DVB Logo
Home
Lead Story
လူ့စည်းနဲ့ ဘီလူးစည်း ကွဲသွားပြီးတဲ့နောက်
DVB
·
July 15, 2015
လူ့စည်းနဲ့ ဘီလူးစည်း ကွဲသွားပြီးတဲ့နောက်
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ ဖွဲ့စည်းပုံ ပြင်ဆင်ခွင့်ပေးထားတဲ့ ပုဒ်မ ၄၃၆ (က) နှင့် (ခ) ကို ဇွန်လ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၆၇ ရာခိုင်နှုန်း၊ ကန့်ကွက်မဲ ၃၃ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်သွားခဲ့ပြီ။ ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုရင် လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်ခွင့်ရရှိမှာဖြစ်လို့ ၆၇ ရာခိုင်နှုန်း ထောက်ခံမဲ ရရှိပေမယ့် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်တယ်။

ဒါဟာ လူ့စည်းနဲ့ ဘီလူးစည်း ကွဲသွားတာပါ။ ဒီအဖြစ်အပျက်ဟာ ပြည်သူလူထုနဲ့ ခေါင်းမာဂိုဏ်းသား စစ်ဗိုလ်ချုပ်တွေကြား လိုင်းတားလိုက်တာပါ။ အဖိနှိပ်ခံ လူများစုနဲ့ ဖိနှိပ်သူ လူနည်းစုကြား၊ အခွင့်အရေးမဲ့ လူများစုကြီးနဲ့ အခွင့်ထူးခံ လူနည်းစုကြား၊ ဓမ္မ၀ါဒီနဲ့ အဓမ္မ၀ါဒီတွေကြား၊ မိဘပြည်သူနဲ့ စစ်အာဏာရှင်ကြားက အကျိုးစီးပွားတွေဟာ ပြဒါးတလမ်း သံတလမ်း သွေဖည် ဆန့်ကျင်နေတာကို ညွှန်ပြနေတာပါ။ ဒီတော့ လွှတ်တော်ထဲမှာ စစ်အာဏာရှင်စိတ်ကြိုက် ရွေးချယ်ထည့်သွင်းထားတဲ့ ဘမျိုးဘိုးတူ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းဟာ ပြည်သူလူထုရဲ့ ဆန္ဒဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဘယ်သောအခါမှ သူတို့အကျိုးစီးပွားနဲ့ အာဏာ အထိပါးခံပြီး ထောက်ခံဖြည့်ဆည်းပေးလိမ့်မယ် မဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပါပဲ။

ဒီအဖြစ်အပျက်က ရလိုက်တဲ့ အကျိုးအမြတ်တွေထဲက အထင်ရှားဆုံးကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ပုဒ်မ ၄၃၆ (က) နှင့် (ခ) နဲ့ ပုဒ်မ ၅၉ (စ) စတဲ့ ပုဒ်မဆိုးတွေကို အာဏာရှင်အလိုကျ မပြင်ဖို့ ကန့်ကွက်မဲ ပေးတဲ့သူတွေဟာ စစ်မှန်တဲ့ ပြောင်းလဲရေးကို မလိုလားတဲ့ သူတွေပဲဆိုတာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိသွားစေခြင်းပါပဲ။

အခြားအကျိုးအမြတ်တွေကတော့ ၁။ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးတွေ အားကောင်းလာမယ်၊ ၂။ လူ့စည်းနဲ့ ဘီလူးစည်း ကွဲပြား ထင်ရှားသွားတာမို့ ပြည်သူလူထုနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား ပိုမိုစည်းလုံး ညီညွတ်လာမယ်၊ ၃။ မင်းသားနဲ့လူကြမ်း ကွဲသွားတာမို့ ၂၀၁၅ ရွေးကောက်ပွဲအကြို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်ပေးသလို ဖြစ်သွားတယ်၊ ၄။ စစ်တပိုင်းအစိုးရအပေါ် နိုင်ငံတကာနဲ့ ပြည်ပဖိအားတွေ ပိုတိုးလာမယ်၊ ၅။ စစ်တပိုင်းအစိုးရရဲ့ အနှစ်သာရမပါတဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် သံသယတွေ ပိုလို့ကြီးထွားစေပြီး နိုင်ငံတကာ မိသားစုတွေရဲ့ ထောက်ခံမှုတွေ လျော့ကျသွားစေတယ်။

