DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် လှေနစ်မြုပ်၊ မြန်မာအလုပ်သမားများ ပါဝင် (ရုပ်သံ)
DVB
·
July 10, 2015
ထိုင်းတောင်ပိုင်းတွင် လှေနစ်မြုပ်၊ မြန်မာအလုပ်သမားများ ပါဝင် (ရုပ်သံ)
Donate to DVB

လွန်ခဲ့တဲ့ ရက်ပိုင်းက ထိုင်းတောင်ပိုင်းမှာ အနည်းဆုံးလှေ ၂ စီး တိမ်းမှောက်ခဲ့ပြီး အဲဒီလှေတွေထဲမှာ မြန်မာအလုပ်သမားတွေလည်း ပါဝင်ပါတယ်။

ဖူးကက်ခရိုင် ရာချာကျွန်းအနီး တိမ်းမှောက်ခဲ့တဲ့ လှေပေါ်က ပျောက်ဆုံးနေသူ တချို့ကို ပြန်တွေ့ပြီဖြစ်ပြီး မြန်မာလုပ်သား ၂ ဦး ပါဝင်တယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘက်ဖိုးကားတစီးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆိင်ထုဖူးကစ် - ၁  အမည်ရ ကုန်တင်လှေတစီးဟာ ဇူလိုင် ၇ ရက်နေ့က ဖူးကက်ခရိုင် ရာချာကျွန်းနဲ့ ကရပိခရိုင် ဖီးဖီးကျွန်းတို့ ကြားထဲမှာ လှိုင်းကြီးပြီး စက်လှေချို့ယွင်းတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

လှေထဲမှာ လူ ၆ ဦး လိုက်ပါလာရာမှာ  မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုငယ် (၁၈) နှစ်နဲ့ ကိုလူအေး (၂၀) နှစ်တို့ ၂ ဦးကို ဇူလိုင်လ ၉ ရက် ညနေ ၅ နာရီလောက်က ကရပိခရိုင် ကော်လန်းဒါးကျွန်း နယ်မြေ ၂ ခလောင်းခုန် ကမ်းခြေအနီးမှာ တွေ့ရှိခဲ့တယ်လို့ ကော်လန်းဒါးမြို့နယ် အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ဝါးလုံးတွေဖက်တွယ်ရင်း ရေထဲမျောနေတဲ့ သူတို့ ၂ ဦးကို ရွာသားတွေက ကယ်ဆယ်ပြီး  မြို့နယ်ရုံးကို အကြောင်းကြားခဲ့ကြောင်း၊ မေးမြန်းချက်အရ သူတို့ ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ရေထဲမှာ ၃ ရက်ကြာ ကူးခတ်မျောပါခဲ့ရကာ ခြေတောက်နဲ့ လက်တွေမှာလည်း ဒဏ်ရာတွေ ရခဲ့တာကြောင့် ကော်လန်းဒါးဆေးရုံကို ပို့ဆောင်ထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

လှေပေါ်ပါလာသူတွေထဲက အသက် ၃၀ အရွယ် နိုင်းနထိ ကလပ်ကျစ် ဆိုသူ ထိုင်းလူမျိုးကိုလည်း ဇူလိုင် ၈ ရက်နေ့ ညက ကော်လန်းဒါးမြို့နယ် နယ်မြေ ၅ ခလောင်းဟင် ကမ်းခြေအနီးမှာ ဆီပေပါပုံး ဖက်တွယ်လျက်နဲ့ တွေ့ရှိခဲ့ပြီး အစာရေစာပြတ်လပ် နွမ်းနယ်သလို ဒဏ်ရာတွေပါ ရရှိတဲ့အတွက် ကော်လန်းဒါးဆေးရုံမှာပဲ ပို့ဆောင်ထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

နောက်ထပ် ပျောက်ဆုံးနေသူ ၃ ဦးကို တွေ့ရှိဖို့ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရေးတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့မှာပဲ အက်ဒမန်ပင်လယ် ကော့ဟေးကျွန်းအနီးမှာ Sinaran Andaman အမည်ရှိ ကမ္ဘောဒီးယားပိုင် ကွန်တိန်နာတင်လှေတစီး တိမ်းမှောက်ခဲ့ပြီး ရေထဲမျောနေတဲ့ လူဆယ်ဦးကို ထိုင်းရေတပ်အမှတ် ၃ က ဟယ်လီကော်ပတာနဲ့ သွားရောက် ကယ်တင်ခဲ့တယ်လို့  matichon online ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီလှေထဲမှာလည်း မြန်မာအလုပ်သမားတဦး ပါဝင်ပြီး ကျန်သူတွေကတော့ အင်ဒိုနီးရှားနိုင်ငံသားနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013