DVB Logo
Home
မြန်မာသတင်း
မြည်းစမ်းသင့်တဲ့ အင်းလေးဒေသတ၀ိုက်က ရိုးရာ အစားအစာ (သတင်း ဓာတ်ပုံ)
DVB
·
July 15, 2015
မြည်းစမ်းသင့်တဲ့ အင်းလေးဒေသတ၀ိုက်က ရိုးရာ အစားအစာ (သတင်း ဓာတ်ပုံ)
1 / 21
Donate to DVB

ရှမ်းပြည်တောင်ပိုင်းက အင်းလေးကန်ကို သွားလည်တဲ့ ခရီးသွားအများစုက ဖောင်တော်ဦး၊ အင်းတိန်၊ ခေါင်တိုင်၊ အလိုတော်ပေါက် စတဲ့ လည်စရာ ပတ်စရာ နေရာတွေကို အလေးထား သွားရောက်ကြပါတယ်။

တချို့ခရီးသွားတွေက ဒီဒေသခံတွေရဲ့ ရိုးရာ အစားအသောက်ကို မြည်းစမ်းကြည့်တဲ့ သူတွေလည်း ရှိပါတယ်။
အင်းလေးနဲ့ ညောင်ရွှေတ၀ိုက်က လူတွေ ဘာတွေ စားသောက်ကြပါသလဲ။ သူတို့ရဲ့ အစားအသောက်တွေက ဘာတွေပါလဲ။

အင်းလေးကို အလည်အပတ် သွားရောက်ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ကိုထွေးက လမ်းမှာတွေ့ခဲ့သမျှ လက်လှမ်းမီတဲ့ အင်းလေးဒေသက အစားအသောက်တွေကို ဆမ်ဆောင်းဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ယူထားပါတယ်။

တို့ဟူးသုပ်

[caption id="attachment_102836" align="aligncenter" width="597"]ညောင်ရွှေက တို့ဟူးသုပ်ဆိုင် ညောင်ရွှေဈေးက တို့ဟူးသုပ်ဆိုင်[/caption]

ရှမ်းပြည်မှာ တို့ဟူးသုပ်ကလည်း ပြည်နယ်တ၀န်းမှာ စားသောက်လေ့ရှိတဲ့ ဒေသ အစားအစာ တခု ဖြစ်ပါတယ်။ နေရာဒေသကို လိုက်ပြီး တို့ဟူးသုပ်ပုံက ကွဲလွဲမှုရှိနေပါတယ်။ ဥပမာ အင်းထဲက တို့ဟူးသုပ်နဲ့ အနီးနားမြို့တွေဖြစ်တဲ့ အောင်ပန်း၊ တောင်ကြီးက တို့ဟူးသုပ်ပုံက ကွဲပြားပါတယ်။ သုပ်ပုံမတူတဲ့အတွက် အရသာလည်း ကွဲပါတယ်။ အင်းတို့ဟူးသုပ်ကတော့ သူ့စတိုင် သူ့ဟန်နဲ့ သုပ်ထားတာ ဖြစ်ပါတယ်။ တို့ဟူးသုပ်ကို ၅ ရက်တကြိမ် ရောက်လာတဲ့ ဈေးနေ့တွေမှာ ဒေသခံတွေက အဓိကထား ၀ယ်ယူ စားသောက်ကြပါတယ်။ ဥပမာ ညောင်ရွှေဈေးနေ့မှာဆိုရင် ဒေသခံအများစုက ဟင်းမချက်ဘဲ တို့ဟူးသုပ်ကို ဟင်းအဖြစ် ၀ယ်ယူ စားသောက်ကြတာပါ။ ဒီအတွက် ဈေးနေ့တွေမှာဆိုရင် တို့ဟူးသုပ်ဆိုင်တွေဟာ ၀ယ်သူမပြတ် စည်ကားနေပါတယ်။

အင်းမုန့်တီနဲ့ ပေါင်းထမင်း

[caption id="attachment_102837" align="aligncenter" width="584"]ညောင်ရွှေဈေးက အင်းမုန့်တီဆိုင် ညောင်ရွှေဈေးက အင်းမုန့်တီဆိုင်[/caption]

