DVB Logo
Home
ဆောင်းပါး

ကရင်တပ်မှူး ဗိုလ်မှူးရောဘဇန် ၈၅ နှစ်မြောက်

မောင်တူး
·
November 29, 2026
ကရင်တပ်မှူး ဗိုလ်မှူးရောဘဇန် ၈၅ နှစ်မြောက်
Donate to DVB

တော်လှန်သူတို့၏ ဘူမိနက်သံမြေကို

ခြေချလို့အရောက်လာခဲ့ကြတယ်။

အဲဒီတုန်းက တို့တတွေမှာ အရပ်လွယ်အိတ်တလုံး

တန်ဖိုးမကြီးတဲ့အင်္ကျီနဲ့  ပုဆိုး 

ဖနောင့်က ပြတ်နေတဲ့ ခြေညှပ်ဖိနပ်

ဟောင်းနွမ်းနေပြီဖြစ်တဲ့ စောင်တထည်

ရှိစုမဲ့စု အမေပေးလိုက်တဲ့

တရာသော အဿပြာသာ ပါခဲ့တယ်။

သူငယ်ချင်း

ဒီဆယ်စုနှစ်လေးခုအတွင်းမှာ

တို့အပေါင်းအသင်းတချို့ဟာ

တော်လှန်တဲ့ဘဝ လူထုနဲ့ကင်းကွာပြီး

(သန်းကြွယ်သူဌေးတွေ ရေပေါ်ဆီတွေ) ဖြစ်နေကြတယ်။

အဖြူပေါ် အမည်းရောက်တော့ 

ကွင်းကွင်းမြင်တာပေါ့။ ။     

 မန်း‌ရောဘဇန်

(တော်လှန်ရေးလား တန်ပြန်လား ကဗျာစာအုပ်မှ .. )

ကရင်တော်လှန်ရေး တပ်မှူး ရောဘဇန် ဟာ စစ်မင်းသား မဟုတ်ဘဲ ရန်သူ စစ်အာဏာရှင်ကို တကယ့် ခါးခါးသီးသီးမုန်းတဲ့ တပ်မှူးတဦး ဖြစ်ပါတယ်။ တော်လှန်ရေး ရေပေါ်ဆီတွေကိုလည်း ခါးခါးသီးသီး မုန်းသူပါ။ သူဟာ ဒေါ်အောင်ဆန်းစုကြည်လို ရန်ကုန်မှာ မွေးဖွားတဲ့ ရန်ကုန်သား စစ်စစ်ပါ။ ကျောင်းသားစိတ်ဓာတ် အပြည့်အဝရှိသူလည်း ဖြစ်တယ်။ တပ်ပေါင်းစုနဲ့ အောင်ပွဲခံရမယ်ဆိုတဲ့ စည်းလုံးညီညွတ်ရေးမူလည်း ရှိသူဖြစ်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့သာ အောင်ပွဲခံရမယ်ဆိုတာလည်း ဦးထိပ်ထားသူ။ လူတန်းစား ကွာဟချက် ကြီးမားရင် တော်လှန်ရေး ကျဆုံးနိုင်တာကိုလည်း သိရှိ သတိပေးသူပါ။ (တော်လှန်ရေးလား တန်ပြန်လား) ခေါင်းစဉ်နဲ့ ကဗျာရှည်ကြီးရေး ကဗျာစာအုပ် ထုတ်ပြီးတော့တောင် သူ့ရဲ့ ကရင့်တော်လှန်ရေးကို သတိပေးခဲ့သူဖြစ်ပါတယ်။ သူ့ကို မွေးဖွားခဲ့တာ ၁၉၄၁ ခုနှစ် နိုဝင်ဘာ ၂၇ ပါ။ သူ သက်ရှိထင်ရှားဦးမယ်ဆို  ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ဟာ ၈၅ နှစ်မြောက် သူ့မွေး‌နေ့။

