DVB Logo
Home
Lead Story
ကကွက်သစ်တခု ဖြစ်လာလေမလား...
DVB
·
July 13, 2015
ကကွက်သစ်တခု ဖြစ်လာလေမလား...
Donate to DVB

ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ငုရင် ဖူထရောင်းဟာ ခုရက်ပိုင်းအတွင်း ဗီယက်နမ် ထိပ်တန်းခေါင်းဆောင် တယောက်အဖြစ် ပထမဆုံးအကြိမ် အမေရိကန် ပြည်ထောင်စုကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားကလည်း ဒီနှစ်အတွင်း အမေရိကန်ကို အလည်အပတ် ရောက်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောပါတယ်။

၂ နိုင်ငံ သံတမန် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်တဲ့ နှစ် ၂၀ ပြည့်မြောက် အထိမ်းအမှတ်ဖြစ်တဲ့ ဒီချိန်မှာ တချိန်က ရန်သူဖြစ်တဲ့ ၂ နိုင်ငံအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သလို ဆက်ဆံရေး ပိုတိုးတက်လာအောင် လုပ်ဖို့ အခွင့်အလမ်းတွေ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ကြောင်း အသက် ၇၁ နှစ်ရှိ ထရောင်းက ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ နယ်မြေပိုင်နက် တောင်းဆိုမှုတွေအပေါ် စိုးရိမ် ကြောင့်ကြ ရှိနေတဲ့အတွက် ပိုနီးစပ်မှု ရှိလာတယ်လို့ ထရောင်းနဲ့ အိုဘားမားတို့ ၂ ဦးက ဆိုပါတယ်။

ဇူလိုင် ၇ ရက်မှာ အမေရိကန်ကို ရောက်လာမယ့် ထရောင်းဟာ ကုန်သွယ်ရေး၊ လူ့အခွင့်အရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အိုဘားမားရဲ့ ပထမဆုံးအကြိမ် ဗီယက်နမ် အလည်အပတ် ခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်ပြု ပြောဆိုခဲ့ခြင်း မရှိပါဘူး။

ခရီးစဉ်နဲ့ ပတ်သက်လို့ အေပီသတင်းဌာနက ကြိုတင်မေးထားတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ထရာင်းက အခုလို ဖြေပါတယ်။

“ကမ္ဘာပေါ်က ၂ နိုင်ငံကြား ဆက်ဆံရေးတွေလိုပါပဲ ဗီယက်နမ်နဲ့ အမေရိကန် ကြားမှာလည်း ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေး အပေါ်ထားတဲ့ သဘောထားအမြင်လို ကိစ္စမျိုးတွေမှာ မတူကွဲပြားမှုလေးတွေ ရှိပါတယ်။ ၂ ဦး ၂ ဘက် အလုံးစုံ ဆက်ဆံရေးမှာ မတူကွဲပြားမှုတွေက အဟန့်အတား ဖြစ်မလာရအောင် တဘက်နဲ့တဘက် ပိုပြီး နားလည်မှု ရလာနိုင်တဲ့၊ ပွင့်လင်း အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုက ထိရောက်မှုအရှိဆုံး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။” လို့ သူက ပြောပါတယ်။

ဗီယက်နမ် သမ္မတ ထရူယောင်တန်ဆင်း၊ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ငုရင် ဆင်ဟောင်း အပါအ၀င် ဗီယက်နမ် အာဏာအရှိဆုံး ၄ ယောက်ထဲမှာ ထရောင်းက တယောက် အပါအ၀င် ဖြစ်နေတဲ့အတွက် ဒီအဖြေဟာ ဗီယက်နမ်ရဲ့ လက်ရှိ နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်နေပါတယ်။

ဇူလိုင် ၇ ရက် အိုဘားမားနဲ့ ထရောင်း အိမ်ဖြူတော်မှာ တွေ့ဆုံရာမှာတော့  ကာကွယ်ရေးကိစ္စ၊ တောင်တရုတ်ပင်လယ်က အငြင်းပွားနေဆဲကျွန်းကိစ္စ၊ တရုတ်နိုင်ငံနဲ့ ဖြစ်နေဆဲ ပဋိပက္ခတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဆယ်စုနှစ် ၂ ခုအတွင်း ၂ နိုင်ငံကြား ဆောင်ရွက်ခဲ့တဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ခေါင်းဆောင် ၂ ဦးက အလေးပေးပြောဆိုခဲ့ပြီး ပိုမိုအားကောင်း ခိုင်မာတဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ ရဖို့ ကြိုးစားခဲ့ပါတယ်။

တွေ့ဆုံမှုအပြီး ခေါင်းဆောင် ၂ ဦးက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့သလို ထရောင်းရဲ့ ဗီယက်နမ်ကို အလည်လာဖို့ ဖိတ်ကြားချက်ကို အိုဘားမားက လက်ခံခဲ့ပြီး အမြန်ဆုံး သွားရောက်မယ်လို့ အကြောင်းပြန်ကြားခဲ့ပါတယ်။

