DVB Logo
Home
မြန်မာသတင်း
တောင်သမန်နှင့် ဦးပိန်တံတား ထိန်းသိမ်းရေး ဆွေးနွေး
DVB
·
July 11, 2015
တောင်သမန်နှင့် ဦးပိန်တံတား ထိန်းသိမ်းရေး ဆွေးနွေး
Donate to DVB

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းက တောင်သမန်အင်း သန့်ရှင်းသာယာလှပရေးနဲ့ ဦးပိန်တံတားကို ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် ဆွေးနွေးပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းဖို့ နှစ်စဉ်ယဉ်ကျေးမှုဝန်ကြီးဌာနက ချပေးထားတဲ့ ဘဏ္ဍာငွေနဲ့ မလုံလောက်တော့တာကြောင့် နိင်ငံတော် သမ္မတထံတင်ပြပြီး ပြုပြင်ဖို့အတွက် ကျပ်သိန်းပေါင်း ၂၂၇၀ ရရှိခဲ့ပါတယ်။

ရှေးဟောင်းပညာရှင်၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဂျပန်နိင်ငံက ပညာရှင်တွေရဲ့ အကူညီတွေနဲ့ ၂၀၁၅ ခုနှစ်အတွင်း စတင်လုပ်ဆောင်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး  ဒေါက်တာမြင့်ကြူက “ကျနော်တို့အနေနဲ့ ဒါနှစ်စဉ်နှစ်စဉ် ယဉ်ကျေးမှုဝန်ကြီးဌာနက ချပေးတဲ့ ဘဏ္ဍာရန်ပုံငွေလောက်နဲ့ ပြင်နေမယ်ဆိုလို့ရှိရင်တော့ တောင်သမန်တံတားကြီးဟာ မကြာခင်မှာပဲ ပြိုကျသွားတော့မယ်။ ခိုင်မြဲမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ နိင်ငံတော် သမ္မတကြီး ထံတင်ပြပါတယ်။ တင်ပြတဲ့အခါမှာ ယနေ့တော့ဖြင့် နိင်ငံတော် သမ္မတကြီးကနေပြီးတော့ တောင်သမန် တံတားကြီး ဦးပိန်တံတားကြီးကို ရှေးမူမပျက် တည်တံ့ခိုင်မြဲအောင်လို့ ပြင်ဆင်ဖို့အတွက် ကျပ်သိန်းပေါင်း ၂၂၇၀ ကျနော်တို့ကို ပြုပြင်ဖို့ ချပေးထားပီးဖြစ်ပါတယ်။”

ကုန်းဘောင်ခေတ် ပုဂံမင်းလက်ထပ်က မြို့စာရင်း မောင်ပိန်တည်ခဲ့တဲ့ ဦးပိန်တံတားဟာ ၁၈၄၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၆၀ ကျော်ရှိခဲ့တဲ့ တံတားကို ၁၉၄၆ ခုနှစ်၊ ၁၉၆၇ ခုနှစ်၊ ၁၉၈၈ ခုနှစ် ၊ ၁၉၉၉ - ၂၀၀၀ ဘဏ္ဍာရေးနှစ် ၊ ၂၀၀၀ - ၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ် နဲ့ ၂၀၀၄ ခုနှစ်တို့မှာ ပျက်စီးယိုယွင်းမှုတွေကို ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။

တောင်သမန်အတွင်း စက်မှုဇုန် ရေဆိုးတွေ ဝင်ရောက်မှုမရှိစေရန်အတွက် ရေနဲ့သန့်ရှင်းမှု ဌာနကနေပြီးတော့ ၁၆.၆ လပိုင်းက အချင်း ၁၀ လက်မ ရေဆိုးပိုက်လိုင်း ပေ ၁ သောင်း ၁ ထောင်ကို ချထားပေးခဲ့ပြီး ရေဆိုးစွန့်ကန်နဲ့ ရေသန့်စင်ရေးအတွက် ပြီးခဲ့တဲ့ မေက ရေဂါလန် ၁ သိန်းဆံ့ ကန်တွေကို ပြုလုပ်ခဲ့တာ ၇၀ ရာခိုင်နှုန်း ပြီးသွားပြီလို့ ဆိုပါတယ်။

ဓာတ်ခွဲခန်းတိုင်းတာချက်တွေအရ ရေဆိုး ၆၀ မီလီဂရန်ပါလီတာ အောက်ကိုရောက်တဲ့ စက်ရုံတွေဟာ မကြာခင်ပြန်လည်လည်ပတ်ခွင့် ရရှိတော့မှာဖြစ်ပြီး ၁၀ လက်မပိုက်လိုင်းထဲကို ရေဆိုးစွန့်ပစ်ရမယ်လို့ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနက ပြောပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှူး ဦးနေဝင်းမြင့်က  “စက်မှုဇုန်တွေမှာ ရေဆိုးတွေနဲ့ ပတ်သက်လို့ ကျနော်တို့အဖွဲ့ ၆ ဖွဲ့နဲ့ ပူးပေါင်းပါဝင်တဲ့ ဌာနဆိုင်ရာ ၆ ဖွဲ့ပါတဲ့ ပူးပေါင်းပါဝင်ရေးအဖွဲ့ စစ်ဆေးပြီးတဲ့အခါမှာ ကျနော်တို့ ရေဆိုးနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းတိုင်းတာချက်များအရ ၆၀ မီလီဂရန်ပါလီတာအောက်ကို ရောက်နေတဲ့ စက်ရုံတွေဟာ အချိန်ပြည့် စွမ်းအားပြည့် ပြန်လည်လည်ပတ်ခွင့် မကြာခင်ရပြီးတော့မှ  သူတို့ဟာ ဆိုလို့ရှိရင်လည်း စောစောကတင်ပြခဲ့တဲ့ ၁၀ လက်မပိုက်လိုင်းထဲကို မဖြစ်မနေ ပြန်လည်ထည့်ပြီးတော့မှ ရေဆိုးများကို စွန့်ပစ်ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဦးပိန်တံတားကို တံတားပြန်လည်ပြုပြင်ဖို့ ၂၀၀၅ ၂၀၀၆ ဘဏ္ဍာနှစ်က ကျပ်သိန်း ၁၇၀၊ ၂၀၀၈ - ၂၀၀၉ ခုနှစ်က ၃၄၈ သိန်းကျော်၊ ၂၀၁၄ ၂၀၁၅ ဘဏ္ဍာနှစ်မှာ ၁၃၄ သိန်း အသုံးပြုခဲ့ပါတယ်။

လက်ရှိ ညဘက်တွေမှာ မှောင်ရိပ်မခိုနိင်အောင်လည်း မီးချောင်းတွေ တပ်ဆင်သွားမှာဖြစ်သလို တောင်သမန်ကန်ကိုလည်း ရေသန့်စင်အောင် စနစ်တကျ ပြန်လည်ပြုလုပ်မယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013