မန်း‌ရောဘဇန်၏ တိုက်ပွဲများ

ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက် စစ်တပ်အာဏာသိမ်းလိုက်ကတည်း ပြင်ဆင်ပြီး တောထဲကို ဝင်ခဲ့ကြပါတယ်။ မွန်နယ်မြေကိုဖြတ်ပြီး ကရင်နယ်မြေကို ရောက်လာခဲ့ကြတယ်။ အဲ့သည်မှာ ဗိုလ်မှူး ရောဘဇန်နဲ့ တွေ့ရတော့တာပါပဲ။ သူဟာ အမြဲတက်ကြွနေတယ်။ သူက စစ်ဆင်ရေးကို စစ်ကြောင်းတပ်ပေါင်းစုသဘော ဖွဲ့စည်းလေ့ရှိတယ်။ ကရင်၊ ဗမာ၊ မွတ်စလင် ကျောင်းသား (ABSDF) စသဖြင့် အားလုံးပါအောင် စုလေ့ရှိတယ်။ ရဲဘော်တွေ "ရန်သူ့ကတုတ်ကျင်းတွေကို ကျားထိုးတက်ကြ" လို့ သူက အမိန့်ပေးလေ့မရှိဘူး။ (Follow me) ငါ့နောက်က လိုက်တက်ကြဆိုပြီး သူကိုယ်တိုင် လက်ပစ်ဗုံးအသင့် လှံစွပ်တပ်လို့ ရှေ့ဆုံးက တက်တဲ့သူပါ။ ထွီဖာဝီကျိုးတိုက်ပွဲ (၁၉၉၂) မှာဆို သူက စစ်ကြောင်းမှူးပါ။ သူက အကြီးဆုံး တပ်မှူးပေါ့။ ဒါပေမဲ့ သူက ကျည်လွတ်နယ်မြေကို ရွှေ့မနေပါဘူး။ ရန်သူ စောမောင်တပ်တွေက ဗုံးမိုးရွာနေတဲ့ကြားမှာပဲ အောက်ခြေရဲဘော်တွေနဲ့ အနီးကပ်နေခဲ့တာပါ။ သူဟာ ရန်သူကို ကိုယ်တိုင်တိုက်ပြီး ရန်သူ့လက်နက် ကိုယ့်လက်နက် ဆိုတာကို သဘောကျသူလေ။ သူကိုယ်တိုင်ရေးတဲ့ " ကျွန်တော်နှင့် ဖလူးတိုက်ပွဲ - (အပိုင်း ၁)" မှာ ဗိုလ်မှူးရောဘဇန်က အခုလို ရေးခဲ့ပါတယ်။

"မိမိကိုင်ဆောင်ထားသော (Browning Pistol) မှာ (ဖါးကပ်) တိုက်ပွဲတွင် သိမ်းပိုက်ရရှိထားသော ခမရ - (၃) မှ ဗိုလ်မြင့်အောင် (သို့မဟုတ်) ဗိုလ်မြင့်ဝင်းကြူ၏ ပစ္စတို ဖြစ်သည်။ နံပါတ်မှာ (T-၄၇၇၄) ဖြစ်သည်။ မိမိတို့၏ခံယူချက်မှာ အထက်အရာရှိမှ ထုတ်ပေးသော၊ ကိုယ်ပိုင်ငွေဖြင့်ဝယ်ယူသော ပစ္စတိုကို စစ်ချပ်ဝတ်တန်ဆာတွင် ချိတ်ခြင်းထက် ရန်သူ့ထံမှ သိမ်းဆီးရရှိသော ပစ္စတိုကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်လိုကြသည်။"

မန်း‌ရောဘဇန် အတ္ထုပ္ပတ္ထိ

ဗိုလ်မှူးရောဘဇန်သည် ကရင်မိဘနှစ်ပါးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း မန်းဘဇန်နှင့် ‌နော်ကြည်ကြည်တို့မှ ၁၉၄၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ချမာဖီဆေးရုံ၌ ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၁၀ ဦးအနက် ဒုတိယ‌မြောက်သားဖြစ်သည်။

