DVB Logo
Home
မြန်မာသတင်း
ဟန္နီကမ္ဘီယာ နှစ် ၂၀ အကြာမှာ မြန်မာဈေးကွက်ကို ပြန်လာပြီ
DVB
·
July 13, 2015
ဟန်နီကမ်ဘီယာ နှစ် ၂၀ အကြာမှာ  မြန်မာဈေးကွက်ကို ပြန်လာပြီ
Donate to DVB

ကမ္ဘာ့အကြီးဆုံး ဒတ်ခ်ျဘီယာကုမ္ပဏီ ဟန်နီကမ်ဟာ အမေရိကန်ဒေါ်လာ ၆၀ မီလီယံ ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ဘီယာစက်ရုံတရုံကို ရန်ကုန်မြို့အနီး မှော်ဘီမှာ တနင်္ဂနွေနေ့က  ကဖွင့်လှစ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

“မြန်မာနိုင်ငံဟာ ဟန်နီကမ်ဘီယာအတွက် စိတ်လှုပ်ရှားစရာ ဈေးကွက်အခွင့်အလမ်းသစ် တခုပါပဲ။” လို့ ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ယဲန်းဖရောင်ဆွာဗန်ဘောက်စ်မီက ပြောပါတယ်။

စက်ရုံသစ်ဟာ ဟန်နီကမ်ဘီယာ ထုတ်လုပ်မှုအပြင် မြန်မာဈေးကွက်အတွက် အထူးရည်ရွယ်ထားတဲ့ ထုတ်ကုန်သစ် ရီဂယ်လ်ဆဲဗင်းဘီယာကိုပါ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ တိုးတက်လာမယ့် မြန်မာဈေးကွက်ထဲမှာ ပူးပေါင်းလုပ်ဆောင်သွားဖို့ သေသေချာချာ စုံစမ်းလေ့လာထားခဲ့ပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပြည်တွင်း၊ ပြည်ပ ၀န်ထမ်းတွေကို လေ့ကျင့်သင်ကြားမှုတွေ ပေးသွားမယ်။ ကျနော်တို့ အတူလုပ်ဆောင်မယ့် ၀န်းကျင်ကို အထောက်အပံ့ ပေးသွားမှာပါ။”

ဟန်နီကမ်ဟာ ၂၀၁၃ ခုနှစ်မှာ ပြည်တွင်းက အလိုင်းယဲန့်ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုရှယ်ယာ ၅၇ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အလုပ်နေရာ ၂၀၀ လောက် ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

အလိုင်းယဲန့်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က “အခု ကျနော်တို့ စီမံကိန်းဒုတိယအဆင့် အနေနဲ့ စားသုံးသူတွေ နှစ်သက်မယ့် အကောင်းဆုံးဘီယာကို ဈေးကွက်ထဲကို မိတ်ဆက်ပေးမယ်။ မြန်မာနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေလည်း ဖန်တီးပေးသွားမယ်။” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ ကမ္ဘာ့အကြီးဆုံး ဘီယာကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ဟန်နီကမ်ဟာ ဒိန်းမတ် ဘီယာကုမ္ပဏီ ကားလ်စ်ဘတ်နဲ့အတူ နှစ်ပေါင်းများစွာ ပြည်တွင်းဘီယာဈေးကွက်ကို လက်ဝါးကြီးအုပ်ထားခဲ့တဲ့ အစိုးရဖက်စပ်ကုမ္ပဏီ မြန်မာ ဘရူဝါရီ လီမီတက် (အမ်ဘီအယ်လ်) တို့နဲ့ ဈေးကွက်ထဲမှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ကားလ်စ်ဘတ်ဟာ ပြီးခဲ့တဲ့လက အမေရိကန်ဒေါ်လာ ၇၅ မီလီယံ ရင်းနှီးမြှုပ်နှံပြီး ပြည်တွင်းက မြန်မာဂိုးလ်ဒင်းစတား ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းကာ ပြည်တွင်းဈေးကွက်အတွက် ကားလ်စ်ဘတ် အပါအ၀င် ဘီယာအမှတ်တံဆိပ်နှစ်မျိုး ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ဥရောပ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ လေ့လာမှုတွေအရ ဘီယာရောင်းအား ပမာဏဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၅ မီလီယံ (၁၄ ရာခိုင်နှုန်း) ထိ တက်လာပြီး ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၇၅ မီလီယံ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့အတူ ဟန်နီကမ် အပါအ၀င် တခြား ဘီယာကုမ္ပဏီတွေဟာ ဆယ်စုနှစ် ၂ စုလောက် လုပ်ငန်းတွေ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013