DVB Logo
Home
Lead Story
ဖုံးမနိုင် ဖိမရ
DVB
·
July 16, 2015
ဖုံးမနိုင် ဖိမရ
Donate to DVB

မကြာသေးခင်က မြို့တော်ခန်းမရှေ့တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ပြည်သူလူထုက လွှတ်တော်ထဲတွင် ပြည်သူက ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ပဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သော ဒီမိုကရေစီမကျသည့် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထားရှိခြင်းကို ဆန့်ကျင်ကြောင်းနဲ့ ထိုစစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ထုတ်ပယ်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

သိမ်ကြီးဈေးကနေ မြို့တော်ခန်းမရှေ့အထိ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ စစ်ဗိုလ်တမတ်သား ထွက်ပေးရေး ဆန္ဒပြပွဲမှာ ၅ နှစ်တာ အစိုးရသစ်လက်ထက်တွင် ပထမဆုံး ဖြစ်ပေမည်။ ၂၅ ရာခိုင်နှုန်း ခေါ် ထို စစ်ဗိုလ်တမတ်သားကိစ္စမှာ စစ်တပိုင်းအစိုးရ ဖြစ်နေသော ယခု အရပ်ဝတ်အစိုးရ တက်လာကတည်းက ပြည်သူလူထု လုံးဝ မကျေနပ်သော ဥပဒေ ဖြစ်ပါသည်။

၁၉၆၅ ခုနှစ်က အင်ဒိုနီးရှားတွင် ဗိုလ်ချုပ်ကြီးဆူဟာတို အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်မည်ဟုဆိုကာ စစ်တပ်မှ တမတ်သားကိုယ်စားလှယ်ကို စစ်ဦးစီးချုပ်က ရွေးချယ်ခွင့် ပေးထားသော ဖွဲ့စည်းပုံကို ရေးဆွဲခဲ့လေသည်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေကလည်း ထိုတမတ်သားကို သဘောကျပြီး ပုံတူကူးကာ စစ်တပ်ဒီမိုကရေစီအောက် သွတ်သွင်းလိုက်ခြင်း ဖြစ်သည်။ ၅ နှစ်အတွင်း တမတ်သားထဲမှ ၅ ကျပ်သားပင် မဖြုတ်ဘဲ စစ်တပ်လွှမ်းမိုးသော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်ပါသည်။ အင်ဒိုနီးရှားတွင် လစ်ဘရယ်ဒီမိုကရေစီလမ်းကြောင်းကို အမှန်တကယ် လျှောက်လိုသော ဗိုလ်ချုပ်ကြီး ဝီရန်တိုလို အမြော်အမြင်ရှိသော စစ်ဗိုလ်ချုပ်များက တမတ်သားထဲမှ တစထက်တစ လျော့ပေး၏။ ထို့ကြောင့် အင်ဒိုနီးရှားမှာ ယခုအခါ အရပ်ဝတ် အစိုးရလက်ထဲ အာဏာအားလုံး ရောက်ရှိကာ ဒီမိုကရေစီ ရရှိသောနိုင်ငံ ဖြစ်လာလေသည်။