သူသည် စံကျ‌ကျောင်း၊ ဥတိုဘုန်းကြီး‌ကျောင်း၊ ငှက်‌အောက်စမ်း‌ကျောင်း၊ ဗြန့်ကြီးတိုက်ကုန်း ကရင်အမျိုးသားအလယ်တန်းကျောင်း၊ ‌ကော်သူး‌လေ ဗဟိုဌာနချုပ် အထက်တန်း‌ကျောင်း၊ ‌နော်ယိုးထာ ‌ကော်သူး‌လေ အထက်တန်း‌ကျောင်း၊ Brayton Model High School (အလုံမစ်ရှင်)‌ ကျောင်းတို့တွင် ပညာသင်ကြားခဲ့ဖူးပြီး ရန်ကုန်ခရိုင် ‌ကျောင်းသားများသမဂ္ဂ(ရကသ)၊ ABKO လူငယ်၊ ‌ကျောင်းသားတာဝန်စသည့် ဥပ‌ဒေ‌ဘောင်တွင်း နိုင်ငံ‌ရေးလှုပ်ရှားမှုများကို လုပ်‌ဆောင်ခဲ့ဖူးသည်ဟု သူကိုယ်တိုင် ‌ရေးသားထားသည့် “ကျွန်ုပ်၏ ‌ကော်သူး‌လေ ကရင့်‌တော်လှန်‌ရေး မှတ်တိုင်များ” အတ္ထုပ္ပတ္တိစာအုပ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် သူ၏ လက်နက်ကိုင် ‌တော်လှန်‌ရေးဖြတ်သန်းမှုတွင် ဝါးခယ်မမြို့နယ် ‌ဒေသ‌ကော်မတီ၊ တပ်ရင်း (၂) KPLA- ကရင်ပြည်သူ့လွတ်‌မြောက်‌ရေး တပ်မ‌တော်၏ နိုင်ငံ‌ရေးမှူး၊ တပ်မဟာ (၁) ဗျူဟာမှူး၊ တပ်ရင်း ၂၃ စစ်‌ကြောင်းမှူး၊ တပ်မဟာ(၇) တပ် ခွဲ(၄)မှူး၊ တပ်‌ရေးဗိုလ်ကြီး၊ ‌ကော်သူး‌လေ မူစလင်တပ်မှူး၊ DAB – Democratic Alliance Of Burma (ကီးဒိုစစ်‌ကြောင်းမှူး)များကို တာဝန်ယူခဲ့သလို ‌ကေအန်ယူ တပ်မဟာ ၇ အတွင်း နာမည်ကြီး ညင်ဒုံတိုက်ပွဲ၊ ဖားကပ်တိုက်ပွဲနှင့် ဝမ်ခတိုက်ပွဲများတွင် ကိုယ်တိုင် ပါဝင်တိုက်ခဲ့ဖူးသူ တဦးလည်းဖြစ်ပါတယ်။

သူဟာ ၂ဝဝဝ ပြည့်နှစ်၊ ဩဂုတ် ၃ ရက်‌နေ့ အ‌မေရိကန်နိုင်ငံကို ‌ရောက်ရှိပြီး Karen Community of Minnesota (KCM)၊ Patriotic Karen Association-PKA အဖွဲ့အစည်းတွေကို ဦး‌ဆောင်ဖွဲ့စည်းခဲ့သလို နိုင်ငံတကာ‌ရောက် ကရင်အမျိုးသား‌ရေးလုပ်ငန်းများကို အားတက်သ‌ရော ကြိုးပမ်းစုစည်းမှုများ လုပ်‌ဆောင်‌တာကြောင့် ကရင်လူ့အဖွဲ့အစည်းရဲ့ ဖခင်လို့ တင်စား‌ ခေါ်‌ဝေါ်ခံရသူဖြစ်တယ်။

ကီးဒိုမှ ရှီးရှို ကြားလား

ဝမ်ခ စစ်မြေပြင်မှာ၊ ထွီဖာဝီကျိုး ခံစစ်တွေမှာ "ကီးဒိုမှ ရှီးရှို ကီးဒိုမှ ရှီးရှို ကြားလား ကြားလား" ဆိုတဲ့အသံတွေ ကြားနေရတယ်။ ဆက်သွယ်ရေး စက်တွေချင်း ဆက်သွယ် ပြောဆိုနေကြတာပါ။ 

