DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ရွှေဘိုတွင် ပဲတီစိမ်း အထွက်နှုန်းလျော့ပြီး အရှုံးပေါ်၊ တောင်သူနှင့်အလုပ်သမားများ အခက်ကြုံ
DVB
·
May 11, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ လက်ရှိ ပဲတီစိမ်း ရိတ်သိမ်းချိန်ဖြစ်ပေမဲ့ ပဲအထွက်နှုန်း နည်းပါးတာနဲ့ ကုန်ကျစရိတ် မြင့်မားတာတွေကြောင့် တောင်သူတွေ အရှုံးပေါ်နေကြပါတယ်။ 

ဒါ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပဲစိုက်တောင်သူတွေက ပြောပါတယ်။ 

လက်ရှိမှာ ပဲတီစိမ်း တတင်းကို ငွေကျပ် ၁၁၀,၀၀၀ ကနေ ၁၁၅,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကာ ဈေးကွက်ထဲမှာ အဝယ်ရှိနေပေမဲ့ တောင်သူအများစုကတော့ ပဲအထွက်နှုန်း နည်းပါးတဲ့အတွက် အမြတ်အစွန်း မရရှိဘဲ အရင်းသာသာရတာနဲ့ အရှုံးပေါ်တာတွေ ဖြစ်နေကြပါတယ်။

ပဲတီစိမ်း စိုက်ပျိုးရာမှာ တဧကကို ကုန်ကျစရိတ် ငွေကျပ် ၁၅ သိန်းကျော်အထိ ရှိပြီး အထွက်နှုန်းအနေနဲ့ကတော့ မြေအမျိုးအစားပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိတယ်လို့ ပဲစိုက်တောင်သူတ​ယောက်က ပြောပါတယ်။ 

 နုန်းတင်မြေ အနည်းငယ်မှာသာ တဧကကို ပဲ ၂၅ တင်းကနေ ၃၀ အထိ ထွက်ရှိပေမဲ့ လယ်ဧက အများစုကတော့ တဧကကို တင်း ၂၀ အောက်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။

တောင်သူတယောက်က “စိုက်ကွင်းတွေရဲ့ မြေအနေအထားမတူတဲ့အတွက် အထွက်နှုန်းတွေလည်း ကွာခြားပါတယ်။ နုန်းမြေတင်တဲ့ ကွင်းတွေက အထွက်နှုန်းကောင်းတော့ အမြတ်ကျန်ပေမဲ့ တခြားကွင်းတွေကတော့ အလွန်ဆုံးမှ ၁၅ တင်းလောက်ပဲ ထွက်ပါတယ်။ ၁၅ ရက်တခါ ရေတင်ရတဲ့အတွက် ရေတင်ခ၊ ပဲကောက်ခ၊ ဆေးဖြန်းခ စတဲ့ လုပ်အားခတွေ တက်လာသလို၊ ရေနံနဲ့ ဆေးဈေးတွေပါ မြင့်တက်လာတဲ့အပြင် ပဲအထွက်ပါ လျော့သွားတဲ့အတွက် အရင်ကလောက် အမြတ်မကျန်တော့ပါဘူး' လို့ ရှင်းပြပါတယ်။

ရွှေဘိုမြို့နယ်က တောင်သူတွေဟာ နှစ်စဉ် နွေစပါးကို အဓိကထား စိုက်ပျိုးလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ကနေ ရေပေးဝေမှု မရှိခဲ့တာကြောင့် နွေစပါးအစား ပဲတီစိမ်းကို ပြောင်းလဲစိုက်ပျိုးခဲ့ကြရတာ ဖြစ်ပါတယ်။

အဲဒီလို စိုက်ပျိုးရာမှာလည်း စက်ရေတွင်းကနေ ရေတင်စိုက်ပျိုးရတဲ့အတွက် စက်သုံးဆီဈေး၊ ဓာတ်မြေဩဇာဈေး၊ သယ်ယူပို့ဆောင်ရေးနဲ့ လုပ်အားခတွေ အစစအရာရာ မြင့်တက်လာမှုကြောင့် အခုလို အမြတ်မကျန်ဘဲ အရင်းသာရရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အခြားတဖက်မှာလည်း ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် လုပ်အားခတွေ တိုးလာပေမဲ့ အလုပ်သမားတွေအတွက် လောက်ငမှု မရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတယောက်က “အခု လုပ်အားခက တမနက်ကို ၆,၅၀၀ ကျပ်၊ တနေကုန်လုပ်မှ ၁၃,၀၀၀ ကျပ် ရပါတယ်။ ရတဲ့ လုပ်အားခက ဆီတဘူးဖိုးတောင် မရပါဘူး။ အလုပ်လုပ်ရတာကလည်း နေပူမိုးရွာမရှောင်၊ အပေါ်နားထောင်ရ အောက်ကြည့်ရနဲ့ အသက်အန္တရာယ်ကြားက လုပ်နေရတာပါ။ ဆန်၊ ဆီ ကအစ အကုန်ဈေးတက်နေလို့သာ လုပ်အားခ ဈေးတက်လာရတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။ ဒီလို နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကျေးရွာအများအပြားက အလုပ်သမားတွေဟာ နေ့စဉ် ပုံမှန်အလုပ်မလုပ်နိုင်ကြဘဲ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်နဲ့ပါ ပေါင်းစပ်ပြီး စားဝတ်နေရေးအတွက် အလွန် ခက်ခဲနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013