DVB Logo
Home
Lead Story
“နီးစပ်ရာသူတို့ရဲ့ ယန္တရား၊ အဆောက်အဦတွေကို ၀င်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးထား” ဗိုလ်မှူးဆန်းအောင်နှင့် မေးမြန်းချက်
DVB
·
July 14, 2015
“နီးစပ်ရာသူတို့ရဲ့ ယန္တရား၊ အဆောက်အဦတွေကို ၀င်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးထား”   ဗိုလ်မှူးဆန်းအောင်နှင့် မေးမြန်းချက်
Donate to DVB

အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ)တို့အကြား ဒီကနေ့မှာ ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ကလိုထူးဘောအခြေစိုက် စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စောဆန်းအောင်ကို မေးမြန်းထား ပါတယ်။

ဗိုလ်မှူး ဆန်းအောင်ရှင်။ ဒီကနေ့ တိုက်ပွဲပြန်ဖြစ်တဲ့ အခြေအနေတွေ ပြောပြပါဦး။
“ဒီနေ့ ကော့ကရိတ်ရဲ့တောင်ဘက်ခြမ်း၊ အာရှလမ်းသစ်တောင်ဘက်ခြမ်းမှာ ဖြစ်တယ်။ သူတို့ ပထမကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ပစ်ရင်းတက်ရင်းလုပ်တယ်။ လုပ်တော့ ကျနော်တို့လူနဲ့တိုးတော့ ပစ်ခတ်မှုဖြစ်တာပေါ့။ ဒီမြို့ဟောင်းအနီးအနားမှာလေ။”

နေရာက ဘယ်နေရာမှာဖြစ်တာလဲ။
“ဒီ အာရှလမ်းမသစ်ရဲ့ တောင်ဖက်ခြမ်းမှာပေါ့။ အာရှလမ်းမနဲ့ဆိုရင် ၁ မိုင်ကျော် ၂ မိုင် ၀န်းကျင်လောက်ပဲ ဝေးတယ်။”

တိုက်ပွဲဖြစ်ချိန် ဘယ်လောက်အထိ ကြာလဲ။
“တိုက်ပွဲက ၁၀ နာရီခွဲကနေ ၁၂ အထိဖြစ်ပါတယ်ဗျာ။ လောလောဆယ်တော့ တန့်နေတယ်ပေါ့။”

အခုအဲဒီတနေရာပဲလား တခြားနေရာမှာလည်းဖြစ်လား။
“တခြားနေရာတော့ ပြောမတတ်ဘူးဗျာ။ လက်ရှိ ကော့ကရိတ်တောင်ဘက်ခြမ်း မြို့ဟောင်း အနီးအနားမှာပဲ ဖြစ်တယ်။ တခြားနေရာတော့ မသိရဘူး။ ”

ထိခိုက်သေဆုံးတာရော ရှိလား။
“မရှိဘူးဗျာ။ လက်ရှိ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။ တဖက်ရန်သူဘက်လည်း ကျနော်တို့လည်း မသိဘူးဗျာ။”

ဇူလိုင်လ ၂ ရက်နေ့ကစပြီး အခုချိန်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒီကေဘီအေဘက်က အကျအဆုံး ဘယ်လောက်ရှိလဲ။
“အကျအဆုံး ကျနော် အကြမ်းအားဖြင့် သိရတာ ၃ ယောက်ကျတယ်နော်။”

စစ်တပ်ကလည်း တချို့ဖမ်းဆီးရမိတာရှိတယ်လို့ သိရတယ်။ ဘယ်နှစ်ယောက်ဖမ်းမိထားလဲ။
“ဖမ်းတာကတော့ ဒီစစ်မြေပြင်မှာ ဖမ်းတာတော့ တယောက်ပဲ ရှိတယ်ဗျာ။ ကျန်တာက မြို့ထဲမှာ ဖမ်းတာ။ မြို့ထဲမှာက မြ၀တီမြို့ဆက်ဆံရေးရုံးမှာရှိတယ်။ တပ်သားဆန်းအောင်ကို ဖမ်းတယ်ဗျာ။ နောက်တယောက်ကျတော့ ကော့ကရိတ် ဆက်ဆံရေးမှူး ဗိုလ်မှူး သရဲနီပေါ့။ ဘီးလင်းမှာ ဖမ်းတယ်လို့ သတင်းရတယ်။ မနေ့က။ ”

နောက်ပြီး ညတုန်းကလည်း ဒီကော့ကရိတ်မြို့ ရဲဝင်းထဲမှာ လက်နက်ကြီးကျဉ်ကျတယ်လို့ပြော တယ်။ အဲဒီလက်နက်ကြီးက ဒီကေဘီအေက ပစ်ပါတယ်ဆိုပြီးတော့ ပြောနေကြတယ်။ အဲဒါ ဗိုလ်မှူးဆန်းအောင်တို့က ပစ်တာလား။
“ကျနော်တို့ကို ရန်သူတွေပစ်ခတ်မှု ရှိနေသ၍ နီးစပ်ရာ သူတို့ရဲ့ ယန္တရား အဆောက်အဦတွေကို ၀င်ရောက်တိုက်ခိုက်ဖို့ ကျနော်တို့ကတော့ အမိန့်ပေးထားတာရှိတယ်။ ကျနော်တို့ကို လက်နက်ကြီးနဲ့ နေ့စဉ်နဲ့အမျှပစ်မယ်ဆိုလို့ရှိရင် ကျနော်တို့လည်း အနီးကပ် လက်ပစ်ဗုံးသမားတွေကိုပေါ့လေ သူတို့ရဲ့ ယန္တရားတွေ၊ သူတို့ရဲ့တပ်အဆောက်အဦတွေ၊ ရှိတဲ့ စခန်းတွေကို ၀င်ပစ်ဖို့ ကျနော်တို့ အဲလို တာဝန်ပေးထားတာရှိတယ်။ ”