တကယ်တော့ စစ်အာဏာရှင်နဲ့ အပေါင်းအပါ စစ်သားအမတ်တွေရဲ့ ဦးတည်ချက်နဲ့ လားရာက ရှင်းတယ်။ အာဏာလက်မလွှတ်ရေးပါပဲ။ သူတို့အလုပ် သူတို့ ပြတ်ပြတ်သားသား လုပ်နေတာပါ။ တို့ပြည်သူတွေကလည်း တို့အလုပ် တို့လုပ်ရမှာပေါ့။ စစ်မှန်တဲ့ ဒီမိုကရေစီ ရနိုင်အောင် ပြင်ရမယ့် ပုဒ်မ ၄၃၆ အပါအဝင် စံနှုန်းမမီတဲ့ ပုဒ်မတွေ ပြင်နိုင်အောင်၊ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာအောင် အစွမ်းရှိသရွေ့ လုပ်ဆောင်ကြရမှာဖြစ်တယ်။

ပြုပြင်ပြောင်းလဲရေးသမားတွေလို့ မြန်မာပြည်သူတချို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ တဖွဲ့လုံးဟာ တကယ်တော့ ပြည်သူ့ဆန္ဒဖြစ်တဲ့ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ဗြောင်ငြင်းဆန်ခဲ့ကြသူတွေပါ။ ကြိုတင်မဲ၊ မဲလိမ်မဲညစ်တွေအပြင် ပြိုင်ဘက်မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ လက်ရှိသမ္မတနေရာ ယူထားတဲ့ ဦးသိန်းစိန်ဟာ မြန်မာ့တပ်မတော်ကို လုပ်ချင်တာလုပ်ဖို့ အမြင့်ဆုံးအာဏာ အပ်နှင်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ ကော်မရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန် ယူခဲ့သူ၊ အမျိုးသားညီလာခံမှာ သဘာပတိတာဝန် ယူခဲ့သူပါ။

ဘုစုခရုပြစ်မှုတွေကစလို့ ပဉ္စာနန္တိယကံကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မူကုဋေကုဋာနဲ့ မတရားသဖြင့် ရယူထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့ စည်းစိမ်ဥစ္စာ အာဏာနဲ့ ဘ၀တွေကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံတော် အာဏာကို  ရာသက်ပန် သိမ်းပိုက်ထားဖို့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ၁၉၉၀ ပြည့်နှစ်ကျော်က စတင်ပြီး သူတို့စိတ်ကြိုက် ရေးဆွဲခဲ့ကြတယ်။

နှစ်ပေါင်း ၂၀ နီးပါးကြာအောင် စိမ်ပြေနပြေ အချိန်ယူ စိတ်ကြိုက်ရေးဆွဲပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းကြီးနဲ့အတူ တို့ပြည်သူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးသိမ်းပိုက်ဖို့ အဲ့ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုးကို ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်သူတွေအပေါ် မသာအိမ် ဖဲလိမ်ရိုက်သလို အကောက်ဉာဏ်တွေသုံးပြီး အများသဘောဆန္ဒ အတုအယောင်တွေနဲ့  ဇွတ်အတည်ပြုခဲ့တာ ဘယ်သူမှငြင်းနိုင်လိမ့်မယ် မထင်မိဘူး။