"အဝေးစစ်မြေစခန်းမှ အောင်ပွဲနဲ့ မြန်းလာခဲ့ရင် " ဆိုတဲ့ တွံတေးသိန်းတန် သီချင်းလိုပါပဲ။ ကျနော်တို့ ဖူးကီးဒို တို့ရဲ့ သံလွင်မြစ်ဘေး တောင်ကြောပေါ်က စစ်စခန်းမှာလည်း ထမင်းချက်ပြုပ်သံ၊ ထင်းခွဲသံ၊ ရေခတ်သံ၊ ရဲဘော်ချင်း နှုတ်ဆက် ပြောဆိုသံတွေ၊ ကီးဒိုမှ ရှီးရှို ကြားလား ဆက်သွယ်ရေး စက်သံတွေ ကြားနေရတယ်။ ဆက်သွယ်ရေးစက်အမည် ကီးဒို ဟာ ဖူးကီးဒိုရဲ့ စက်ပါ။ ဖူးကီးဒိုဟာ ဗိုလ်မှူးရောဘဇန်ရဲ့ နာမည်ပါ။ သူဟာ ကလောင်အမည် ဖူးကီးဒိုနဲ့လည်း စာတွေရေးတယ်။ စာ‌ပေကို မြတ်နိုးသူတဦးဖြစ်တဲ့သူဟာ ‌တောသား‌လေးဇန်၊ ဖူးကီးဒို၊ ‌နော်ပ‌စောထီးစတဲ့ ကလောင် အမည်တွေနဲ့လည်း မန်းဘဇန်နှင့် ကရင့်‌တော်လှန်‌ရေး၊ ‌တော်လှန်‌ရေးလား တန်ပြန်လား (ကဗျာ) စာအုပ်၊ ‌ကျေးလက်ပြည်သူများအတွက် တိုင်းရင်း‌ဆေး၊ ကျွန်ုပ်၏ ‌ကော်သူး‌လေ ကရင့်‌တော်လှန်‌ရေး မှတ်တိုင်များ စတဲ့ သည့် စာအုပ်တွေအပြင် ‌ဆောင်းပါးတွေ ကဗျာတွေကို သနူးထူးဂျာနယ်၊ ပြည်‌တော်သစ်ဂျာနယ်၊ နိုင်ငံသစ် ဂျာနယ်နဲ့ ‌သွေးစည်းခိုင်မာ‌ရေးဂျာနယ်တွေမှာ ရေးသားခဲ့ပါတယ်။

မန်းရောဘဇန် ဘာပြောခဲ့သလဲ

၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူးနေ့မှာ ဗိုလ်မှူးရောဘဇန်က အခုလို ပြောခဲ့ပါတယ်။

"ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးက ကရင်တမျိုးသားလုံးကို အောက်ပါအတိုင်း သြဝါဒမိန့်ကြားခဲ့တယ်။ (တိုင်းပြည်မရှိတဲ့လူမျိုးဟာ ကျွန်ပဲ)တဲ့။ မျက်မှောက် အခြေအနေမှာ ကရင့်ဘဝဟာ ဗမာစစ်ဗိုလ်တစုရဲ့ စစ်ကျွန်တွေ ဖြစ်နေပါတယ်။ လက်ရှိ ကြံ့-ဖွတ် သိန်းစိန်စစ်အုပ်စုဟာ လူမျိုးစုံ ပြည်သူတရပ်လုံးက ရွေးကောက်တင်မြောက်ထားတာ မဟုတ်ဘူး။ လက်နက်နဲ့ အနိုင်ကျင့်ဗိုလ်ကျပြီး အတုအယောင်ရွေးကောက်ပွဲလုပ်၊ မဲလိမ်၊ မဲခိုးပြီး အဓမ္မအစိုးရ တက်လုပ်နေတာ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်ထူထောင်မဲ့၊ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ ငယ်မွေးခြံပေါက်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်မဲ့၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲပြီး ဘောင်းဘီဝတ်-ဘောင်းဘီချွတ်တွေ၊ လူထုက မရွေးကောက်တဲ့ စစ်ဗိုလ်တမတ်သား (လွှတ်တော်) နဲ့ ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျနေတာဖြစ်တယ်။ ဒီလိုအုပ်စုကို ဒီအတိုင်း လက်ပိုက်ကြည့်နေရင် စစ်ကျွန်သက် ပိုရှည်ကြာနေမှာ ဖြစ်တယ်။ တော်လှန်ရေး အစဉ်အလာ ကြီးမားတဲ့ လူမျိုးစုံ ပြည်သူတွေဟာ စစ်ကျွန်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်ဖြိုချဖို့ အချိန်ကျရောက်ပါပြီ။” 