အင်းမုန့်တီကို မြန်မာအစားအစာထဲက လွယ်လွယ်နဲ့ နှိုင်းယှဉ်ပြောရရင် မုန့်ဟင်းခါးနဲ့ တူတယ်လို့ ဆိုရမှာပါ။ ငါးနဲ့ချက်ထားတာချင်း တူပေမယ့် အင်းမုန့်တီမှာတော့ ငှက်ပျောဖူး မပါပါဘူး။ ငါးဖယ်ကို အဓိကထားသုံးပြီးချက်တာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးကို များများ အသုံးပြုထားပါတယ်။ ခရမ်းချဉ်သီးကိုပြုတ် အရည်ညှစ်ထည့်ပြီး အဖတ်ကိုတော့ မထည့်ပါဘူး။ ဟင်းရည်ကို ငါး၊ ဆန်မှုန့်နဲ့ ချက်ထားတာ ဖြစ်ပါ တယ်။ ဖောင်တော်ဦး အနီးတ၀ိုက်မှာ အင်းမုန့်တီ ရောင်းတဲ့ဆိုင်တွေ ရှိသလို ညောင်ရွှေမှာတော့ ဈေးနေ့မှသာ ၀ယ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒီအင်းမုန့်တီကို တချို့က မုန့်တီအနေနဲ့ အရည်သောက်အဖြစ် ပေါင်းထမင်း၊ တို့ဟူးသုပ်တွေနဲ့ စားသလို တခါတလေ သားရေသုပ်နဲ့ တွဲဖက် စားကြပါတယ်။

[caption id="attachment_102839" align="aligncenter" width="601"]20150609_084756 ညောင်ရွှေဈေးက ပေါင်းထမင်းဆိုင်[/caption]

ပေါင်းထမင်းကတော့ ရှမ်းဆန်ကို အသုံးပြုပြီး ၀ါးကဒ်တောင်းနဲ့ ပေါင်းခံချက်ထားတာဖြစ်ပါ တယ်။ ကောက်ညှင်းပေါင်းလောက် မစီးပေးမယ့် သာမန်ထမင်းထက် အရသာလေးပြီး စီးပါတယ်။ အိမ်ယူသွားမယ်ဆိုရင် ကြာဖက်နဲ့ ထုတ်ပေးတဲ့အတွက် ပေါင်းထမင်းရဲ့ အနံမှာ ကြာနံသင်းနေတတ် ပါတယ်။ ပေါင်းထမင်းကိုလည်း တို့ဟူးသုတ်နဲ့ တွဲဖက်စားသောက်လေ့ရှိပါတယ်။

ဝက်သားကင်ပေါင်းကြော်နဲ့ ကောက်ညှင်းပေါင်း

[caption id="attachment_102840" align="aligncenter" width="596"]20150617_071456 ညောင်ရွှေဈေးက ၀က်သား ကင်ပေါင်းကြော်[/caption]

 

မနက်စောစောမှာ ကြက်သွန်မြိတ်နဲ့ ကြော်ထားတဲ့ ၀က်သားကင်ပေါင်းကြော်ကို ကောက်ညှင်းပေါင်းနဲ့ တွဲစားကြပါတယ်။ ညောင်ရွှေဈေးထဲမှာတော့ ကင်ပေါင်းကြော်ရောင်းတဲ့ ဆိုင်တွေရှိပါတယ်။ အသားများများနဲ့ စားချင်တဲ့သူတွေအတွက် ဈေးထဲက ၀က်သားရောင်းတဲ့ဆိုင်မှာ အကြော်စားဖို့လို့ ပြောရင် ၀က်သား အနည်းငယ် ရောင်းပေးပါတယ်။ ၀ယ်လာတဲ့ ၀က်သားကို ဆိုင်မှာပေးလိုက်ရင် အသားလှိုင်လှိုင်နဲ့ ကင်ပေါင်းကြော်တွေ စားလို့ရပါတယ်။ တချို့က ကင်ပေါင်းကြော်သက်သက် စားသလို တချို့ကတော့ ဆိုင်က ဟင်းထုပ်၊ ၀က်သားချဉ်၊ ငါးထမင်းနယ်နဲ့ စားသလို တချို့က ကောက်ညှင်းပေါင်းနဲ့ စားပါတယ်။ ကြာဖက်နဲ့ ထုပ်ထားတဲ့၊ ကြာနံ့သင်းတဲ့ ကောက်ညှင်းပေါင်းကို ၀ယ်ပြီး ကင်ပေါင်းကြော်နဲ့ တွဲဖက်စားရတဲ့ အရသာကလည်း တမျိုးထူးခြားလှပါတယ်။ ဒါ့အပြင် ဆိုင်က တွဲဖက်စားဖို့အတွက် ချထားပေးတဲ့ နံနံပင်၊ မုန်ညင်းချဉ်နဲ့ အစပ်ကြိုက်သူတွေအတွက် ငရုတ်သီးတောင့်တွေက ကင်ပေါင်းကြော်နဲ့ ကောင်ညှင်းပေါင်း အရသာကို ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။