စစ်အာဏာရှင်ခေတ် တလျှောက်လုံး နိုင်ငံတော်အဆင့် ရာဇ၀တ်မှုကြီးတွေ ကျူးလွန်ခဲ့သူတွေ၊ ခေတ်အဆက်ဆက်မှာ လက်နက်မဲ့ ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့သူတွေ၊ နိုင်ငံပိုင်ပစ္စည်းတွေ အလွဲသုံးစားပြုပြီး ချမ်းသာ ကြွယ်ဝနေသူတွေသာမက အခုရော နောင်ရော စစ်အာဏာရှင်နဲ့  အပေါင်းအပါတွေရဲ့ အကျိုးစီးပွားအတွက် ရာဇ၀တ်မှု၊ မတရားမှု ကျူးလွန်ပေးမယ့် သူတွေကို စိတ်ချလက်ချ အကာအကွယ်ပေးဖို့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၅ မှာ… ၎င်းတို့၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ အတိအလင်း ပါရှိပါတယ်။

ဒီပုဒ်မဟာ မကောင်းမှု အားပေးတဲ့ ပုဒ်မဖြစ်တယ်။ ငရဲခွေးကြီးတွေကို ဘေးမဲ့ပေးလွှတ်ထားတဲ့ ပုဒ်မဖြစ်တယ်။ ရာဇ၀တ်သားတွေ ပုန်းကွယ်ကွန်းခိုရာ ပုဒ်မဆိုးကြီးတခု ဖြစ်တယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ကို လုပ်ချင်တာ လုပ်ခွင့်လိုင်စင် အပ်နှင်းထားပေးတဲ့၊ စစ်တပ်ကို ဥပဒေအထက်မှာ နေရာယူခွင့်ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် မပြင်နိုင်သရွေ့ အရုပ်ဆိုး အကျည်းတန်တဲ့ အဖြစ်အပျက်တွေ ဆက်ဖြစ်နေဦးမှာပါပဲ။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေါင်းမာဂိုဏ်းသား စစ်ဗိုလ်ချုပ်တွေ “စည်းကမ်းပြည့်ဝသော” လို့ နာမည်တပ်ထားကြတယ်။ တကယ်တော့ သူတို့ရဲ့အဓိပ္ပာယ်အစစ်က “စစ်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းကသာ ထာဝစဉ်ကြီးစိုး လွှမ်းမိုးထားရေး” အခြေခံဥပဒေသာဖြစ်ပါတယ်။ သူတို့ ပြောပြောနေတဲ့ ပြည်သူဆိုတာကလည်း အခွင့်ထူးခံ၊ လက်ဝေခံပြည်သူ လူနည်းစုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူများစုကြီးဖြစ်တဲ့ လယ်သမား အလုပ်သမား တိုင်းရင်းသား လက်လုပ်လက်စားတွေရဲ့ ဘဝဟာ ငတ်မွတ်ကန်းမွဲပိပြား တုံးအောက်ကဖားလို ဆင်းရဲ နုံချာမွဲခြောက် လူရုပ်မပေါက်တော့တာ ကမ္ဘာသိဖြစ်တယ်။

ဒါကြောင့် နှစ်ပေါင်း ၆၀ ကျော် ဘ၀လုံခြုံမှု ကင်းမဲ့နေတဲ့ ပြည်သူတွေကို ဘ၀လုံခြုံမှု ပေးနိုင်အောင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်သွေးစင်တဲ့အထိ ပြင်ရလိမ့်မယ်။

လွှတ်တော်တွင်း နိုင်ငံရေးရဲ့ အားနည်းချက်တွေကို ဖြည့်စွက်နိုင်ဖို့ လွှတ်တော်ပြင်ပ နိုင်ငံရေးက ပိုအားကောင်းလာမယ်၊ လွှတ်တော်ပြင်ပမှာ ပြည်သူလူထုရှိတယ်၊ ကွန်ရက်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ ရှိတယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိတယ်၊ အဝေးရောက် အတိုက်အခံ အင်အားစုတွေ ရှိတယ်၊ ပြည်ပမှာ အလုပ်လုပ်နေသူတွေရှိတယ်၊ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတကာ မိသားစုတွေရှိတယ်။ ဒီအားတွေ စုပေါင်းချိတ်ဆက်ပြီးတော့ လွှတ်တော်ပြင်ပကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့  ငြိမ်းချမ်းစွာ ဆန္ဒပြု ဖိအားပေးတဲ့ နည်းလမ်းမျိုးစုံသုံးလို့ ရပါတယ်။ စတစ်ကာ ကမ်ပိန်းလုပ်မလား၊ မြူးဇစ်ပွဲတော် လုပ်မလား၊ ကဗျာပွဲတော် လုပ်မလား၊ စာပေပွဲတော် လုပ်မလား၊ အဖြူရောင်လှုပ်ရှားမှုမျိုးစုံ လက်မှတ်ထိုးပွဲ၊ လူထုချီတက်ပွဲတွေ၊ လူထုအခမ်းအနားကြီးတွေနဲ့ ပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖော်ထုတ်ပြသလို့ ရပါတယ်။