“၁။ KNU ကို KNA, BKNA, KCO, KIO စတဲ့ ကရင်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းပြီး ကရင် တမျိုးသားလုံးကို ကရင်အလံတော်အောက်အရောက် ပို့ခဲ့သလို တရားမျှတပြီး ဒီမိုကရေစီကျတဲ့ ပြည်တွင်း-ပြည်ပရှိ ကရင်နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ၊ ကရင်ဘာသာရေးအဖွဲ့အစည်းတွေ၊ ကရင် လူမှုရေးအဖွဲ့အစည်းတွေ၊ (KNU\KNLA) ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ကလိုထူးဘော ကရင်အစည်းအရုံး (KKO)၊ ကရင်လူငယ်၊ ကရင်အမျိုးသမီး၊ ကရင်ကျောင်းသားအဖွဲ့ အစည်းတွေကို (KNU) ရဲ့ ခေါင်းဆောင်မှုနဲ့ ကျယ်ပြန့်တဲ့ (ကရင်အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုကြီး) Karen National Democratic Front (KNDF) ဖွဲ့ပါ။”

“၂။ လူမျိုးစုံ ပြည်သူတရပ်လုံးက ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းဥပဒေ မပေါ်ပေါက်မချင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်မချင်း၊ ပြည်နယ်ပေါင်းစု ဖယ်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်မချင်း၊ စစ်ကျွန်စနစ် ရှိနေသမျှ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲတွေ ဧကန်မုချ ဖြစ်နေမှာဖြစ်တယ်။ ဒါကြောင့် ကရင်လက်နက်ကိုင်တပ်တွေဖြစ်တဲ့ KNLA, KNU/KNLA နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်တွေနဲ့ (ကရင့်လက်နက်ကိုင်တပ်ပေါင်းစုံတပ်)ကို ဖွဲ့ပါ။ တဆက်တည်း ABSDF တပ်တွေအပါအဝင် UNFC လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ (Federal Army) ဖယ်ဒရယ်တပ်မတော်ကိုဖွဲ့ပါ။ ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးစုံ ပြည်သူတရပ်လုံးရဲ့ (အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစုကြီး) ဖွဲ့စည်းနိုင်မှ စစ်အာဏာရှင်စနစ်ကို အဆုံးသတ် ချေမုန်းနိုင်မှာဖြစ်တယ်။”

“ပြည်တွင်း-ပြည်ပရှိ ကရင်အမျိုးသားများခင်ဗျား- အထက်ပါတင်ပြချက် မဟာဗျူဟာ လုပ်ငန်းစဉ် (၃) ရပ်ကို ဒီကရင် နှစ်သစ်ကူးနေ့မှစ၍ ဆက်လက် အကောင်အထည် ဖေါ်ထုတ် လုပ်ကိုင်ကြမယ်လို့ အဓိဋ္ဌာန်ပြုကြပါစို့။ ကရင်မျိုးဆက်သစ် အဆက်ဆက်ကို စစ်ရှုံးတဲ့ လူမျိုးအဖြစ်၊ စစ်ကျွန်တွေအဖြစ်အမွေဆိုးကို မပေးဖို့၊ ကရင့်တော်လှန် စစ်အောင်တံခွန်ကို ငွားငွား စွင့်စွင့်လွှင့်ထူကြဖို့၊ တော်လှန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို မွေးမြူကြဖို့ ပန်ကြားရင်း၊ လွတ်လပ်တဲ့ လူမျိုးအဖြစ် အသက်ရှင်သွားမယ်လို့ အဓိဋ္ဌာန်ပြုရင်း နိဂုံးချုပ်ပါတယ်။" 