 

တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အိုဘားမားက “ဆက်ဆံဖို့ ခက်ခဲတဲ့ သမိုင်းကြောင်း ရှိခဲ့တာကတော့ ရှင်းပါတယ်။ ကျနော်တို့ တွေ့လာရတာကတော့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ အပြုသဘော ဆက်ဆံရေး ပေါ်ပေါက်လာတာပါပဲ။” လို့ ပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မတူကွဲပြားတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သလို တင်းမာမှုတွေကို ထိရောက်တဲ့ ပုံစံနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မှုရှိရှိနဲ့ ပြောဆိုခဲ့ပါတယ်။

ထရောင်းကလည်း တွေ့ဆုံမှုကို ရင်းနှီးဖော်ရွေမှုရှိပြီး အပြုသဘောဆောင် တိုးတက်တဲ့ ဆွေးနွေးပွဲအဖြစ် ထုတ်ဖော်ပြောဆိုပါတယ်။

တရုတ်နိုင်ငံကို တိုက်ရိုက် ရည်ညွှန်းဖော်ပြခဲ့ခြင်းမရှိဘဲ နိုင်ငံတကာ ဥပဒေနဲ့ မညီတဲ့ တောင်တရုတ်ပင်လယ်မှာ လှုပ်ရှားဆောင်ရွက်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ စိုးရိမ် ကြောင့်ကြမှုကိုလည်း သူက ပြောဆိုခဲ့ပါတယ်။

တကယ်တော့ တရုတ်ရဲ့ တောင်တရုတ်ပင်လယ်မှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အတင်းအကျပ် တောင်းဆိုနေတာတွေကြောင့် ဗီယက်နမ်က စိတ်ကသိကအောက် ဖြစ်နေချိန်မှာ အမေရိကန်ကို သူ့ဘက်ကနေ ရပ်တည်ပေးဖို့ စိတ်ဝင်စားနေတယ်လို့ ယူဆစရာ အကြောင်း ရှိလာပါတယ်။

အမေရိကန်ကတော့ ဒေသတွင်း တရုတ်ရဲ့ အင်အားကြီးထွားလာတာကို တန်ပြန်ဖို့ အတွက် ဗီယက်နမ်နဲ့ ပိုရင်းနှီးတဲ့ ဆက်ဆံရေးကို လိုလားနေပါတယ်။

ဒါ့အပြင် ၂ နိုင်ငံလုံးက ပိုအားကောင်းခိုင်မာတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့လည်း ကြိုးစားနေပါတယ်။

လက်ရှိ အရှေ့တောင်အာရှမှာ ဗီယက်နမ်ဟာ အမေရိကန်ကို ပို့ကုန်တင်ပို့မှု အကြီးမားဆုံး နိုင်ငံ ဖြစ်နေပြီး ၂ နိုင်ငံလုံးက အပြီးသတ်ဖို့ လိုနေတဲ့ ပစိဖိတ် ဒေသလွန် စီးပွားဘက် ကုန်သွယ်မှု သဘောတူ စာချုပ်ကနေ အကျိုးအမြတ် ရရှိဖို့ ကြိုးစားနေပါတယ်။

ဒီလို ပူးပေါင်းကြိုးစား ဆောင်ရွက်မှုတွေ ရှိနေသလို ၂ နိုင်ငံ ဆက်ဆံရေးမှာ နှောင့်နှေးကြန့်ကြာစရာ ပြဿနာ တချို့ ရှိနေပါတယ်။

ဝေဖန်သူတွေ ထောက်ပြကြတာကတော့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို ဗီယက်နမ်က ဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေတဲ့အတွက် လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိမလာသေးခင်မှာ အမေရိကန်က ဗီယက်နမ်ကို လိုက်လျောမှု သိပ်မလုပ်သင့်သေးဘူး ဆိုတာပါပဲ။ ဥပမာ အခုအချိန်မှာ ကန့်သတ်ထားဆဲဖြစ်တဲ့ လက်နက်တွေ ၀ယ်ယူဖို့ ဗီယက်နမ်က တောင်းဆိုတာမျိုးကို ဆိုလိုတာပါ။

အစောပိုင်းကာလကလည်း အမေရိကန်က ဗီယက်နမ်ကို ထိမ်းချုပ်နိုင်ဖို့ ကုန်သွယ်ရေး ပိတ်ဆို့မှုတခု ချမှတ်ထားခဲ့တဲ့အတွက် ၁၉၉၅ ခုနှစ်အထိ ဗီယက်နမ်ရဲ့ စီးပွားရေးဟာ ချည့်နဲ့ အားနည်းခဲ့ရပါတယ်။

