DVB Logo
Home
မြန်မာသတင်း
ဘုရားမှာ ဆုတောင်းသည့် မိတ္ထီလာမြို့ခံများကို ထောင်ဒဏ် ၄ လစီ ချမှတ်
DVB
·
July 10, 2015
ဘုရားမှာ ဆုတောင်းသည့် မိတ္ထီလာမြို့ခံများကို ထောင်ဒဏ် ၄ လစီ ချမှတ်
Donate to DVB

သပိတ်မှောက် ကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဘုရားမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ပြန်ကြားရေးမှူး ဒေါ်ခင်မေစီ အပါအ၀င်  မိတ္ထီလာမြို့ခံတွေကို   ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး ဒီကနေ့ ထောင်ဒဏ် ၄ လစီ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက အမျိုးသားပညာရေးဥပဒေ သပိတ်မှောက် ကျောင်းသားတွေ လက်ပံတန်းမှာ ပိတ်မိနေချိန် ကျောင်းသားတွေကို ထောက်ခံကြောင်းနဲ့ အကြမ်းမဖက်ဖို့ ပိုစတာတွေ ကိုင်ဆောင် ဘုရားမှာ ဆုတောင်းခဲ့ကြတဲ့ မိတ္ထီလာမြို့က အန်အယ်လ်ဒီ ခရိုင်ပြန်ကြားရေးမှူး ဒေါ်ခင်မေစီ၊ လူမှုအကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ဒေါ်မေသက်ဦးတို့ကို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

မိတ္ထီလာ မြို့မရဲစခန်းက သူတို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ မတ်လ ၂၅ ရက်မှာ တရားစွဲခဲ့ပြီး ဒီကနေ့ တရားရုံးမှာ လုံခြုံရေး ထူထပ်စွာချပြီး အမိန့်ချခဲ့တာလို့ ဒေါ်မြင့်မြင့်အေးရဲ့ ရှေ့နေ ဒေါ်ဟန်စုရည်က ပြောပါတယ်။

“မနက်ခင်းတုန်းက ၁၁ နာရီမထိုးခင် ဒေါ်မြင့်မြင့်အေးကို ထောင်ကနေ ထုတ်တယ်။ ထုတ်ပြီးတော့ တရားရုံးကို အကုန်လုံး အပေါက်တွေ ပိတ်လိုက်တယ်။ ပိတ်ပြီးတော့ အပြင်က ဒေါ်ခင်မေစီနဲ့ ဒေါ်မေသက်ဦးရယ်၊ အန်တီမြင့်မြင့်အေးရယ်ကို ရဲအခြံအရံတွေ အများကြီးနဲ့ အမိန့်ချပြီးတော့မှ ချက်ချင်း ထောင်ကို ခေါ်သွားတာ။”

လူမှုအကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးကတော့ ဝမ်းတွင်းမြို့နယ်က လယ်သိမ်းခံ တောင်သူလယ်သမားတွေအရေး ကူညီဆောင်ရွက်ပေးခဲ့မှုနဲ့ ပြီးခဲ့တဲ့ မေလကတည်းက ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ထောင်ကနေ မလွတ်ခင် နောက်ထပ်တမှုနဲ့ အခုလို စီရင်ချက်ချခံရတာပါ။

မိတ္ထီလာ အန်အယ်လ်ဒီက ဒေါ်ခင်မေစီကတော့ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဒေါ်မေသက်ဦးကတော့ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

ရှေ့နေ ဒေါ်ဟန်စုရည်ကတော့ အခုလို ထောင်ဒဏ် ၄ လထိ စီရင်ချက်ချလိုက်တာဟာ တရားမျှတမှု မရှိဘူးလို့လည်း ပြောပါတယ်။

“ဒါ တရားမျှတမှု မရှိဘူးလို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပုဒ်မ ၁၈ နဲ့ မြန်မာနိုင်ငံ တ၀ှမ်းမှာ ထောင်ဒဏ် ချနေကြတာပဲပေါ့နော့်။ ဘယ်သူမှ ၄ လချတဲ့သူ သိပ်မရှိပါဘူး။ နောက်တချက်က ဒေါ်ခင်မေစီနဲ့ ဒေါ်မေသက်ဦးတို့ဟာ အသက်အရွယ်လည်းကြီးပြီ။ နောက် ဘာပြစ်မှုမှ ပြုလုပ်ထားတာမရှိဘူး။ အမျိုးသမီးတွေလည်းဖြစ်တဲ့ အခါကျတော့ များသောအားဖြင့် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်အနည်းအကျဉ်း ချလို့ရတယ်။ ဒါပေမယ့် အခုက ၄ လအထိ ချတယ်ဆိုတော့ များတယ်လို့ပဲ ပြောချင်တယ်။”

လက်ပံတန်းမှာ တားဆီးပိတ်ဆို့ခံခဲ့ရတဲ့ ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေကိုတော့ မတ်လ ၁၀ နေ့မှာ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးပြီး လက်ရှိ သာယာဝတီထောင်မှာ ထိန်းသိမ်း တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013