ယခု ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတိုက်အခံများက အရေးကြီးသော ပုဒ်မ ၄၃၆ နဲ့ ၅၉ (စ) ကို ပြင်ဆင်ဖို့ တင်ပြခဲ့သည်။ စစ်ဗိုလ်တမတ်သားထဲမှ တယောက်ပါလျှင် ပုဒ်မ ၄၃၆ ပြင်ခွင့် ကျလေသည်။ သို့သော် စစ်ဗိုလ်တမတ်သားအားလုံး ဗြောင်ကျကျပင် ကန့်ကွက်မဲ ပေးလာသောကြောင့် ပြင်ခွင့်မရတော့ပေ။ ပုဒ်မ ၅၉ (စ) မှာမူ ဝေလာဝေးပင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို တသံတည်း ခေါင်းခါခဲ့ကြ၏။ ဒေါ်အောင်ဆန်းစုကြည်လက်ထဲ အာဏာမအပ်ရေးကို အငြိုးကြီးသော ဗိုလ်သန်းရွှေ ချမှတ်ထားခဲ့သည့်အတိုင်း သူတို့သည် ယခုတိုင် ကျင့်သုံးဆဲဖြစ်၏။ စစ်တပ်ကိုယ်စားလှယ်အားလုံး လွှတ်တော်ထဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ငြင်းဆန်လိုက်သည့်အခါ မင်းသားခေါင်းဆောင်းထားခြင်းမှာ ကွာကျသွားခဲ့သည်။ သူတို့က ဒီမိုကရေစီ လမ်းကြောင်းသွားမည်ဟု ကြွေးကြော်၏။ သို့သော် သူတို့ပြောသော ဒီမိုကရေစီမှာ ကမ္ဘာက လက်ခံကျင့်သုံးနေသော ဒီမိုကရေစီ မဟုတ်ပေ။ နိုင်ငံရေးသမား၊ နိုင်ငံရေးလေ့လာသုံးသပ်သူများလည်း ဒီမိုကရေစီကို နားလည်ဖို့ လိုပါသည်။

ယနေ့ကမ္ဘာတွင် လက်ခံကျင့်သုံးနေသည်မှာ လစ်ဘရယ်ဒီမိုကရေစီ ဖြစ်သည်။ တနည်း ပါတီစုံ ဒီမိုကရေစီဖြစ်သည်။ အမေရိကန်တို့၊ ပြင်သစ်တို့ စသည့်အနောက်နိုင်ငံများနဲ့ တကမ္ဘာလုံးက ကျင့်သုံးနေသော ဒီမိုကရေစီကို နားလည်ဖို့ လိုပါသည်။ အထူးသဖြင့် ပညာတတ် ဓနရှင်ပေါက်စများနဲ့ အရင်းရှင်များ မက်မော ဖက်တွယ်သော ဒီမိုကရေစီဖြစ်သည်ကို နားလည်သဘောမပေါက်လျှင်ကား မိမိတို့ကိုယ် မိမိတို့ နိုင်ငံရေး သိပ္ပံပညာရှင်များအဖြစ် ခံယူဖို့ မထိုက်ပေ။ ဆိုရှယ်လစ်နိုင်ငံများတွင် ကျင့်သုံးသော ပြည်သူ့ဒီမိုကရေစီနဲ့ လစ်ဘရယ်ဒီမိုကရေစီမှာ မတူပေ။ လစ်ဘရယ်ဒီမိုကရေစီကို လူကောင်းလည်း လိုချင်သည်။ လူဆိုးလည်း လိုချင်သည်။ လစ်ဘရယ်ဒီမိုကရေစီကို အကြီးအကျယ် ဈာန်တင်၍ ရွှေအိုးကြီးလို သဘောထားဖို့ မဖြစ်နိုင်ပေ။

