DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသားပါတီ ပြည်နယ်တခုလုံး ပြိုင်မည်
DVB
·
July 11, 2015
ရခိုင်အမျိုးသားပါတီ ပြည်နယ်တခုလုံး ပြိုင်မည်
Donate to DVB

ပါတီတွင်း ပုဂ္ဂိုလ်ရေး ပြဿ     နာရှိနေပေမယ့် ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်နယ်တခုလုံးရှိ ကိုယ်စားလှယ်လောင်း နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီဗဟိုကော်မတီ ၀င်တယောက်ဖြစ်တဲ့ မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဝင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ၂ ပါတီပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီဟာ ပြည်နယ်အတွင်း အင်အားအကောင်းဆုံးပါတီဖြစ်ပြီး ဒီတကြိမ်ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရအောင် ယှဉ်ပြိုင်သွားမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ အခြေအနေအရ ပြည်နယ်မြောက်ပိုင်းမှာပဲ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တပြည်နယ်လုံးရှိ မဲဆန္ဒနယ် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

သူတို့ပါတီရဲ့ အဓိကပြိုင်ဘက်ဟာ လက်ရှိ အာဏာရပြည်ခိုင်ဖြိုးပါတီ (ယူအက်စ်ဒီပီ) ဖြစ်လိမ့်မယ်လို့လည်း ဗဟိုကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။

“ဒီတကြိမ်လည်း ယူအက်စ်ဒီပီနဲ့ပဲ ပြိုင်ရမှာပါ၊ အန်အယ်လ်ဒီကတော့ ရခိုင်ပြည်နယ်အနေနဲ့ဆိုရင် တော်တော့်ကို အင်အားနည်းပါတယ်။ ဘဂါင်္လီနဲ့ဖြစ်တဲ့ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်တွေက နည်းနည်း ကျနော်တို့ ရခိုင်လူမျိုးတွေက မကြိုက်တဲ့အခါမှာ မြို့နယ်တိုင်းမှာ ဖွဲ့စည်းနိုင်တာ မရှိပါဘူး။ အဲ့ဒါကြောင့်မို့ ဒီတကြိမ် ပြိုင်ရမှာကတော့ ယူအက်စ်ဒီပီနဲ့ ကျနော်တို့အမျိုးသားပါတီပါပဲခင်ဗျ။”

ရခိုင်ပြည်နယ်ထဲမှာ လက်ရှိ ရခိုင်အမျိုးသားပါတီ၊ ရခိုင်အင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ အန်အယ်လ်ဒီစတဲ့ ပါတီတို့ အခြေစိုက်စည်းရုံးလှုပ်ရှားနေကြပြီး ဒီပါတီတွေက ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ၀င်ဖို့ ရှိပါတယ်။

ရခိုင်မှာ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူမျိုးစုတွေကို ကိုယ်စားပြုဖွဲ့ထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင်က ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်အများစုအပါအ၀င် တနိုင်ငံလုံးမှာ ၄၅ နေရာလောက် ၀င်ပြိုင်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦးတို့မှာ ၀င်ပြိုင်မှာပါ။”

မြန်မာပြည်လွတ်လပ်ရေး မရခင်ကတည်းက ၂၀၁၀ အထိ  ရခိုင်မှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ ရွေးချယ်ခံခွင့်ရှိပြီး မဲပေးခွင့်လည်း ရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အလားတူ အခွင့်အရေး မရဘူးဆိုရင်တော့ သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ သတ်မျတ်ရမှာဖြစ်ကြောင်း ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ဖို့ စတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013