ငါးထမင်းနယ်နဲ့ ၀က်သားချဉ်

[caption id="attachment_102841" align="aligncenter" width="598"]ငါးထမင်းနယ်နှင့် ၀က်သားချဉ် အရောတပွဲ ငါးထမင်းနယ်နှင့် ၀က်သားချဉ် အရောတပွဲ[/caption]

ဖောင်တော်ဦးနဲ့ ညောင်ရွှေမှာ အများဆုံး ရောင်းချလေ့ရှိတဲ့ အစားအစာဖြစ်ပါတယ်။ တချို့ကတော့ ငါးထမင်းနယ်နဲ့ ၀က်သားချဉ်ကို ရောစားလေ့ရှိပါတယ်။ ဆိုင်မှာ အရောတပွဲလို့ မှာလိုက်ရင် ငါးထမင်းနယ်နဲ့ ၀က်သားချဉ်ကို ရောပေးပါတယ်။ တချို့ကတော့ တခုစီကိုမှာပြီး သီးသန့် စားကြပါတယ်။ ၀က်သားချဉ် ငါးထမင်းနယ်ကို တချို့က ဟင်းထုပ်နဲ့ တွဲစားတာလည်း ရှိပါတယ်။ ၀က်သားချဉ် ငါးထမင်းနယ်ကို ကြိုက်တတ်တဲ့သူတွေက ငရုတ်သီးတောင့်ကြော်၊ ဂျူးမြစ်၊ ဂျူးဖူး၊ ငရုတ်သီးချဉ်တွေနဲ့ တွဲဖက်စားရတာကလည်း မမေ့နိုင်စရာပါ။ ညောင်ရွှေမှာတော့ ဈေးထဲမှာလည်း ရောင်းသလို သာစည်ရပ်ကွက်က “ကိုလုံး” ငါးထမင်းနယ်နဲ့ ၀က်သားချဉ်ကတော့ လက်ရှိ နာမည်ကြီးပါတယ်။ စားလိုတဲ့သူတွေအနေနဲ့ မနက်စောစော ထသွားရမှာ ဖြစ်ပါတယ်။ နေမြင့်သွားရင်တော့ စားရမှာ မဟုတ်ပါဘူး။

သားရေသုပ်နဲ့ သားရေပွကြော်

[caption id="attachment_102842" align="aligncenter" width="597"]သားရေသုပ်နဲ့ သားရေပွကြော် သားရေသုပ်နဲ့ သားရေပွကြော်[/caption]

နောက်ပိုင်းမှာ အတွေ့ရနည်းလာတဲ့ အစားအသောက်တမျိုးလည်း ဖြစ်ပါတယ်။ နေရာတိုင်းမှာတော့ မတွေ့ရတော့ပါဘူး။ သားရေပွကြော်က ကျွဲသားရေ ပါးပါးလှီးပြီး အခြောက်လှမ်း ကြော်ထားတာ ဖြစ်ပါတယ်။ သားရေသုပ်ကတော့ သားရေကို ပါးပါးလှီးပြီး သုပ်ထားတာ ဖြစ်ပါတယ်။ တခြား နွား၊ မြင်း သားရေတွေကို အသုံးမပြုဘဲ ကျွဲသားရေနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ညောင်ရွှေဈေးနေ့မှာ ရနိုင်ပါတယ်။ ဒီသားရေသုပ်နဲ့ သားရေပွကြော်ကို တခြား အစားအသောက်နဲ့ တွဲဖက် စားသောက်ကြတာ ဖြစ်ပါတယ်။

ဟင်းထုပ်

[caption id="attachment_102843" align="aligncenter" width="622"]20150614_114117 ဟင်းထုတ်[/caption]

ရှမ်းပြည်နယ် တ၀န်းမှာ စားလေ့ရှိတဲ့ ဒေသအစားအစာ ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့ ကြက်သွန်မြိတ် ရောစပ်ကာ ငှက်ပျောဖက်နဲ့ ထုပ်ပြီး ပေါင်းထားတဲ့ အစားအစာဖြစ်ပါတယ်။ အင်းလေးတ၀ိုက်နဲ့ ညောင်ရွှေမှာ အတွေ့ရများတဲ့ အစားအသောက် ဖြစ်ပါတယ်။ တချို့ဒေသ ဟင်းထုပ်တွေက အရမ်းစီးပေမယ့် အင်းလေး တ၀ိုက်က ဟင်းထုပ်တွေကတော့ မစီးသလို စားလို့ကောင်းပါတယ်။ အသားကြိုက်တဲ့သူတွေကတော့ ၀က်သားဟင်းထုပ်တွေ စားနိုင်ပါတယ်။ တချို့က ကြက်သွန်မြိတ်အစား ငှက်ဖျောဖူးနဲ့ လုပ်တတ်ကြပါတယ်။

