DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် က မဟာမိတ်ပါတီများကို ညှိပြီး ရှောင်ပေးသင့် ရှောင်ပေးမည်
DVB
·
July 12, 2015
အဖွဲ့ချုပ် က မဟာမိတ်ပါတီများကို ညှိပြီး ရှောင်ပေးသင့် ရှောင်ပေးမည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံတ၀န်းလုံးရှိ မဲဆန္ဒနယ်မြေအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပေမယ့် မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့တော့ ညှိနှိုင်းဆွေးနွေးပြီး ရှောင်ပေးသင့် ရှောင်ပေးသွားမယ်လို့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ယခင် စီအာပီပီ က တိုင်းရင်းသား မဟာမိတ်ပါတီတွေနဲ့ နားလည်မှုယူနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောဆိုခဲ့မှုအပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ညှိနှိုင်းဆွေးနွေးမှာပါ၊ ညှိနှိုင်းဆွေးနွေးပြီးလို့ ရှောင်ပေးသင့်ရင်လည်း ရှောင်ပေးမယ်၊ သူတို့ အင်အားကောင်းတယ်ဆိုလို့ရှိရင် ကျမတို့ ရှောင်ပေးမယ်၊ သူတို့ အင်အား မကောင်းဘူးဆိုလို့ရှိရင် ကျမတို့ ၀င်မှာပေါ့။”

အဖွဲ့ချုပ်က မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ ဦးဟံသာမြင့်၊ ဦးဝင်းထိန်နဲ့ ဒေါ်နန်းခင်ထွေးမြင့်တို့ကို တာဝန်ပေးထားပြီး အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

အဖွဲ့ချုပ်အနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားမဟာမိတ်ပါတီတွေနဲ့ပဲ ညှိပြီး ရွေးကောက်ပွဲဝင်မယ်လို့ ထုတ်ပြောလိုက်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေနဲ့တော့ မညှိတော့ဘဲ ပြိုင်မယ့်သဘော ရှိပါတယ်။

ရှမ်းတိုင်းရင်းသားများ ​ဒီမိုကရေစီအဖွဲ့ချူပ်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကတော့ အဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ၁၉၉၀ ကလောက် အနိုင်မရနိုင်ဘူးလို့ ပြောပါတယ်။

“တိုင်းရင်းသားဒေသတွေမှာတော့ ၉၀ ပြည့်နှစ်တုန်းကလောက် အောင်မြင်မှုရဖို့ သိပ်မလွယ်ဘူး၊ ပြည်မတွေမှာတော့ နိုင်မှာပါပဲ။ အန်အယ်ဒီကိုပဲ ရွေးကြမှာပါ။ သို့သော်လည်းပဲ လူမျိုးစုတွေရှိတဲ့ ပြည်နယ်တွေမှာတော့ ကျနော်ထင်တယ်၊ အန်အယ်လ်ဒီ သိပ် မနိုင် နိုင်ဘူး။”

ပြည်သူ့လွှတ်​တော် ကိုယ်စား​ပြု​ကော်မတီ (စီအာပီပီ) ကို ၁၉၉၀ ပြည့်​ ​ရွေး​ကောက်ပွဲနိုင်တဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ရှမ်းတိုင်ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အ မျိုးသားဒီမိုကရေစီအဖွဲ့၊ ချင်းဇိုမီးကွန်ဂရက် စတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013