အထက်ပါ ၂၀၁၃ ခုနှစ်က သူ့ရဲ့ လမ်းညွှန်ချက်တွေဟာ အခု နွေဦးတော်လှန် ကာလအတွက် စုစည်းမှု၊ ဖက်ဒရယ်တပ်မတော်စတဲ့ အယူအဆတွေကို ကြိုတင်တွေးခေါ်သွားခဲ့ပုံပါပဲ။ အခု နွေဦးမှာသာ သူရှိနေသေးရင် တိုက်ပွဲအတွက် အများကြီး အထောက်အကူရမှာပါ။ KNU ဥက္ကဋ္ဌဟောင်း မန်းဘဇန်ရဲ့သား ကရင့်‌တော်လှန်‌ရေးသမားကြီး ဗိုလ်မှူး ရောဘဇန်ဟာ ၂၀၁၈ ခုနှစ် ‌မေလ ၁၁ ရက်‌က ‌ကွယ်လွန်သွားခဲ့ပါပြီ။  နိုဝင်ဘာ ၂၇ ကတော့ သူ့ရဲ့ ၈၅ နှစ် မွေးနေ့ပါ။ 

တို့တော်လှန်ရေးသမိုင်းဘီးဟာ

ကြောင်လိမ်လှေကားလို

တဆင့်ပြီးတဆင့် မြင့်တယ်လာတယ်။

အောင်ပွဲနဲ့ နီးလာတယ်

အောင်ပွဲနဲ့ နီးလာလေလေ

ပြည်သူတွေရဲ့ အသိဟာ

မြင့်လာလေလေဘဲ

ဒီမိုကရေစီကြွယ်ဝလာလေပဲ။

ဒီမိုကရေစီအသီးအပွင့်တွေကို

ပြည်သူတွေကတဝကြီးခူးစားပြီး

အသိတရားတွေကြွယ်ဝလာတဲ့

မကြာတော့တဲ့ အချိန်မှာ

ပြည်သူ့ တရားခုံရုံးက

စီးပွားရေးစစ်တမ်းထုတ်လာခဲ့ရင်

မင်းဘယ်လမ်းရွေးမှာလဲ

တော်လှန်ရေးလား၊ တန်ပြန်လား

အောင်ပွဲခံမလား၊ တရားခံလား

ဆုလာဘ်လား ကြိုးစင်လား ဆိုတာ

မင်းသိတဲ့အချိန်ဟာ

အလွန်တရာ နောက်ကျသွားပြီဖြစ်လို့

ဝမ်နည်းရပါတယ် သူငယ်ချင်း။ ။

(မန်းရောဘဇန်) တော်လှန်ရေးလား တန်ပြန်လား ကဗျာစာအုပ်မှ . . . 

မန်းရောဘဇန်ရဲ့ တော်လှန်ရေးလား တန်ပြန်လား ကဗျာအမှာစာ

"တော်လှန်ရေးလား တန်ပြန်လား " ကဗျာစာအုပ် ထုတ်ရာမှာ သူက စာရေးသူ၏ မေတ္တာ ရပ်ခံချက် ဆိုပြီး အောက်ပါအတိုင်း ရေးခဲ့တယ်။”

"ဤစာစုသည် ဖဆပလ၊ ပထစ၊ မဆလနဲ့ နဝတခေတ်တွေမှာ တော်လှန်ခဲ့သော သူရဲကောင်း စစ်သည်တော်တွေအတွင်း သေနတ်သံတချက်၊ စစ်မြေပြင် တရက်မှ မရောက်ဘူးဘဲ ပူးကပ်အခွင့်ထူးခံ ကိုယ်ကျိုးရှာပြီး ဆယ်စုနှစ် တော်တော်များများ ပါဝင်သူတွေရှိခဲ့တယ်။ ရန်သူရဲ့ မျိုးဖြုတ် သုတ်သင်ရေး ထိုးစစ်ကြီးတွေ ဆင်လာတဲ့ အခါမယ် ဒီလို ပူးကပ် အခွင့်ထူးခံတွေဟာ အလျှို အလျှို ငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်လို့ ရောက်ခဲ့သူတွေ ရှိတယ်။ မျက်မှောက် နဝတခေတ်မှာ ဒီလို သစ္စာဖောက် လောက်ကောင်တွေ ဆက်လက် မပေါ်ပေါက်လာခြင်းငှာ သတိရှိရှိ စစ်သား မျက်စိဖြင့် တော်လှန်ရေးလား တန်ပြန်လား ကဗျာရှည်ကို ရေးသားလိုက်ရပါတယ်။ အကယ်၍များ ဤကဗျာစုသည် တစုံတဦး တယောက်ကို မရည်ရွယ်ပါဘဲ လေးစားရပါသော စာရှုသူတွေနဲ့ ဆင်တူရိုးမားတဲ့ အဖြစ်မျိုး ရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့် ခွင့်ပန်အပ်ပါတယ်ခင်ဗျား။ "

