DVB Logo
Home
Lead Story
“အာဏာရမ္မက်ကြီးသူတွေက တနည်းမဟုတ်တနည်း မတရားတာတွေ လုပ်တတ်တယ်” ဦးသုဝေနှင့် မေးမြန်းချက်
DVB
·
July 14, 2015
“အာဏာရမ္မက်ကြီးသူတွေက တနည်းမဟုတ်တနည်း မတရားတာတွေ လုပ်တတ်တယ်” ဦးသုဝေနှင့် မေးမြန်းချက်
Donate to DVB

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အနေနဲ့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ  ကိုယ်စားလှယ်လောင်း (၆၀) လောက် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပါတီခေါင်းဆောင် ဦးသုဝေက ရန်ကုန် စမ်းချောင်းမြို့နယ်၊ ပါတီအထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ရန်ကုန် ကျောက်တံတားမြို့နယ်နဲ့ ပါတီထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပဲခူးတိုင်း ကြို့ပင်ကောက်ကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကို ဆက်သွယ် မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို သတ်မှတ်ကြေညာထားပြီ ဆိုတော့ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား၊ ကိုယ်စားလှယ်လောင်းတွေ ဘယ်နေရာတွေမှာ၊ မဲဆန္ဒနယ် ဘယ်နှစ်ခုလောက်မှာ ပါတီအနေနဲ့ ၀င်ပြိုင်ဖို့ရှိပါသလဲ။

“ကျနော်တို့က ပါတီရုံးခွဲတွေ ပြည်နယ်တွေမှာ မရှိဘူး၊ တိုင်း ၇ တိုင်းထဲက ၆ တိုင်းမှာပဲ ရှိတယ်။ မကွေးတိုင်းမှာမရှိဘူး။ အဲဒီ တိုင်း ၆ တိုင်းကနေ ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေကို အချက်အလက်လေးတွေ ပေးပြီး ရွေးခိုင်းနေပါတယ်။ ပါတီရဲ့ မူဝါဒတွေကို ယုံကြည်ပြီး တက်တက်ကြွကြွလုပ်တဲ့သူ၊ လူထုက သူ့ဒေသမှာ လေးစားတဲ့သူ၊ နောက်ပြီးတော့  ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို ကိုယ်ကိုယ်တိုင်ခံနိုင်တဲ့သူ၊ အဲလိုလူမျိုးကို ကျနော်တို့ ပါတီဌာနချုပ်မှာ ကိုယ်စားလှယ် ရွေးချယ်ကော်မတီ အဲဒီကိုတင်ဆိုတော့ အခု ၆၀ ကျော်လောက်ရှိပါပြီ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း။”

ဦးသုဝေ အပါအ၀င် ပါတီခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေရော ဘယ်နေရာတွေမှာ ၀င်ပြိုင်သွားဖို့ အစီအစဉ်ရှိပါသလဲ။

“ကျနော်လည်းပဲ စမ်းချောင်းမြို့နယ်က ၀င်ပြိုင်ဖို့ စဉ်းစားထားတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက ကျောက်တံတားနဲ့ ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပဲခူးတိုင်း ကြို့ပင်ကောက်မှာ ပြည်သူ့လွှတ်တော်အတွက်  ယှဉ်ပြိုင်မှာပါ။”

ဒီမိုကရက်တစ်ပါတီလို ပါတီအကြီးကြီးလည်းမဟုတ် အသေးလေးလည်းမဟုတ် အလယ်အလတ်ပါတီတွေအနေနဲ့  ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေပါသလဲ၊ ပါတီရန်ပုံငွေအတွက် ကောက်ခံနေတာလည်း တွေ့ရတယ်လေ၊ ငွေကြေးနဲ့ တခြားဘယ်လို စိန်ခေါ်မှု အခက်အခဲတွေ ရှိနေပါသလဲ။