ဘီးမုန့်

[caption id="attachment_102844" align="aligncenter" width="597"]ဘီးမုန့် ဘီးမုန့်[/caption]

ညောင်ရွှေမှာတော့ မနက်စောစော စားလေ့ရှိတဲ့ သရေစာတမျိုး ဖြစ်ပါတယ်။ ရှေးခတ်က အဘွားတွေ အသုံးပြုတဲ့ ဘီးပုံစံနဲ့ တူတဲ့အတွက် ဘီးမုန့်လို့ ညောင်ရွှေမှာ ခေါ်သလို အင်းထဲမှာတော့ မုန့်ခေါင်းဖြီးလို့ ခေါ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထဲမှာ အာလူး ဒါမှမဟုတ် ကြက်သွန်မြိတ်ကို ထည့်ပြီး ကြော်ထားတာ ဖြစ်ပါတယ်။ တခြားဒေသနဲ့ မတူတာကတော့ အထဲမှာ သွပ်ထားတဲ့ အစာက အပြည့်မသွပ်ဘဲ အနည်းငယ်ပဲ သွပ်ထားတာ ဖြစ်ပါတယ်။ ဘီးမုန့်နဲ့ ကုလားအော် ငရုတ်သီးအချဉ်နဲ့ တွဲဖက် စားမယ်ဆိုရင်တော့ လျှာလည်သွားစေနိုင်ပါတယ်။ ညောင်ရွှေမြို့လယ်ရပ်ကွက်က ဦးစိန်နီ ဘီးမုန့်ကတော့ နာမည်ကြီးသလို မနက်စောစော ထသွားဝယ်စားမှ ရမှာ ဖြစ်ပါတယ်။
မုန့်လုံးဖြူ

[caption id="attachment_102845" align="aligncenter" width="622"]မုန့်လုံးဖြူ မုန့်လုံးဖြူ[/caption]

ဆန်မုန့်နဲ့ လုပ်ထားတာ ဖြစ်ပြီး လမ်းဘေးက ဆိုင်တွေမှာ ရောင်းချနေတာ ရှိပါတယ်။ အချို ကြိုက်တဲ့သူတွေအတွက် အလယ်မှာ သကြား ဒါမှမဟုတ် နို့မှုန့်ထည့်ထားတဲ့ မုန့်လုံးဖြူတွေကိုလည်း မေးမြန်း ၀ယ်ယူနိုင်ပါတယ်။ သရေစာ အမျိုးအစား ဖြစ်ပါတယ်။ အိမ်အပြန် ဘုရား ဆွမ်းတော်တင်ဖို့နဲ့ ကလေးလက်ဆောင် အဖြစ် တချို့က ၀ယ်ပြန်ကြပါတယ်။

မုန့်ကြွပ်နှမ်းထူ၊ ကြွေမုန့်

[caption id="attachment_102846" align="aligncenter" width="599"]ညောင်ရွှေဈေးက ကြွေမုန့်ဆိုင် ညောင်ရွှေဈေးက ကြွေမုန့်ဆိုင်[/caption]

