DVB Logo
Home
မြန်မာသတင်း
နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ပေး
DVB
·
July 12, 2015
နှုတ်ခမ်းကွဲ အာခေါင်ကွဲ လူနာများကို အခမဲ့ခွဲစိတ်ပေး
Donate to DVB

မြန်မာနိုင်ငံအနှံ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို Smile Asia အဖွဲ့က ရန်ကုန်ဆေးရုံကြီး မျက်နှာနှင့် မေးရိုးဌာနမှာ အခမဲ့ ခွဲစိတ်ကုသပေးနေပါတယ်။

ဒီအခမဲ့ ခွဲစိတ်တဲ့အစီအစဉ်ကို ဇူလိုင်လ ၅ ရက်နေ့က ကြိုတင်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ဇူလိုင်လ ၆ ရက်နေ့ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ ခွဲစိတ်ပေးနေတာပါ။

ခွဲစိတ်တဲ့အစီအစဉ် စတင်တဲ့နေ့ကနေ ၄ ရက်မြောက်တဲ့နေ့အထိ လူဦးရေ ၉၉ ယောက်ကို ခွဲစိတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ခွဲစိတ်ပေးခဲ့တဲ့သူတွေကတော့  အသက် ၆ လနဲ့အထက်ရှိပြီး ကျန်းမာရေးကောင်းမွန်တဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို ခွဲစိတ်ပေးတာလို့ Smile Asia အဖွဲ့ရဲ့ Cooperate Communication Manager ကိုအောင်ကျော်ဦးက ပြောပါတယ်။

“ခွဲလို့ရသမျှခွဲမှာပါ။ တချို့ကလေးတွေကျတော့ ဘာဖြစ်နေသလဲဆိုတော့ ခွဲခါနီးမှ ကိုယ်လေးတွေ ပူလာတာလေးတွေ ရှိတယ်။ နောက်ပြီးတော့ Blood Test လုပ်တဲ့အခါကျမှ ဟင်မိုကလိုဘင် နည်းနေတာတို့ ဘာတို့။ အဲ့တာမျိုးကျတော့ နောက်ဆုံးခွဲမယ့်အချိန်ကြမှ reject ပြန်လုပ်လိုက်ရတာတွေရှိတယ်” လို့ ကိုအောင်ကျော်ဦးက ပြောပြပါတယ်။

ဒီ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေကို အခမဲ့ခွဲစိတ်ပေးတဲ့ Smile Asia အစီအစဉ်မှာ ကျန်းမာရေးဝန်ကြီးဌာနက မျက်နှာနဲ့ မေးရိုး ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ စင်ကာပူနိင်ငံက ဆရာဝန်တွေ အဓိကပါဝင်ပြီး ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ အင်္ဂလန် နဲ့ မွန်ဂိုလီးယားစတဲ့ နိုင်ငံတွေက စေတနာရှင် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန် နဲ့ သူနာပြုဆရာမတွေ ပါဝင်ပါတယ်။

ဒီအခမဲ့ ခွဲစိတ်ပေးတဲ့ အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးပြီး Smile Asia နဲ့ မြန်မာဘရူဝါရီ လီမိတက်တို့က ပံ့ပိုးဆောင်ရွက်တာဖြစ်ပါတယ်။

အခု အခမဲ့ခွဲစိတ်တဲ့အစီအစဉ်ဟာ ၅ ကြိမ်မြောက် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့တာဖြစ်ပါတယ်။

အခမဲ့ခွဲစိတ်တဲ့အစီအစဉ် စတင်တဲ့ နှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အနယ်နယ်အရပ်ရပ်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၄၃၉ ဦးအထိ ခွဲစိတ်ပေးပြီးသွားပြီ ဖြစ်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို တွေ့ရှိခဲ့ရင် အခမဲ့ခွဲစိတ်ပေးနိုင်ဖို့အတွက် Smile Asia အဖွဲ့ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၁-၆၃၈၁၄၉၊ ၀၁-၆၃၈၁၅၆၊ ၀၁-၆၃၈၁၈၆၊ ၀၁-၆၃၈၁၈၇၊ ၀၁-၆၃၈၂၁၄၊ ၀၁-၆၃၈၂၆၃ တို့အပြင် လက်ကိုင်ဖုန်းနံပါတ် ၀၉ ၂၆ ၃၃၃ ၇၄၃၆၊ ၀၉ ၄၃၀ ၄၉၄ ၀၂၊ ၀၉ ၄၂၁၁ ၈၂၉၉ ၆ တို့ကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013