“အဓိကက ငွေကြေးအခက်အခဲပဲဗျ၊  အခက်အခဲရှိတဲ့အခါကျတော့ အဲဒီငွေကြေးကို တချို့ ကမ်းလှမ်းတာတွေ ဘာတွေတော့ရှိတယ်။ ဒါပေမယ့် တချို့က ကိုယ့်ပါတီအပေါ်မှာ ၀င်စွက်ဖက်ချင်တဲ့ သဘောမျိုး၊ သြဇာလွှမ်းချင်တဲ့ သဘောမျိုးတို့ အဲဒါမျိုးတွေကြတော့ ကျနော်တို့က လက်မခံဘူးပေါ့နော်။ ပါတီရဲ့သိက္ခာ နိုင်ငံရေးသမားရဲ့ သိက္ခာအရပေါ့။ ကျနော်တို့ကတော့ အလှူငွေထည့်ဖို့ ကြေညာထားတယ်။ ကျနော်တို့ပါတီကို လှူမယ်ဆိုတာမျိုးကြတော့ ကျနော်တို့က လက်ခံမှာပေါ့။ တခြားတော့ အခက်အခဲမရှိဘူး။ ငွေသာရှိရင် အများကြီးလုပ်နိုင်တာပေါ့။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရော သမ္မတကရော လာမယ့် ရွေးကောက်ပွဲကို သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ ဒါပေမယ့် လက်ရှိ ထုတ်ပြန်ထားတဲ့ အခြေခံ မဲဆန္ဒရှင်စာရင်းတွေက အမှားအယွင်းတွေ ကြီးကြီးမားရှိနေတယ်၊ တခြားဘယ်လို ပြဿ   နာတွေ ရှိနေသေးလဲ။  လက်ရှိ ရွေးကောက်ပွဲ အခင်းအကျင်းဟာ လွတ်လပ်မျှတတဲ့ အခင်းအကျင်းလို့ပြောနိုင်ပါသလား။

“ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ သန့်ရှင်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်ဟာ ငြိမ်ဝပ်ပိပြားနေတဲ့ တိုင်းပြည်မျိုးမဟုတ်ဘူး၊ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတယ်။ ဆန့်ကျင်ဘက်တွေ ရှိနေတဲ့ တိုင်းပြည်မျိုးမှာ တကယ်တမ်း လွတ်လပ်တယ်၊ တကယ်တမ်း တရားမျှတတယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့  အထူးသဖြင့် ကျေးရွာတို့ နယ်ခြားဒေသတွေတို့မှာ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေရဲ့ သြဇာအတိုင်း သူတို့ လိုက်လုပ်ရတယ်။ ဒါကြောင့်မို့လို့ တရားမျတတယ်၊ လွတ်လပ်တယ် ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မြို့ပေါ်မှာကျတော့ အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေတော့ မရှိဘူး။ တခြားနည်းအားဖြင့်ပေါ့နော် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေနဲ့ ကြိုက်သလို လုပ်သွားလို့ရတယ်။ အခုလည်းပဲ မဲစာရင်းတွေမှာ မှားနေတဲ့ဟာ ဘယ်လောက်မှားလဲ။ ဘာခေါ်မလဲ ရွေးကောက်ပွဲဟာ အာဏာနဲ့ဆိုင်တယ်၊ အခွင့်အရေးနဲ့ ဆိုင်တယ်၊ ရာထူးနဲ့ ဆိုင်တယ်ဆိုတဲ့ အခါကျတော့  အာဏာရမ္မက်ကြီးတဲ့သူတွေက တနည်းမဟုတ်တနည်းနဲ့  မတရားတာတွေ လုပ်တတ်တာပဲလေ။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ဒါပေမယ့် နေရာ ၃ နေရာလောက်မှာပဲ အနိုင်ရပြီး သိပ်တော့ အောင်မြင်မှုမရခဲ့ဘူး။ အခုရော အနိုင်ရဖို့ ဘယ်လောက်ထိ ရည်မှန်းထားပါသလဲ။ ဦးသုဝေ ကိုယ်တိုင်ရော လွှတ်တော်အမတ်တယောက် ဖြစ်လာဖို့ ဘယ်လောက်အထိ မျော်မှန်းထားလဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီရဲ့ ရည်မှန်းချက်ပေါ့နော် ဘယ်လိုရှိပါသလဲ။

“အဲဒါကတော့ ဘယ်သူမဆို ကြိုးစားရမှာပေါ့နော်။ အပိုင်တော့ ပြောလို့မရဘူးပေါ့နော်၊ ကျနော်က စမ်းချောင်းက ၀င်မှာလေ၊ စမ်းချောင်းက တကယ်နိုင်ငံရေး နိုးကြားတဲ့ မြို့နယ်ပေါ့၊ အဲဒီတော့ နိုင်ငံရေးအရ သူတို့ကို ချဉ်းကပ်ပြီးတော့လုပ်မှာ၊ ကြိုးစားရတော့မှာပေါ့နော်၊ ဒီမိုကရေစီ ရွေးကောက်ပွဲဆိုတော့ တတ်နိုင်သမျှ ကြိုးစားတာပေါ့။”

