DVB Logo
Home
မြန်မာသတင်း
လယ်သမားရေးလှုပ်ရှားသူ ကိုသန့်ဇင်ထက် သဲကုန်းအချုပ်ခန်းတွင် အစာငတ်ခံဆန္ဒပြမည်
DVB
·
July 13, 2015
လယ်သမားရေးလှုပ်ရှားသူ ကိုသန့်ဇင်ထက် သဲကုန်းအချုပ်ခန်းတွင် အစာငတ်ခံဆန္ဒပြမည်
Donate to DVB

ကျန်းမာရေး မကောင်းတဲ့ကြားက သံကြိုးခတ်ခံထားရပြီး ရိုင်းပြစွာပြောဆိုခဲ့ရမှုတွေအတွက် မကျေနပ်လို့ အစာငတ်ခံဆန္ဒပြမယ်လို့   ပဲခူးတိုင်း သဲကုန်းမြို့နယ် ရဲအချုပ်ခန်းထဲမှာ ချုပ်နှောင်ခံနေရတဲ့ လယ်သမားရေး ဆောင်ရွက်သူ ကိုသန့်ဇင်ထက် က ပြောပါတယ်။

ကိုသန့်ဇင်ထက်ဟာ သဲကုန်းရဲစခန်းအချုပ်ခန်းထဲမှာ ၅ လကျော် နေထိုင်ခဲ့ပြီး အရင်ပေါင်း တည်ထောင်မှာ အစာငတ်ခံဆန္ဒပြပြီး ရရှိခဲ့တဲ့ အစာအိမ်ဝေဒနာဟောင်း ပြန်ပေါ်လာတာကြောင့်  ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ကျန်းမာရေးမကောင်းတဲ့ အချုပ်သားတဦးကို သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးက လက်နဲ့ ခြေထောက်ကို ကုတင်နဲ့တွဲ သံကြိုးခတ်ထားတာကို အကြောင်းပြုပြီး  စကားများ ပြဿ    နာတက်ခဲ့ ရာက ခုလို အစာငတ်ခံဆန္ဒပြတာပါ။

မြို့နယ်မှူးအနေနဲ့ အကျဉ်းသားတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားနဲ့ပတ်သက်ပြီး ပြန်မ တောင်းပန်တာကြောင့် သဲကုန်းအချုပ်ခန်းထဲမှာ အစာငတ်ခံဆန္ဒပြတာလို့ ကိုသန့်ဇင်ထက် ရဲ့အဘွား ဒေါ်တင်အေးက ပြောပါတယ်။

“ခလေးက ဆေးရုံကဆင်းတာကလည်း မကြာသေးဘူး။ နဂိုကလည်း နှလုံးအားနည်းတဲ့ ရောဂါကလည်း ရှိနေတော့ စိုးရိမ်နေရတယ်။ ပြည်မှာနေတုန်းကလည်း ဆေးရုံတက်ထားတာ မကြာသေးဘူး။ ဆေးရုံမှာတုန်းကလည်း ခြေထောက်ရော လက်ရော ခတ်ထားတာကို သံကြိုးနဲ့ပါ ထပ်ချည်ထားသေးတယ်။ အခုလည်း ဆေးရုံတက်နေတာကို သူတို့က အတင်းဆင်းခိုင်းတာ။”

သဲကုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဦးကတော့ ဥပဒေအတိုင်းဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ခြေထောက်တွေ၊ လက်တွေကို ခတ်ထားတာက(နအခ)ရဲ့ ညွန်ကြားချက် (၁/၈၇)အရ တရားခံ လွတ်မြောက်မသွားစေရန် ဥပဒေအတိုင်းလုပ်တာ ဖြစ်တယ်။ တာဝန်ဝတ္တရားအရ လုပ်တာဖြစ်တဲ့ အတွက် သူ့ကိုတောင်းပန်တာ မလုပ်နိုင်ပါဘူး။ သူကသာ ပြန်တောင်းပန်ရမှာပါ။”

ကိုသန့်ဇင်ထက်ကို သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု၊ ကျိန်စာတိုက်မှုတွေနဲ့ပတ်သက်ပြီး သဲကုန်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်ထွေးက  ပုဒ်မ(၁၈) (၅၀၅/ခ)တွေနဲ့ တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

ဒီအမှုအာမခံမရတာကြောင့်အချုပ်ခန်း ထဲကနေ အမှုရင်ဆိုင်လာခဲ့ရာ ၅ လကြာလာပြီဖြစ်ပြီး ကိုသန့်ဇင်ထက်အနေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးက မတောင်းပန်မချင်း အစာငတ်ခံ ဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013