ဥပမာ … လာမယ့် ဇူလိုင် ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လူထုချီတက်ပွဲလိုမျိုးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထင်ထင်ရှားရှား ပြသလို့ ရပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဆောင်ရာမှာ အထူးသတိပြုရမယ့် အချက်နှစ်ချက်ရှိပါတယ်။ ၁။ အကြမ်းမဖက်ပါနဲ့၊ ၂။ ညီညွတ်မှု မထိခိုက်ပါစေနဲ့၊ ဒီမိုကရေစီအင်အားစု အချင်းချင်း ရန်မဖြစ်ပါနဲ့။ ကိုယ်လုပ်နိုင်သလောက်၊ ကိုယ့်အခြေအနေ ပေးသလောက် လူတိုင်းဟာ ကိုယ့်အနာဂတ်အတွက်၊ ကိုယ့်နိုင်ငံရဲ့ အနာဂတ်အတွက် ရိုးရိုးသားသား အားလုံးဝိုင်းဝန်း ပါဝင်ထုဆစ်သင့်ပါတယ်။ အဓိကပြောချင်တာကတော့ ပြည်သူလူထုမပါတဲ့ ပြောင်းလဲမှုတိုင်းဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး ဆိုတာပါပဲ။ ကိုယ်ပိုင်တဲ့အရာ၊ ကိုယ့်အနာဂတ် လုယူခံထားရတာကို ပြန်ရအောင်ယူဖို့ ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်သုံးပါးကံ၊ ဉာဏ်ပညာ၊ သတ္တိ၊ ဇွဲလုံ့လ၊ ၀ီရိယတွေနဲ့ အစွမ်းရှိသရွေ့ ကြိုးပမ်းရမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။ လက်နဲ့ယူနိုင်တဲ့သူကယူ၊ ခြေနဲ့ကလော်နိုင်တဲ့သူက ထိုးကလော်ယူ၊ သွားနဲ့ဆွဲနိုင်သူက သွားနဲ့ဆွဲ၊ ခေါင်းနဲ့တိုက်နိုင်သူက ခေါင်းနဲ့တိုက်၊ ကိုယ်နဲ့တွန်းသူက ကိုယ်နဲ့တွန်းလို့ ညီညီညွတ်ညွတ် စုစည်းပြီး ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။

ဒီနေ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးပြဿနာဟာ မိဘပြည်သူနဲ့ စစ်အာဏာရှင်ကြားက အကျိုးစီးပွားနဲ့ ဘ၀လုံခြုံ မှုဆိုင်ရာ ပဋိပက္ခပါ။ ဒီပဋိပက္ခကြားထဲမှာ တချို့လူတွေက လောလောဆယ် ဘ၀လေးတွေ အတော်အတန် အခြေကျနေလို့ နိုင်ငံရေးကို ကိုယ်နဲ့ မဆိုင်ဘူးထင်ပြီး လက်ရှောင်နေသူတွေရှိတယ်။ ကြားနေသူတွေရှိတယ်။

အုပ်ချုပ်ပုံစနစ် မမှန်ကန်ဘဲ တိုင်းပြည်တပြည် နိမ့်ပါးဆင်းရဲနေပြီဆိုရင် အာဏာရှိတဲ့လူ၊ အာဏာမဲ့တဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ ဘယ်သူမဆို အဲ့ဒီနိမ့်ပါးဆင်းရဲမှုဒဏ်ရဲ့ ရိုက်ခတ်မှုကို ခံကြရမှာပါ။