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဦးသုဝေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မီဒီယာတွေနဲ့ တွေ့ဆုံပြောခဲ့တာ ရှိပါတယ်။ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်ခွာနေပါပြီ၊ ဒီမိုကရေစီခရီးကို ထွက်မယ့် လှေကြီးကမ်းက ခွာနေပါပြီ အားလုံးလိုက်ခဲ့ကြဖို့ ပြောခဲ့တာရှိပါတယ်။ အခုချိန်မှာ ပြန်သုံးသပ်ရင် အဲဒီလှေကြီး ဘယ်ကို ခရီးပေါက်နေပြီလို့ ပြောချင်ပါသလဲ။

“တကယ်တမ်းပြောရင် အစိုးရကလည်းပဲ အများကြီး ကြိုးစားတာတွေ့ရပါတယ်။ အဘက်ဘက်မှာလည်း တိုးတက်မှုတွေ တွေ့ပါတယ်။ သို့သော် ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်တော့ မရောက်သေးဘူးပေါ့ဗျာ။ ဆက်ကြိုးစားရဦးမှာပေါ့။ ထိုင်းမှာတုန်းက ကျနော် ပြောခဲ့တာက တပ်မတော်ကြီးဆိုတာ ဆုတ်နေပါပြီ၊ နှစ်ပေါင်းများစွာ သူတို့ အုပ်စိုးခဲ့တာ။ အဲဒီ ဆုတ်တဲ့နေရာမှာ နိုင်ငံရေးပါတီတွေက မြန်မြန်ဆန်ဆန်နေရာဝင်ယူဖို့ ကောင်းတယ်လို့ ကျနော် ပြောခဲ့တယ်။ ဒါမေယ့် ကျနော်တို့ နိုင်ငံရေးပါတီတွေက အစိုးရလည်းမယုံ၊ တပ်မတော်လည်း မယုံ ဆိုတဲ့အခါကျတော့ ၀င်ပြီးတော့ နေရာယူဖို့ တွန့်နေတယ်၊ ဆုတ်နေတာပေါ့ဗျာ၊ အဲဒါကြောင့် မြန်မြန်ဆန်ဆန်မပြီးတာလို့ ယူဆတယ်ဗျ။”

၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး အခြေအနေဟာ ခုလက်ရှိ အနေထားနဲ့ နှိုင်းယှဉ်လိုက်ရင်  ဘယ်လောက်အထိ အပြောင်းအလဲတွေမြင်ရမလဲ၊ ၀ါရင့်နိုင်ငံရေးသမားတယောက် အနေနဲ့  ဘယ်လောက်ထိ ပြောင်းလဲမယ်လို့ မျှော်မှန်းထားပါသလဲ။

“ကျနော်တို့ မြန်မာနိုင်ငံမှာ လက်ရှိ အခြေအနေတွေဟာ သန့်သန့်ရှင်းရှင်း မရှိဘူးဗျ၊ ရောနေတယ်၊ ရှုပ်ထွေးနေတယ်။ ကျနော်တို့ ခန့်မှန်းကြည့်တာကတော့ ဘယ်ပါတီမှ အစိုးရဖွဲ့နိုင်လောက်တဲ့ အင်အားမရနိုင်ဘူးလို့ ထင်တယ်။ အဲတော့ လာမယ့် အလားအလာ ကတော့ ညွန့်ပေါင်းအစိုးရပဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အဲဒီ ညွန့်ပေါင်းအစိုးရမှာ လူကောင်းတွေရမယ်၊ ပါတီကောင်းတွေ ရမယ်ဆိုရင်တော့ တိုင်းပြည်ကောင်းနိုင်တာပေါ့။ ကျနော်ကတော့ ကောင်းလာလိမ့်မယ်လို့ ယူဆပါတယ်။ နှစ်ဘက်စလုံးက ကြိုးစားနေတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် တဖြည်းဖြည်းတော့ ကောင်းတဲ့ဘက်ကို ရောက်လာမယ်လို့ ကျနော်ကတော့ ကောင်းတဲ့ဘက်ကနေ ကြည့်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013