုင်မယ်လို့ ပါတီ ဒုဥက္ကဋ္ဌ - ၁ ဦးဆမ်ဆောင်ကားက  ပြောပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်သာလျှင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်လို့ ယုံကြည်ပြီး သူတို့ပါတီ အနိုင်ရတဲ့နေရာတွေမှာ  ဒေသဖွံ့ဖြိုးရေးနဲ့ တန်းတူ အခွင့်အရေးရရှိရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားမယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အမတ်တနေရာမှ အရွေးမခံခဲ့ရပါဘူး။ လာမယ့်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် တရားမျှတစွာ ကျင်းပမယ်ဆိုရင် အောင်ပွဲခံနိုင်မယ်လို့မြင်တဲ့ အကြောင်း၊ ယူဒဗလျူအက်စ်အေ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ရွေးကောက်ပွဲ မလုပ်နိုင်သေးတာဟာ ၀ ပြည်သူတွေ နစ်နာစေတဲ့အတွက် အစိုးရနဲ့ ယူဒဗလျူအက်စ်အေကြား အကောင်းဆုံး ပြန်ဆွေးနွေးစေလိုကြောင်း ဦးဆမ်ဆောင်ကား က ပြောပါတယ်။

နောက်ထပ် ၀ တိုင်းရင်းသားပါတီတခုကတော့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးအခြေစိုက် ၀ ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ ဥက္ကဋ္ဌက ဦးခွန်ထွန်းလူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ဘယ်လောက်ယှဉ်ပြိုင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

ဝနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအ၀င် နိုင်ငံတ၀န်း  မဲဆန္ဒနယ်မြေပေါင်း ၁၁၇၁ နေရာကို   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားပြီး နေရာ အားလုံးမှာ ရွေးကောက်ပွဲ ကျင်းပမယ် မကျင်းပဘူးဆိုတာကတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013