DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကို အနားပေး
DVB
·
July 14, 2015
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကို အနားပေး
1 / 2
Donate to DVB

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)က ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဦးကို ပြစ်တင်ရှုတ်ချပြီး ပါတီကနေ အနားပေးလိုက်ပါတယ်။

ဦးခင်မောင်ဦးဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် လျာထားသတ်မှတ်ဖို့ ပါတီဌာနချုပ်က ချမှတ်တဲ့ မူဝါဒတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာကြောင့်လို့ ပြည်ခိုင်ဖြိုးပါတီဗဟိုက ဇူလိုင် ၁၃ ရက်နေ့က ကြေညာပါတယ်။

ဒီအတွက် စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေစဉ် ဦးခင်မောင်ဦးက ပြည်နယ်ပါတီဝင်အဖြစ်ကရော ပါတီဝင်အဖြစ်ကပါ ဇွန်လ ၂၈ ရက်နေ့က နုတ်ထွက်ခွင့်တင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂ ရက်နေ့ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို အတည်ပြုပြီး “ပါတီဦးဆောင်မှုကို ခံယူလိုက်နာမှု၊ ပါတီဗဟိုရဲ့ ညွန်ကြားချက် တွေကို လိုက်နာဆောင်ရွက်မှုနဲ့ ပါတီတွင်းစည်းရုံးမှုတွေမှာ အားနည်းချက်တွေကြောင့် ပြစ်တင်ရှုတ်ချပြီး ဗဟိုကော်မတီဝင်အဖြစ်ကနေ အဆင့်လျော့ချကာ ပါတီဝင်အဖြစ်မှပါ အနားပေးကြောင်း” ပါရှိပါတယ်။

ဦးခင်မောင်ဦးဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်၊ ကယားပြည်နယ်ဥက္ကဋ္ဌလည်း ဖြစ်သလို ပြည်နယ် ၀န်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက ပြည်နယ်အစိုးရ၀န်ကြီး ၅ ဦး နုတ်ထွက်စာ တင်ခဲ့ကြတာဖြစ်ပါတယ်။ နုတ်ထွက်သူတွေအထဲမှာ ဦးခင်မောင်ဦးနဲ့အတူ တခြား ဗဟိုကော်မတီဝင် ၂ ဦးလည်း ပါဝင်ပါတယ်။ သူတို့တတွေရဲ့ နုတ်ထွက်မှုအပေါ်ကိုတော့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြည်ခိုင်ဖြိုးပါတီအတွက် ရွေးကောက်ပွဲနီးတဲ့ကာလမှာ ဗဟိုကော်မတီဝင် ၃ ဦး တပြိုင်နက်တည်း နုတ်ထွက်မှုဟာ ထူးခြားဖြစ်စဉ်တခုဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့က နုတ်ထွက်ကြတဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေကတော့ ၀န်ကြီးချုပ် ဦးခင်မောင်ဦး (ဗဟိုကော်မတီဝင်၊ ပါတီ ပြည်နယ်ဥက္ကဋ္ဌ)၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးချစ်လှ (ဗဟိုကော်မတီဝင်)။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပညာရေးဝန်ကြီး ဦးစိန်ဦး (ဗဟိုကော်မတီဝင်)၊ လျှပ်စစ်စက်မှုဝန်ကြီး ဦးစောခူးခူး (ပါတီဝင်)၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်နိုင်ဦး (ပါတီဝင်) တို့ဖြစ်ပါတယ်။

လစ်လပ်သွားတဲ့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကိုတော့ အစားမထိုးရ သေးပါဘူး။

လက်ရှိမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် (ကယားပြည်နယ်တာဝန်ခံ) ဦးလှသိန်းဆွေက ရွေးကောက်ပွဲအောင်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတွေ လုပ်ဆောင်နေသလို ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူက ခရိုင်၊ မြို့နယ်က ခေါင်းဆောင်တွေနဲ့အတူ ကျေးရွာတွေကို ကွင်းဆင်းပြီး ပါတီဝင်ထုနဲ့ လိုက်လံတွေ့ဆုံနေပါတယ်။

စီမံစီးပွားဝန်ကြီးဦးသောရယ်က နုတ်ထွက်မှုတွေဟာ ပါတီတာဝန်တွေကသာ နုတ်ထွက်ကြတာဖြစ်ပြီး အစိုးရအဖွဲ့ဝင်တွေ အဖြစ်ကတော့ အစိုးရသက်တမ်းကုန်တဲ့အထိ ဆက်လက်ထမ်းဆောင်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။
ဒီအနားပေးမှုကြောင့် ပြည်နယ်အစိုးရအဖွဲ့ဆောင်ရွက်ချက်တွေအပေါ် သက်ရောက်မှု မရှိလောက်ဘူးလို့ စီမံစီးပွားဝန်ကြီးဦးသောရယ်က ပြောပါတယ်။
“မရှိလောက်ပါဘူး။ စိတ်ပို်င်းဆိုင်ရာမှာတော့ မပြောတတ်ဘူးပေါ့။ လုပ်ငန်းကတော့ အစိုးရ၀န်ကြီးရဲ့တာဝန်အတိုင်း ထမ်းရမှာပေါ့။ သက်တမ်းကုန်တဲ့အထိတော့ ထမ်းကြရမှာပေါ့။” လို့ ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် လက်ရှိသမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်းတို့ ကယားပြည်နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ကိစ္စ ညှိနှိုင်းမှုနဲ့ ဒီနှုတ်ထွက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ကောလာဟလထွက်ပေါ်တဲ့အပေါ် ဦးသောရယ်ကတော့ ဒီကိစ္စကို အကြား သာရှိပြီး ထဲထဲဝင်ဝင် မသိဘူးလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013