သို့သော် အာဏာရှင်များကမူ ထိုလစ်ဘရယ်ဒီမိုကရေစီကိုပင် လက်မခံနိုင်ကြပေ။ ဥပမာ မြန်မာနိုင်ငံမှ စစ်အာဏာရှင်များဆိုလျှင် ပါတီစုံဒီမိုကရေစီကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ Discipline Democracy ဟု ခေါ်လိုခေါ်၊ လမ်းညွှန်ဒီမိုကရေစီ Guidance Democracy ဟု သုံးနှုန်းလို သုံးနှုန်းဖြင့် သူတို့ ခေါင်းထဲ ပေါ်လာသလို စစ်အာဏာရှင်များက လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကတည်းက သုံးနှုန်းနေသည်။ ဆိုလိုသည်မှာ စည်းကမ်းမဲ့ပြီး ၈၈ လို ဆန္ဒပြပွဲများ လုပ်နေသော ပြည်သူလူထုကို စည်းကမ်းရှိအောင် ပညာပေးရမည်ဆိုသည့် သဘော၊ ရွှေဝါရောင်အရေးအခင်းတွင် ဒီမိုကရေစီအော်ကာ လမ်းပေါ်ထွက်သည့် သံဃာတော်များကို လမ်းညွှန်ပေးရမည်ဆိုသည့်သဘော ဘယ်နိုင်ငံမှာမှ မရှိသည့် ဒီမိုကရေစီကို ဖော်ဆောင်ကာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ငြင်းဆန်ခဲ့ကြခြင်း ဖြစ်သည်။ တပ်ချုပ်ကြီးခန့်အပ်သော ထိုစစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဘာကြောင့် ကန့်ကွက်ရသလဲဟု မေးကြည့်ပါက အထက်က ကန့်ကွက်ခိုင်း၍ ကန့်ကွက်ရပါသည်ဟု အဖြေပေးကြပေလိမ့်မည်။ ထိုသို့ ညွှန်ကြားချက်ဖြင့် မိမိတို့ဆန္ဒ၊ သဘောထား မဟုတ်ဘဲ တသံတည်း ကန့်ကွက်နေကြသည်မှာ တကယ့်ဒီမိုကရေစီလား၊ အထက်က အမိန့်ပေးသော ဒီမိုကရေစီလားဟု မေးစမ်းရပေမည်။

ပြည်သူလိုလားသော ဒီမိုကရေစီဆိုသည်မှာ ပြည်သူတို့၏ မွေးရာပါ လွတ်လပ်ခွင့်များ၊ လွတ်လပ်စွာ ရေးသားခွင့်၊ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် (ပုဒ်မ ၁၈ မရှိပဲ)၊ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ နေထိုင်ခွင့်နဲ့ ဖန်တီးခွင့် စသည့်အခွင့်အရေးများ ပေးရမည်။ နိုင်ငံသားဖြစ်လျှင် ကုလားကို ယူယူ၊ တရုတ်ကို ယူယူ၊ တိုင်းပြည်အပေါ် သစ္စာရှိမည်ဆိုပါက မည်သူမဆို သမ္မတဖြစ်ခွင့်ရှိရမည်။ ပြည်သူက သဘောတူမည်ဆိုလျှင်၊ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်မည်ဆိုလျှင် ဘယ်ဖွဲ့စည်းပုံ ဥပဒေပင်ဖြစ်ဖြစ် ပြည်သူက ပြင်ချင်လျှင် ပြင်ခွင့် ရှိရမည်။ တဦးတယောက်က မပြင်ချင်၍ ၂၅ ရာခိုင်နှုန်းက မပြင်ချင်၍ မပြင်ရဟု ဆိုခွင့်မရှိ။ လွှတ်တော်ဆိုသည်မှာ ပြည်သူက တင်မြှောက်ထားသော၊ ပြည်သူက မဲပေးလိုက်သော ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းထားသည့် ဥပဒေပြု အဖွဲ့အစည်း ဖြစ်ရမည်။ တစုံတယောက်၏ အမိန့်ဖြင့် ရွေးချယ်သော လွှတ်တော် မဖြစ်ရပေ။ ယခုမူ ယခင် စစ်အာဏာရှင်ခေတ်နဲ့ အပြောင်းအလဲခေတ် ဘာမှမထူးခြားပေ။ စစ်ဗိုလ်တမတ်သားကိုယ်စားလှယ်များက ပုဒ်မ ၄၃၆နဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ဖို့ကို ကန့်ကွက်လိုက်ခြင်းအား ကြည့်လျှင် ယခင်နဲ့ ဘာမှမထူးခြားဟု မှတ်ချက်ပေးရပေမည်။ အပြောင်းအလဲကား ကြီးကြီးမားမား မရှိပေ။ သူတို့ လုံခြုံရေးကို မခြိမ်းခြောက်သရွေ့ တချို့လှုပ်ရှားမှုများကိုကား ခွင့်ပြုနိုင်၏။ သို့သော် လက်ပံတန်းကျောင်းသားသပိတ်တိုက်ပွဲလို သူတို့လုံခြုံရေးအား ထိပါးသည်ဟုယူဆလျှင် အကြမ်းဖက် ဖြိုခွဲလိုက်သည်မှာ သာဓကတခု ဖြစ်သည်။ အတိုက်အခံတချို့ကမူ ထိုသို့ အကြမ်းဖက်ဖြိုခွဲမှုကို အစိုးရဘက်က လုပ်သင့်လုပ်ထိုက်၍ လုပ်သလိုလို၊ အထူးသဖြင့် စစ်တပ်၏ အငြိုအအငြင်ကို မခံလို၍ ကျောင်းသားသပိတ်တိုက်ပွဲ အကြမ်းဖက်ဖြိုခွဲခြင်းကို ရေငုံနှုတ်ပိတ်နေသည်။

