DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းယာမြေ ပြန်ရရေး ပန်းတနော်လယ်သမား ရာချီ ဆန္ဒပြ
DVB
·
July 10, 2015
သိမ်းဆည်းယာမြေ ပြန်ရရေး ပန်းတနော်လယ်သမား ရာချီ ဆန္ဒပြ
1 / 4
Donate to DVB

ဧရာဝတီတိုင်း​ဒေသကြီး မအူပင်​ခရိုင်​ ပန်းတ​နော်မြို့နယ်​ မြစ်​ဝရေကြီးကွင်း ဒေသက လယ်​သမားတွေဟာ သိမ်းဆည်းလယ်ယာမြေ ပြန်ရရေး ဒီကနေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

ဖိုးလမင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်​ယာ​မြေတွေ ပြန်​လည်​ရရှိ​ရေးနဲ့ အင်းလုပ်ငန်းတွေ ဖျက်သိမ်းပေးရေးတို့အတွက် လယ်သမား ရာနဲ့ချီ ဆန္ဒထုတ်​​ဖော်ခဲ့ကြတာပါ။

အရင်စစ်အစိုးရ​ခေတ်က ဖိုးလမင်းကုမ္ပဏီက သိမ်းယူထားခဲ့တဲ့ လယ်​ယာ​မြေ​တွေ​ပေါ် သမ္မတ ဦးသိန်းစိန်​ အစိုးရလက်ထက် ပြန်​လည်ထွန်​ယက်​ စိုက်​ပျိုးကြတာ​ကြောင့် အမှုဖွင့် တရားစွဲဆို ထောင်ချခံနေကြရတဲ့ကိစ္စ၊ အင်းတွေမှာ ဆယ်​စုနှစ်​နဲ့ချီပြီး ငါးဖမ်းရှာ​ဖွေ လုပ်​ကိုင်​ စား​သောက်​ခွင့်​ မရတဲ့ကိစ္စနဲ့ အမှုဆင်​ ဖမ်းဆီး၊ ​ထောင်ချခံနေရတဲ့ ဖြစ်ရပ်တွေအတွက် သမ္မတ အပါအဝင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာတွေကို တင်​ပြ တိုင်ကြားခဲ့ပေမယ့် မထူးခြားတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ လယ် ၃၃ ဧက သိမ်းယူခံခဲ့ရသူ ဦးမောင်နီက ဒီဗွီဘီကို ပြောပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အတွင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအမိန့်နဲ့ ဆိုပြီး ခနွဲကဘို၊ ပြလင်း၊ မိမ္မပြေး၊ ထိန်ကုလားကုန်း၊ တူးချောင်း စတဲ့ ကျေးရွာအုပ်စုတွေက လယ်သမား​တွေ ဓားမဦးချ လုပ်ကိုင်ခဲ့ကြတဲ့ ဦးပိုင်ပေါက်၊ အခွန်ပြေစာရှိ၊ ဗယက ပုံစံရှိ (တနှစ်တာ ကာလအတွင်း စိုက်​ပျိုးသီးနှံ ​ဖော်ထုတ်​ရမယ့် ဧကစာရင်း)၊ လက်​ငုတ် ကစင်းတင် လယ်ယာမြေဧက ၁၀၀၀ ကျော်ကို ဖိုးလမင်းကုမ္ပဏီက နစ်နာကြေးငွေ တစုံတရာ မပေးဘဲ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လယ်ယာမြေတွေကို ၂၀၁၀ ပြည့်နှစ်​ အ​ရောက်မှာ နိုင်ငံတော်က မြေလွတ် မြေလပ်နဲ့ မြေရိုင်းလုပ်ပိုင်ခွင့်အဖြစ် ဖိုးလမင်းကုမ္ပဏီကို ချပေးခဲ့ပါတယ်။

လယ်သမားတွေဘက်ကတော့ အဲဒီနေရာတွေဟာ ၁၉၉၉ ခုနှစ်​တုန်းက သိမ်းဆည်းခံထားရတဲ့ သူတို့ လယ်​ယာမြေတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ပြုလုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခံလယ်မြေ ပြန်ရ​ရေး၊ လယ်​ယာ​မြေ​ပေါ်က အင်းလုပ်​ငန်းတွေ ဖျက်​သိမ်း​ပေး​ရေး၊ လယ်​ယာ​မြေ မှတ်ပုံတင်ချ​ပေး​ရေး၊ လယ်​မလုပ်သူ လယ်ပိုင်တဲ့ စီမံကိန်းများ ဖျက်​သိမ်းပေးရေး၊ လယ်ယာမြေများ သိမ်းဆည်းထားတဲ့ ဖိုးလမင်းကုမ္ပဏီ ထွက်သွားရေး စတဲ့ အချက်တွေကို ​ကြွေးကြော်​ ​တောင်းဆိုခဲ့ကြပါတယ်​။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013