DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကတိပေး
DVB
·
July 15, 2015
ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကတိပေး
Donate to DVB

လာမယ့် အထွေထွေရွေးကောက်ပွဲဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသလို အစိုးရကလုပ်မယ့် ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးမှာ မဟုတ်ဘူးလို့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တယောက်ဖြစ်တဲ့ နိုင်ဟံသာက ပြောလိုက်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့်ရက် တဖြည်းဖြည်း နီးကပ်လာနေပြီဖြစ်ပေမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်ရပ် လက်မှတ်မရေးထိုးနိုင် သေးသလို ကရင်၊ ကချင်နဲ့ ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုရှိမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာချိန်မှာ ခုလို ပြောကြားလိုက်တာပါ။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက လတ်တလော ထွက်ပေါ်နေတဲ့ အခြေခံ မဲဆန္ဒရှင်စာရင်း မှားယွင်းမှု ကိစ္စတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်းနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ရွေးကောက်ပွဲအပေါ်မှာ အစိုးရက ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ဟာကို ကျနော်တို့ အနှောင့်အယှက် မပေးဘူး။ တဘက်က ကျနော်တို့နဲ့ တိုက်ရိုက် မသက်ဆိုင်ဘူးလို့ မြင်တယ်။ လူတိုင်း မဲပေးပိုင်ခွင့်ရှိဖို့တော့ လိုတယ်။ နောက် တရားမျှတစွာနဲ့ ကျင်းပပေးနိုင်ဖို့ အရေးကြီးတယ်။”

တိုင်းရင်းသားခေါင်းဆောင် နောက်တယောက်ဖြစ်တဲ့ ကေအိုင်အိုအဖွဲ့က ဒေါက်တာလဂျာ ကလည်း သူတို့အနေနဲ့ အပစ်ရပ်စာချုပ်ကိုပဲ ဦးစားပေးလုပ်မှာဖြစ်ပေမယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“လောလောဆယ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ သဘောထား ပေးစရာ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆို ကျနော်တို့ ပါဝင်မှာလည်း မဟုတ်ဘူး။ အခုသွားနေတဲ့ အပစ်ရပ်စာချုပ် လုပ်ငန်းစဉ်ကိုပဲ အာရုံစိုက်နေတယ်။ အခုတကြိမ် ရွေးကောက်ပွဲမှာတော့ ဒီမိုကရေစီကျကျနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို လိုလားတယ်ဆိုတဲ့ သဘောထားရှိတာပေါ့။”

ဝနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအ၀င် နိုင်ငံတ၀န်း မဲဆန္ဒနယ်မြေပေါင်း ၁၁၇၁ နေရာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာထားပါတယ်။  ဒါပေမယ့် လတ်တလော တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာတော့ ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပနိုင်မယ်၊ မကျင်းပနိုင်ဘူး ဆိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ လောက် ရှိနေပြီး ဒီထဲ တိုင်းရင်းသားပါတီတွေက အများစု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013