အင်းလေးက အပြန် လက်ဆောင်အဖြစ် ဒေသခံတွေက ဧည့်သည်တွေကို ၀ယ်ထည့်ပေးလေ့ရှိပါတယ်။ ဆိုင်တွေမှာ နှီးတွေနဲ့ စည်းထားတဲ့ အညိုရောင် မုန့်ကြွပ်နှမ်းထူတွေ ရောင်းနေတာကို တွေ့ရတတ်ပါတယ်။ ဆန်မှုန့်နဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ ဆန်မှုန့်ကို အရေဖျော်ပြီး သားရေ ဒါမှမဟုတ် အ၀တ်စနဲ့ ပိတ်ထားတဲ့ ရေနွေးအိုးပေါ်မှာ ပေါင်းခံပြီး နှမ်းဖြူးပါတယ်။ ဒီနောက် အချပ်လိုက်ကို အိမ်မိုးတဲ့ သက်ကယ်ပေါ်မှာ နေပူလှန်း အခြောက်ခံထားတဲ့ မုန့်ကြွပ် ဖြစ်ပါတယ်။ အညိုရောင်ကိုတော့ မုန့်ကြွပ်နှမ်းထူ ကတော့ အများစုကတော့ အညိုရောင် ဖြစ်ပါတယ်။ လုပ်နည်းအလားတူ ဖြစ်ပေမယ့် ကောက်ညှင်းဆန်မှုန့်ကို ပျစ်ပျစ်ကလေး ဖျော်ပြီး လုပ်ထားတဲ့ မုန့်ကြွပ်ကတော့ ကြွေမုန့် ဖြစ်ပါတယ်။ ကြွေမှုန့်ကတော့ အဖြူရောင်ဖြစ်ပါ တယ်။ အချပ်က မုန့်ကြွပ်နှမ်းထူထက် သေးပါတယ်။ စားမယ်ဆိုရင်တော့ ၂ ခုလုံးကို ကြော်စားလို့ရသလို မီးကင်စားရင်လည်း အရသာက တမျိုးဖြစ်ပါတယ်။ ကြွေမုန့်ကိုတော့ မီးကင်ပြီး ဆီစိမ်စားကြပါတယ်။
ပဲခွေ (သို့) ဘုရားဆူးခွေ

[caption id="attachment_102849" align="aligncenter" width="622"]ပဲခွေ (သို့) ဘုရားစူးခွေ ဆိုင် ပဲခွေ (သို့) ဘုရားစူးခွေ ဆိုင်[/caption]

မြန်မာနိုင်ငံက တခြားနေရာတွေမှာလည်း တွေ့ရတတ်တဲ့ သရေစာ ဖြစ်ပါတယ်။ ကုလားပဲနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အခွေအခွေလေး ပုံသွင်းပြီး ကြော်ထားတာ ဖြစ်ပါတယ်။ ဘုရားဆူးခွေတွေမှာ ဆီစိမ်ရှိသလို ရိုးရိုးလည်း ရှိပါတယ်။ ဘုရား ဆွမ်းတော်တင်ဖို့နဲ့ အိမ်လာတဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့၊ ကလေးတွေကို ကျွေးဖို့ အများဆုံး ၀ယ်ယူကြတာ ဖြစ်ပါတယ်။

 

ဒီဒေသခံအစားအသောက်တွေထဲမှာ အင်းလေးက နာမည်ကြီး ငါးရှဥ့် ဒါမှမဟုတ် ငါးရံ့နဲ့ ချက်ထားတဲ့ ဆေးခါးဟင်း၊ ပဲလုံးဆေးခါး၊ ဂျူးမြစ်သုပ်ကိုတော့ အကြောင်းမတိုက်ဆိုင်တဲ့အတွက် ဓာတ်ပုံ မရိုက်နိုင်ခဲ့ပါဘူး။
ဒါ့အပြင် “ငါးဖိန်းသေ အင်းသားစား၊ အင်းသားသေ ငါးဖိန်းစား” ဆိုပြီး ဒေသတ၀ိုက်ကလူတွေ အင်းသားနဲ့ ငါးဖိန်းရဲ့ ဆက်နွယ်မှုကို တင်စား ပြောဆိုလေ့ရှိတဲ့ ငါးဖိန်းဆိုတဲ့ ငါးကလည်း မျိုးတုံးရှားပါးလာတာကြောင့် ငါးဖိန်းနဲ့ လုပ်ထားတဲ့ ငါးဒုက္ခလို့ခေါ်တဲ့ အင်းဒေသခံ အစားအစာကိုလည်း မတွေ့ခဲ့ရပါဘူး။
အစိုးရက အင်းလေးကန်ထဲကို ဇလားဗီးယား ငါးတွေ လွှတ်လိုက်တဲ့အတွက် ဒီငါးတွေက ငါးဖိန်းတွေကို ၀ါးမြို မျိုးတုံးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတော့ ရေညှိနံ့နံတဲ့ ဇလားဗီးယား ငါးဒုက္ခတွေကိုပဲ တွေ့နေရတဲ့အတွက် ဓာတ်ပုံမှတ်တမ်း မတင်ခဲ့ပါဘူး။
အင်းလေးကို အလည်သွားတဲ့ ဧည့်သည်တွေအနေနဲ့ ခရီးစဉ်အတွင်း ဖော်ပြထားတဲ့ ဒေသခံတွေရဲ့ အစားသောက် တမျိုးမျိုးကို စားသောက်နိုင်ဖို့ဆိုတဲ့ ဆန္ဒနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013