တရားဥပဒေမစိုးမိုးတဲ့ နိုင်ငံမှာ ကိုယ်ဝန်ဆောင်ဗိုက်ထဲက သန္ဓေသားလောင်းကနေ သင်္ချိုင်းကုန်း ရောက်နေတဲ့ ရုပ်ကလာပ်ဟောင်းထိ ဘယ်သူတွေရဲ့ဘ၀မှ လုံခြုံမှုမရှိဘူး။ စစ်အာဏာရှင်ကြီး ဦးနေ၀င်း ဘ၀တောင် ဘယ်လို နိဂုံးသပ်ခဲ့ရသလဲ။ မသန့်ပြန့်တဲ့ လေတွေ နေ့စဉ်ရှူရမယ်၊ ပတ်ဝန်းကျင်က ရောဂါပိုးတွေ ကူးစက်တာခံရမယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ ရှောင်လို့ မလွတ်နိုင်ဘူး၊ ဆေးဝါးအတုတွေ သုံးစွဲရမယ်၊ ရောဂါထူမယ်၊ အသက်တိုမယ်။ အရည်အသွေးနိမ့်ကျတဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် နေ့စဉ်ငရဲခံရမယ်၊ ပင်ပန်း ဆင်းရဲကြီးမယ်၊ ပညာရေးညံ့ဖျင်းမှုဒဏ်ကို ကိုယ့်သားသမီး မြေးမြစ်တွေကျော်တဲ့အထိ ခံကြရမယ်၊ အသိတရား နိမ့်ပါးပြီး စေတနာယုတ်ညံ့တဲ့ အုပ်စိုးသူလူတန်းစားနဲ့ ဆက်ဆံနေထိုင်ရင်း အကုသိုလ်တွေ နေ့စဉ်ရနေမယ်၊ ရေးမယ်ဆိုရင် သက်ရောက်မယ့် ဆိုးကျိုးတွေက ရေးလို့မကုန်နိုင်ဘူး။ ဆိုလိုချင်တာက ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေး ပဋိပက္ခဟာ လူတိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။

ဒါကြောင့် မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်သင့်တဲ့ တာဝန်ကြီးတရပ်ကတော့ လာမယ့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ကိုယ့်အသည်းကြားက မဲတပြားကို အသုံးချပြီး အဓမ္မ၀ါဒီတွေ၊ ဖိနှိပ်သူတွေ၊ အခွင့်ထူးခံတွေ၊ စစ်အာဏာရှင်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း တခဲနက်ပြသကြဖို့ လိုပါတယ်။

ဒါမှသာ စစ်မှန်တဲ့ ပြည်သူ့အစိုးရတရပ် ပေါ်ထွန်းလာပြီး နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံတွေ အားလုံးကို ချုပ်ငြိမ်းသွားအောင် လုပ်ဆောင်နိုင်လိမ့်မယ်။ မြန်မာနိုင်ငံမှာ ဘယ်သောအခါမှ စစ်အာဏာရှင်စနစ် တဖန်ပြန်လည် အမြစ်ထွက်ရှင်သန်မလာစေဖို့ အပြီးတိုင် ရှင်းလင်း သုတ်သင်ပစ်နိုင်အောင် စွမ်းအားကြီးတဲ့ မဲတပြား၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ပေးစွမ်းနိုင်တဲ့ မဲတပြား၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ ဗျောသံတဝေဝေနဲ့ ပျားရည်မြစ်တွေ စီးဆင်းစေနိုင်မယ့် မဲတပြားဟာ ပြည်သူတိုင်းက ပိုင်ဆိုင်ထားတာမို့ ထိထိရောက်ရောက် အသုံးချကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုက်ပါတယ်။

လေးစားစွာဖြင့်

(မင်းကောင်းချစ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013