ဟန်ဆောင်ခြင်းနဲ့ မျက်နှာဖုံးစွပ်ထားခြင်းတို့မှာ ရေရှည်တွင် မည်သို့မှ မရနိုင်ပေ။ ထိုဟန်ဆောင်မှုမှာ ၅ နှစ်ပင် မကြာလိုက်ပေ။ စာနယ်ဇင်းများကို ပိတ်ပင်ခြင်းက ဒီမိုကရေစီလမ်းကြောင်း မသွားသည်မှာ ပေါ်လွင်လာသလို နောက်ဆုံး မျက်နှာဖုံး ကွာကျပြီး ဇာတိရုပ်လုံးလုံးပေါ်လာသည်မှာ ယခု လွှတ်တော်တွင် ၂ဝဝ၈ ဖွဲ့စည်းပုံ မပြင်ရေး (ဒီမိုကရေစီကို ဟန့်တားထားသော ပုဒ်မများကို မပြင်ခြင်း) တို့မှာ သိသာလှပါသည်။ ယခင်စစ်အစိုးရ အုပ်ချုပ်ခဲ့သလို ယခုလည်း ယခင်စစ်ဗိုလ်ချုပ်ဟောင်းများ၊ စစ်တပ်မှ လူဝတ်လဲလာသူများ အုပ်ချုပ်နေသည်က ငြင်း၍ မရပေ။ ယခင် ဗိုလ်ချုပ်ကြီးက ယခုသမ္မတ ဖြစ်လာသည်။ ထို့ကြောင့် အာဏာရှင်တို့နဲ့ ပတ်သတ်ပြီး ဆရာကြီးသခင်ဘသောင်းက -

“အာဏာရှင်အဖို့ သူတည်မြဲရေးသာ အရေးကြီးသည်”

“ဒီမိုကရေစီနိုင်ငံများကို တည်ထောင်ထားခြင်းမှာ နိုင်ငံမှာ နိုင်ငံသားတို့၏ အကျိုးကို ရှေးရှု၍ တည်ထောင်ထားခြင်းသာဖြစ်ရကား ဒီမိုကရေစီ၏ ဝတ္တရားမှာ နိုင်ငံသူနိုင်ငံသားတို့ အချင်းချင်း စည်းလုံး ညီညွတ်ရာ ညီညွတ်ကြောင်းကို အားပေးရမည်သာ ဖြစ်သည်။ နိုင်ငံသူနိုင်ငံသားတို့ စည်းလုံးညီညွတ်လျှင် ဒီမိုကရေစီက ဝမ်းသာသည်။ သို့ရာတွင် အာဏာရှင်နိုင်ငံတို့ ဖြစ်ပေါ်လာခြင်းမှာ ဒီမိုကရေစီကို သစ္စာဖောက်ပြီးမှ တနည်းဆိုသော် နိုင်ငံသူနိုင်ငံသားတို့ကို သစ္စာဖောက်ပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သဖြင့် အာဏာရှင်တို့သည် နိုင်ငံသူနိုင်ငံသားတို့ စည်းလုံးညီညွတ်မှာကို ကြောက်ကြသည်။