ဒါဆို မနေ့ညက ရဲဝင်းထဲကို ပစ်တယ်ဆိုတာ ဒီကေဘီအေက ပစ်တယ်လို့ ပြောလို့ရမှာပေါ့။
“ကျနော်တို့ ဒီကေဘီအေ ပစ်တယ်လို့ ပြောလို့ရပါတယ်ဗျာ။”

ဆိုတော့ ဗိုလ်မှူးဆန်းအောင်တို့အနေနဲ့ ဘာဖြစ်လို့ ရဲဝင်းကို ဒီလို သွားပစ်ရတာလဲ။
“ရဲက အစိုးရရဲ့ ယန္တရားလေ။ ရဲက သေနတ်ကိုင်တယ်လေ။ ပြည်သူတွေကိုလည်း ဖမ်းချင်ရင် ဖမ်းတယ်လေ။ ယူနီဖောင်းဝတ်ထားတယ်လေ။”

ဆိုတော့ အစိုးရ ယန္တရားတွေကို ဘယ်လိုမျိုးမျှော်လင့်ချက်နဲ့ ဒီလိုမျိုး ပစ်ခတ်မှုလုပ်ရတာလဲ။
“ကျနော်တို့ ဖောက်တာမဟုတ်ဘူး။ ကျနော်တို့ လက်ပစ်ဗုံးနဲ့ ၀င်ပစ်တာ။ ကျနော်တို့ လူကို ဖမ်းတယ်ဗျာ။ ရဲကပဲ အရင်ဖမ်းတယ်ဗျာ။ ဒီမြို့ထဲက လူတွေကို။ ”

အခုလက်ရှိ တိုက်ပွဲတွေကြောင့် ပြည်သူလူထုတွေ သွားရလာရတာလည်း သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့နော်။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်မှူး ဆန်းအောင်တို့က ဒီလိုမျိုး ခရီးသည်တွေကို တားမြစ်ထားတာရှိလား။

“ကျနော်တို့ တားမြစ်တာမရှိဘူး။ ကျနော်တို့ သရက်တော လမ်းပိတ်ထားတယ်။ လမ်းပိတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ အဲဒီကော့ကရိတ်ရဲမှူးကနေပြီး ကျနော်တို့ ဆက်ဆံရေးမှူးနဲ့ တွေ့တယ်။ ပြည်သူတွေ သွားလာတာ အခက်အခဲရှိတယ်။ လုပ်စားကိုင်စား စားဝတ်နေရေးအတွက် အခက်အခဲဖြစ်တယ်။ ပစ်တာကတော့ တပိုင်းပေါ့။ ဒါပေမယ့် လမ်းပွင့်ပေးပါပြောလို့ ကျနော်တို့ လမ်းပွင့်ပေးလိုက်ပြီ။ နောက်ပိုင်းမှာတော့ ကျနော်တို့ ပိတ်ဆို့တာတော့ မရှိပါဘူး။”

ဟုတ်ကဲ့။ ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ ပြန်ပြီးတော့ညှိနှိုင်းဆွေးနွေးဖို့ မရှိဘူးလား။
“အဓိက အာဏာရှိတဲ့ အစိုးရက ဆွေးနွေးမယ်ဆိုရင် ကျနော်တို့လည်း ဆွေးနွေးမှာပေါ့။ ကျနော်တို့ဆွေးနွေးဖို့ သက်သေ အထောက်အထား ပြလို့ရပါတယ်။ ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ဖိတ်ခေါ်တဲ့အချိန်မှာ ကျနော်တို့ လက်မှတ်ထိုးထားတယ်။ ထိုနည်းတူစွာပဲ။ လက်မှတ်အဆင့်ဆင့် ပေါ့လေ။ တိုင်းရင်းသားတွေအားလုံး မထိုးတဲ့လက်မှတ်တောင်မှ ကျနော်တို့ ဒီကေဘီအေက စံပြအနေနဲ့ ထိုးထားတာရှိတယ်။ နောက်ပြီး ကျနော်တို့ ငြိမ်းချမ်းရေး ဘယ်လောက်ထိ လိုလားတယ်။ ဘယ်လောက်ထိဆွေးနွေးလဲ။ ငြိမ်းချမ်းရေး ဖော်ဆောင်ချင်တဲ့လူက စေတနာ ဘယ်လောက်ရှိလဲ။ ကျနော်တို့ ပြည်သူကြားမှာ လေ့လာကြည့်လိုက်ပါ။ တကယ်တိုင်းရင်းသားတွေလိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးကို တကယ့်ကူညီလား အဲဒါတွေကို သတင်းမီဒီယာအနေနဲ့ ပြန်ပြီး သုံးသတ်ကြည့်ပေါ့။ ”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013