DVB Logo
Home
မြန်မာသတင်း
၈၈ (ငြိမ်းပွင့်) ခေါင်းဆောင်များ ရွေးကောက်ပွဲဝင်လိုသူ နည်းပါး
DVB
·
July 13, 2015
၈၈ (ငြိမ်းပွင့်) ခေါင်းဆောင်များ ရွေးကောက်ပွဲဝင်လိုသူ နည်းပါး
Donate to DVB

လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးကို ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆောင်ရွက်မယ်လို့ အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျင်မီက ပြောပါတယ်။

သူက “ကျနော်တို့ကတော့ အဓိကတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဓိကအောင်နိုင်ရေးပေါ့။ ဒါကို ကျနော်တို့ ပူးတွဲကြေညာချက် မှာလည်း ပါပြီးပါပြီ။ အဓိကက ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့နဲ့ နှစ်ပေါင်းများစွာ အတူတူလက်တွဲခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် အရင်းအခြာတွေပဲ။ အဲဒီတော့ သူဦးဆောင်တဲ့ပါတီ အနိုင်ရရှိရေးက ဒါကျနော်တို့အတွက် အဓိကတာဝန်ပဲ” လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပ ထောက်ခံမှုရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ယှဉ်ပြိုင်ခွင့် ပထမဆုံးရရှိခဲ့တာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေခဲ့ရပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း ကိုယ်စားလှယ်နေရာ ၁၂၀၀ ခန့်ကို ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၀င်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှာဖြစ်ပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေဟာ သမိုင်းဝင်ရှစ်လေးလုံး လူထုအုံကြွမှုကို အစပြုတဲ့ကျောင်းသားလှုပ်ရှားမှုကို စတင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြပြီး ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ကြပါဘူး။

၁၉၉၀ ရွေးကောက်ပွဲကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရသလို သူတို့တတွေဟာလည်း နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရချိန်ဖြစ်ပါတယ်။

အသက်အရွယ်တန်းအရ ၅၀ ကျော်အတွင်းကို ရောက်ရှိရင့်ကျက်လာကြပြီဖြစ်တဲ့ သူတို့တတွေကို လွှတ်တော်တွင်းနိုင်ငံရေးကို ၀င်ရောက်လုပ်ကိုင်စေလိုကြတဲ့ ထောက်ခံ တိုက်တွန်းသူတွေလည်း အများအပြားရှိနေတာပါ။

ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) က ခေါင်းဆောင်တွေထဲက ဦးကိုကိုကြီး တဦးသာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ထုတ်ဖော်ပြောဆိုမှုရှိသေးပြီး ကျန်ထင်ရှားတဲ့ ခေါင်းဆောင်ပိုင်းက ၀င်ပြိုင်ဖို့ ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။

ဦးမြအေးက “သေချာတာကတော့ ကိုကိုကြီးတယောက်ပဲ ရှိသေးတယ်။ ကျနော်မ၀င်ဘူးခင်ဗျ။ ကိုပေါ် (ဦးမင်းကိုနိုင်)ကတော့ မ၀င်ဘူး။ ကိုကိုကြီး တယောက်ပဲရှိတယ်ဆိုပေမယ့် ကျန်တဲ့ အငယ်တွေလည်း မပြောတတ်သေးဘူး” လို့ ပြောပါတယ်။

ဦးကိုကိုကြီးကတော့ သူ့အနေနဲ့ လွှတ်တော်နိုင်ငံရေးလုပ်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာကို ထပ်မံအတည်ပြုပါတယ်။ အဖွဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ အလွတ်သဘော ညှိနှိုင်းပြောဆိုတာရှိပေမယ့် အသေးစိတ် ပြောဆိုလိုခြင်း မရှိသေးဘူးလို့ ပြောပါတယ်။

ဦးကိုကိုကြီးက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့နဲ့ ပူးတွဲကြေညာချက် ထုတ်ထားတာ ရှိတယ်။ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ယုံကြည်ချက်တူ၊ ရည်ရွယ်ချက်တူတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကို ကျနော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ ၀န်းရံသွားမယ်ဆိုတာက အဖွဲ့ရဲ့ ရပ်တည်ချက်ပဲ။ အဲဒီမှာမှ ရွေးကောက်ပွဲဖြတ်သန်းမှု နဲ့ပတ်သက်လို့က အဖွဲ့မှာရှိတဲ့ တဦးချင်းရဲ့ ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲဝင်မယ် မ၀င်ဘူးဆိုတာကို ဆုံးဖြတ်သွားမယ့်သဘောရှိပါတယ်” လို့ ပြောပါတယ်။

ကိုယ်စားလှယ်လောင်းစာရင်းတွေကို လာမယ့်သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး တင်ရမှာဖြစ်ပါတယ်။ ၈၈ (ငြိမ်းပွင့်) က ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြိုင်မှု မပြိုင်မှုထက် အဆင့်လိုက်လုပ်ဆောင်မယ့် အချိန်ဇယားကတော့ ပြင်ဆင်ထားပါတယ်လို့ သူက ပြောပါတယ်။

တပါတီစနစ်နဲ့ အုပ်ချုပ်မှုကို နိုင်ငံတ၀န်း အုံကြွတော်လှန်ခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီးကြောင့် မြန်မာနိုင်ငံမှာ တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ နိဂုံးချုပ်ခဲ့ရပြီး ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာမလွှဲပေးဘဲ နှစ်ပေါင်း ၂၀ စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်ခဲ့ပြန်ပြီး ၂၀၁၀ ခုနှစ်မှာ တဖန် ပါတီစုံရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013