DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၆၀ ကျော်ကို ကယ်ထုတ်
DVB
·
July 10, 2015
လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၆၀ ကျော်ကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်မြို့နယ်ထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၆၄ ဦးကို ထိုင်းအာဏာပိုင်၊ မြန်မာသံရုံးနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်ကယ်ထုတ်ခဲ့ကြပါတယ်။

မဟာချိုင်မြို့ ကော့စမွတ်ရပ်ကွက်ထဲမှာ လူကုန်ကူးခံရတဲ့ မြန်မာအလုပ်သမားတွေ ဖိနှိပ်ခံနေရကြောင်း တိုင်ကြားချက်အရ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကယ်တင်ပြီး လူကုန်ကူးခေါင်းဆောင်တွေ၊ ပွဲစားတွေပါ ဖမ်းမိတယ်လို့  ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် အဖွဲ့ဝင် ဦးဘခက်က ဒီဗွီဘီကို ပြောပါတယ်။

“လူကုန်ကူးခံရတဲ့ထဲက ကိုဆန်းမိုးအောင်ဆိုတာ အလုပ်သွားတဲ့အချိန်မှာ ထွက်ပြေးပြီး  မြန်မာသံရုံးကို လာတိုင်တယ်။ သံရုံးက စာရွက် စာတမ်းတွေ လုပ်ပေးပြီး ကျနော်တို့အဖွဲ့ဆီ လွှတ်လိုက်တယ်။ ကျနော်တို့ကလည်း ထိုင်းစစ်တပ်၊ ရဲတွေနဲ့ ချိတ်ဆက်ပြီး ဇူလိုင် ၇ ရက်နေ့က အဲဒီနေရာကို သွားပြီးစီးနင်းခဲ့ပါတယ်။ အဲဒီနေ့က အလုပ်သမားတွေကို ခေါ်ထုတ်ခဲ့ပြီး  နောက်နေ့ ဇူလိုင် ၈ ရက်မှာ တခေါက်ပြန်သွားတယ်၊ ကျန်တဲ့လူတွေရော လူကုန်ကူးဂိုဏ်းခေါင်းဆောင် ၁ ယောက်နဲ့ ပွဲစား  ၄ ယောက်ကို ဖမ်းမိတယ်၊ အားလုံး မြန်မာပြည်ကပဲ၊ ပွဲစား ၁၂ ယောက်က ထွက်ပြေးသွားတယ်။”

လူကုန်ကူးခံရသူတွေဟာ မြန်မာနိုင်ငံ အရပ်ရပ်ကနေ ပွဲစားနဲ့ ရောက်လာတာဖြစ်ပြီး အဲဒီရောက်တော့ ပွဲစားက နဂိုပြောထားတဲ့ ငွေထက် ပိုတောင်းကြောင်း၊ အကြွေးကျေဖို့ နှစ်နဲ့ချီပြီး အလုပ်လုပ်ပေးရကာ မိမိရတဲ့ လုပ်အားခအမှန်ကိုမသိဘဲ ပွဲစားပေးသလောက်သာရကြောင်း၊ အဲဒီနေရာနဲ့ အလုပ်ရုံကလွဲလို့ ဘယ်မှထွက်ခွင့်မရှိ၊ ထွက်ပြေးရင် ထိုင်းရဲနဲ့ပြန်ဖမ်းပြီး အမျိုးသမီးငယ်တချို့မှာ အဓမ္မကျင့်ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

သူတို့သွားဝိုင်းတဲ့ နေရာဟာ အလုပ်ရုံဟောင်းတခုဖြစ်ပြီး အခန်းပေါင်း ၈၀ကျော်ရှိကြောင်း၊ ၅ ယောက်လောက်သာ နေသင့်တဲ့ အခန်းတခန်းကို လူ ၁၄ - ၁၅ ယောက် ပြွပ်သိပ်ထည့်ထားပြီး ပွဲစားတွေ ရှာပေးတဲ့ အထွေထွေအလုပ်မျိုးစုံကို မနက်သွား ညပြန်လုပ်ရကြောင်း၊ နားရက်မှာ အခန်းအောင်းနေရပြီး အပြင်ကနေ သော့ပိတ်ထားကာ ကျေးကျွန်လို နေရတယ်လို့ ဦးဘခက်က ဆက်ပြောပါတယ်။

အဲဒီနေရာမှာ ရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော် နေထိုင်ပြီး လူကုန်ကူးခံရသူတွေကိုပဲ ခေါ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

လူကုန်ကူးဂိုဏ်းခေါင်းဆောင်နဲ့ ပွဲစားကို စမွတ်စခွန်ရဲစခန်းက ထိန်းထိမ်းထားပြီး လူကုန်ကူးခံရသူတွေ အားလုံးလည်း ရဲစခန်းမှာ ခေါ်ထားတယ်လို့ ဦးဘခက်က ပြောပါတယ်။

မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီဝင်ဖြစ်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဟာ ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒီ ၂၀၁၅ ခုနှစ်ထဲမှာပဲ လူကုန်ကူးမှုပေါင်း ၁၄ ကြိမ်က လူကုန်ကူးခံရသူပေါင်း ၁၃၉ ဦးကို ကယ်ထုတ်ကာ ပွဲစား ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013