DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့် တိုင်းရင်းသား အဆင့်မြင့်အဖွဲ့ တရားဝင်ဆွေးနွေးပြီး စာချုပ်အချောသတ်မည်
DVB
·
July 16, 2015
အစိုးရနှင့် တိုင်းရင်းသား အဆင့်မြင့်အဖွဲ့ တရားဝင်ဆွေးနွေးပြီး စာချုပ်အချောသတ်မည်
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွေ ဇူလိုင် ၂၂ ရက် ရန်ကုန်မှာ တရားဝင်ဆွေးနွေးကြဖို့ရှိပြီး အဲ့ဒီဆွေးနွေးပွဲမှာ အပစ်ရပ်စာချုပ်မူကြမ်း အချောသတ်ကြမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၁၅ ရက်က တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့တို့ အကြိုဆွေးနွေးပွဲအပြီး ပြုလုပ်ခဲ့တဲ့ နှစ်ဘက်သတင်းစာ ရှင်းလင်းပွဲမှာ ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နှစ်ဘက် နဂိုတည်းက သဘောတူထားခဲ့တယ်။ တရားဝင်ဆွေးနွေးပွဲကို ရန်ကုန်မှာ လုပ်နိုင်မယ့်ရက်ကို အစိုးရရဲ့ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းနဲ့ ဆရာမကြီးတို့နဲ့ ဒေါက်တာလဂျာတို့နဲ့ ဒီနှစ်ဘက်ခေါင်းဆောင်တို့ ညှိနှိုင်းလို့ရတာက ဇူလိုင် ၂၂ ရက်နေ့ ရန်ကုန်မှာ ဆွေးနွေးပွဲတွေ စမယ်။ ဒီဆွေးနွေးပွဲကနေ (အန်စီအေ) အပစ်ရပ် စာချူပ်မူကြမ်းကို နှစ်ဘက်အချောသတ်နိုင်ဖို့အတွက် ဆွေးနွေးမယ့် ဆွေးနွေးပွဲပါ။”

ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လဆန်းက ချင်းမိုင်မှာ ပြုလုပ်ခဲ့ကြပြီး အခု အမ်ပီစီအလုပ်အဖွဲ့နဲ့ အဆင့်မြင့်အဖွဲ့တို့ အကြိုညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

နှစ်ဘက်ညှိနှိုင်းဖို့ ကျန်နေတဲ့အချက်တွေကို အခုဆွေးနွေးပွဲမှာ တင်ပြခဲ့ကြတယ်လို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ပြောပါတယ်။

“ကျမတို့ အခုဟာ ဘယ်နှချက်နှိုင်းပြီးတော့ ဘယ်နှချက် သဘောတူတာ မရှိဘူး။ ကျမတို့ ဆွေးနွေး လာညှိနှိုင်းတဲ့ဟာတွေကို သူတို့က အစိုးရဘက်ကလည်း ပြန်တင်ပြမယ်။ သူတို့ ပြန်တင်ပြတဲ့ ဟာတွေကိုလည်း ကျမတို့က နောက်ပိုင်းမှာ ရှိတဲ့ဟာတွေကို စည်းဝေးမှာ ပြန်တင်ပြမယ်။”

မတ် ၃၁ ရက်မှာ နှစ်ဘက်သဘောတူ လက်မှတ်ထိုးခဲ့တဲ့ အပစ်ရပ်စာချုပ်မူကြမ်းအပေါ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ဘက်က ပြင်ဆင်ဖြည့်စွက်လိုပြီး အစိုးရဘက်က ပြင်ဆင်ဖြည့်စွက်ခြင်း မလုပ်လိုဘူးလို့ သဘောထားမှတ်ချက် ပေးထားတဲ့ အခြေအနေမှာ နှစ်ဘက် ဆက်ဆွေးနွေးကြဖို့ ရက်သတ်မှတ် သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

ဇူလိုင် ၁၅ ရက် အမ်ပီစီနဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲကို အဆင့်မြင့်အဖွဲ့က ခေါင်းဆောင် နော်စီဖိုးရာစိန်နဲ့ ဒု-အဖွဲ့ခေါင်းဆောင် ဒေါက်တာ လဂျာ၊ အမ်ပီစီက ဦးလှမောင်ရွှေတို့ တက်ရောက်ရှင်းလင်းပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (Senior Delegation) အဖွဲ့တွင်း ဆွေးနွေးပွဲကို ဇူလိုင် ၁၇ နဲ့ ၁၈ ရက် ချင်းမိုင်မှာ ဆက်လက်ပြုလုပ်ဖို့ရှိပြီး အစိုးရနဲ့ ဇူလိုင် ၂၂ ရက် ရန်ကုန်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013