သူငယ်ချင်း

တို့ရဲဘော်သူရဲကောင်းစစ်သည်တော်

အထောင်အသောင်းဟာ

အမွန်မြတ်ဆုံးစွန့်လွှတ်ခြင်းမျိုးနဲ့

စွန့်လွှတ်လိုက်ကြပြီး

အမွန်မြတ်ဆုံး ပေးဆပ်ခြင်းမျိုးနဲ့

ပေးဆပ်လိုက်ကြပြီတော်လှန်ရေးသမိုင်းတာဝန်တွေ

ကျေပွန်ကြလေပြီ။

အသက်ရှင်သေးတဲ့ ငါတို့တတွေ

သူတို့ရဲ့ တော်လှန်တဲ့သစ္စာတရားတော်ကို

စောင့်သိရိုသေမှုဖြင့်

လူလူချင်းသွေးစုတ်မှု

လူမျိုးခြင်းကျွန်ပြုမှုကင်းဝေးတဲ့

လူ့ဘောင်သစ်ကို

အရောက်ချီတက်ကြရမယ်။ 

(မန်းရောဘဇန်) တော်လှန်ရေးလား တန်ပြန်လား ကဗျာစာအုပ်မှ . . . 

မန်းရောဘဇန် ၈၅ မွေးနေ့

ကရင်ချင်းအတူတူ မန်းရောဘဇန်၊ ပဒိုမန်းရှာ၊ နန်းခင်ထွေးမြင့်တို့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်ရောင်ပြောင်မှုတွေနဲ့ မန်းငြိမ်းမောင်စတဲ့ သစ္စာဖောက်တွေရဲ့ သေးသိမ်မှုတွေက မိုးနဲ့မြေ၊ မြင့်မိုရ်တောင်နဲ့ ဆီးစေ့ နှိုင်းစာလို့ မရကြပါ။ မင်းအောင်လှိုင်၊ ဦးနေဝင်းတို့ရဲ့ မွေးနေ့တွေကို ဘယ်သူမျှ ပမာမထားကြပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဖခင်အောင်ဆန်းနဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ရဲ့ မွေးနေ့တွေကိုတော့ အကြိုပွဲတွေ၊ နောက်ဆက်တွဲပွဲတွေနဲ့တောင် ပြည်တွင်း ပြည်ပ ရောက်ရာနေရာတွေမှာ ပြုလုပ်နေကြတာပါ။

မန်းရောဘဇန် ၈၅ နှစ်မြောက်မှာလည်း ကရင့်တော်လှန်ရေး၊ မြန်မာပြည်တော်လှန်ရေး အရေးပေါင်းစုံမှာ လက်ရုံးရည် နှလုံးရည် စာပေ စိတ်ဓာတ် စည်းရုံးရေး ဖက်ပေါင်းစုံက ဦးဆောင် လမ်းပြသွားသူကြီးအဖြစ် လေးစားဂုဏ်ပြုလိုက်ပါတယ်။ အခုလို ၈၅ နှစ်ပြည့် နှစ်ပတ်လည် ဆောင်းပါးတပုဒ်ထဲသာနဲ့ သူ့ရဲ့ ဂုဏ်အင်တွေကို အကုန်အစင် ဖော်ပြနိုင်မှာ မဟုတ်ပါ။ ကရင် မြန်မာ မျိုးဆက်အပေါင်းကလည်း ဗိုလ်မှူးရောဘဇန်ရဲ့ စာပေကဗျာ မိန့်ခွန်း လမ်းညွှန်ချက် စိတ်ဓာတ် ခံယူချက်တွေကို ရှာဖွေ လေ့လာဖတ်ရှုလိုက်နာကြပြီး တော်လှန်ရေးလမ်းကို လျှောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ။  

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013