တကယ်တော့ အမေရိကန်ဟာ ဗီယက်နမ်အပေါ် အရေးယူဒဏ်ခတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အရှိန်အ၀ါကိုသုံးပြီး တခြားနိုင်ငံတွေကပါ ဗီယက်နမ် နိုင်ငံမှာ စီးပွားရေး ၀င်ရောက်လုပ်ကိုင်မှု မလုပ်ကြဖို့ တွန်းအားပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗီယက်နမ် သမိုင်းဆိုင်ရာ အခမ်းအနားတခုရဲ့ စစ်ရေးပြ ချီတက်ပွဲတခုမှာ ၀န်ကြီးချုပ် ငုရင်တန်ဒေါင်းရဲ့မိန့်ခွန်းတခုကို ဖတ်ကြားခဲ့ပါတယ်။

ဒီမိန့်ခွန်းမှာ အမေရိကန်နယ်ချဲ့နဲ့ သူ့ရဲ့လက်ပါးစေတွေကို တိုက်ခိုက် အောင်ပွဲရယူနိုင်ခဲ့တဲ့ စစ်ပွဲရဲ့ ဂုဏ်သရေပြည့်ဝခဲ့တဲ့ စာမျက်နှာတွေကို ပြန်လည်ပြောဆိုခဲ့သလို ဗီယက်နမ်ဟာ သမိုင်းကို နောက်မှာ ချန်ထားရစ်ခဲ့ပြီး အနာဂတ်ကို မျှော်လင့်နေပြီလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အမှန်တကယ်လည်း အမေရိကန်-ဗီယက်နမ် စစ်ပြီးကတည်းက ဗီယက်နမ်က အမေရိကန်ပြည်ထောင်စုနဲ့ အကမ်းအလှမ်းလုပ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံလုံးရဲ့ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့စစ်တပ်အင်အားနဲ့ စီးပွားရေး အင်အားကိုပါ ပြသလာနေပြီး အမေရိကန်ပြည်ထောင်စုနဲ့ အားကောင်းတဲ့ မဟာမိတ်နဲ့ စီးပွားဘက်နိုင်ငံတနိုင်ငံ ဖြစ်လာတာဟာလည်း ဗီယက်နမ်နိုင်ငံအတွက် အမေရိကန်နဲ့ ဆက်ဆံရေးကို အာသာငန်းငန်း ဖြစ်လာစေတဲ့ အကြောင်းတရားတခု ဖြစ်လာစေပါတယ်။

ဒါပေမယ့် ခုချိန်ထိတော့ ဘယ်ဗီယက်နမ် ခေါင်းဆောင်ကမှ တခုတည်းသော မဟာအင်အားကြီး နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နဲ့ ပေါင်းစည်းဆောင်ရွက်ဖို့ ထောက်ခံတိုက်တွန်းတာ မရှိသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ဗီယက်နမ်အတော်များများက အချောမသတ်ရသေးတဲ့ အမေရိကန် ခေါင်းဆောင်တဲ့ ၁၂ နိုင်ငံပါ ပစိဖိတ်ဒေသလွန် စီးပွားဘက်နိုင်ငံ ကုန်သွယ်မှု သဘောတူစာချုပ်ဟာ ဗီယက်နမ်က သူ့ရဲ့မြောက်ဘက်က အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးကို ရင်ဆိုင်ဆန့်ကျင်ရာမှာ ကြားခံ အကာအကွယ်ပေးနိုင်တဲ့ အရေးပါတဲ့ အခုအခံတခုအဖြစ် အခိုင်အမာ မျှော်လင့်နေကြပါတယ်။

အနောက်မစ်ချီဂန်တက္ကသိုလ်က တွဲဖက်သမိုင်းပါမောက္ခ အက်ဒ်ဒွင် မာတီနီကတော့ “ဗီယက်နမ်အနေနဲ့ ပစိဖိတ်ဒေသလွန်စီးပွားဘက်နိုင်ငံ ကုန်သွယ်မှု သဘောတူစာချုပ် (TPP) တောင်းထဲကို ကြက်ဥတွေ အများကြီးထည့်ဖို့ဆိုရင် သတိရှိသင့်ပါတယ်။  အမေရိကန်ဟာ ဗီယက်နမ်ပြည်သူလူထုရဲ့ အကျိုးစီးပွားထက် တခြားအကျိုးစီးပွားတွေ ရယူနိုင်ဖို့ တရုတ်၊ ပြင်သစ်နဲ့ နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးတွေဘက် ဦးလှည့်ခဲ့ပြီး ဗီယက်နမ်ကို ကျောခိုင်းခဲ့တာပါ။ သမိုင်းသင်ခန်းစာတွေဟာ အမြဲတန်း ဆက်စပ်မှု ရှိနေပါတယ်။” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။

ဒီတကြိမ်မှာရော အမေရိကန်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ပြည်သူလူထု အကျိုးစီးပွားကို တကယ် ရှေးရှု အကျိုးတူ လုပ်ဆောင်လာနိုင်ပါသလား ဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013