နွားကွဲမှသာ ကျားကိုက်နိုင်သကဲ့သို့ နိုင်ငံသူနိုင်ငံသားတို့ တဦးနဲ့ တဦး အစေးကပ်နိုင်ခွင့်မရမှသာ အာဏာရှင်တို့ တည်နြိုင်သည်။ ထို့ကြောင့် အာဏာရှင်တို့သည်  နိုင်ငံသူနိုင်ငံသားတို့ လွတ်လပ်စွာ အချင်းချင်း တွေ့ဆုံ နှီးနှောနိုင်စေမည့် အသင်းအပင်းဖွဲ့စည်းခြင်းကို ပိတ်ပင်တားမြစ်ပြီးလျှင် နိုင်ငံသူနိုင်ငံသားတို့အား ကျွဲနွားများကို တသီတတန်းကြီး နဖားကြိုးထိုးထားသည်နဲ့ တူသော အာဏာရှင်၏ အမိန့်အရ တည်ထောင်ထားသည့် တခုတည်းသော အသင်းထဲသို့သာ အတင်းသွတ်သွင်း၍ထားသည်။ အာဏာရှင်နိုင်ငံများရှိ တခုတည်းသော အမိန့်တော်ရအသင်းတွင် အသင်းသားဖြစ်ကြသူတို့မှာ ဘာတခုမျှ လွတ်လပ်စွာ ပြောဆိုခွင့်မရဘဲ အာဏာရှင် ပေးသမျှ အမိန့်ကိုသာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နှုတ်ပိတ် မျက်စိမှိတ်၍ လိုက်နာကြရသည်။ အာဏာရှင်နိုင်ငံက လူများမှာ မိမိတို့၏ လူ့ဘဝကို မေ့လျော့ပစ်ကြပြီးနောက် အာဏာရှင်တို့ ခိုင်းစေသမျှကို အဟိတ်တိရစ္ဆာန်များကဲ့သို့ ကုန်း၍ လုပ်ဖို့ တနည်းနဲ့ နောက်ဆုံး မခံနိုင်လွန်းသည့် တနေ့တွင် အသက်ကိုစွန့်၍ တော်လှန်ပုန်ကန်ကြဖို့ တနည်း၊ ပေါင်းနည်းသာ ရှိသည်။” ဟု ရေးထားသဖြင့် အာဏာရှင်မှန်သမျှ တသွေး တသံ တမိန့်ဖြင့် ပြည်သူလူထုအား ဖိနှိပ်ကာ စေခိုင်းခဲ့သည်မှာ သမိုင်းဖြစ်ပေါ်မှုအရ သိရှိခဲ့ကြပြီဖြစ်လေသည်။  အာဏာရှင်စနစ်တို့၏ ဆိုးယုတ်မှုကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် ဒီမိုကရေစီဘက်တော်သားများနဲ့ ဖက်ဆစ်တော်လှန်ရေးနိုင်ငံများ စုစည်းကာ ဖက်ဆစ်စနစ်ကို တိုက်ဖျက်ခဲ့ကြလေသည်။ မြန်မာနိုင်ငံတွင်လည်း  အယောင်ဆောင် ဒီမိုကရေစီ ကျင့်သုံးနေသရွေ့ ဘယ်တော့မှ တိုးတက်မည်မဟုတ်ပေ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားများ၊ ပညာတတ်များ၊ တိုင်းရင်းသားများနဲ့ အမျိုးသားအရင်းရှင်များ အားလုံး ညီညီညွတ်ညွတ် လက်တွဲကာ တိုက်ပွဲဝင်ကြလျှင် ညီညွတ်နိုင်သလောက် အာဏာရှင်ကို ဖြိုချနိုင်သည်။ မညီညွှတ်နိုင်သလောက် အာဏာရှင်စနစ် သက်ဆိုးရှည်နေမည်ကို သဘောပေါက်ဖို့ လိုပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013