DVB Logo
Home
မြန်မာသတင်း
အစိုးရ၀န်ကြီးများကို ပါတီစည်းရုံးရေး လုပ်ခွင့်ပြုလိုက်သည့်အပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးကိုနီ နှင့် မေးမြန်းချက်
DVB
·
July 9, 2015
အစိုးရ၀န်ကြီးများကို ပါတီစည်းရုံးရေး လုပ်ခွင့်ပြုလိုက်သည့်အပေါ် ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးကိုနီ နှင့် မေးမြန်းချက်
Donate to DVB

ဇူလိုင် ၈ ရက်က ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အရ အစိုးရအဖွဲ့ဝင်တွေ၊ ဒု-၀န်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ဟာ ဇူလိုင် ၈ ရက်ကစပြီး ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရပြီလို့ သိရပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ရန်ကုန်က ဥပဒေရေးရာကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

အစိုးရအဖွဲ့ဝင်တွေ၊ ရှေ့နေချုပ်တို့၊ တရားသူကြီးချုပ်တို့ ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့ရပြီဆိုတာ ဘာကို ဆိုလိုတာပါလဲ၊ အကြမ်းဖျင်း ရှင်းပြပေးပါ။

“လက်ရှိ ရာထူးတခုခုကို ထမ်းဆောင်နေတဲ့ ၀န်ကြီးတို့၊ တရားသူကြီးချုပ်တို့ ဒီလိုပုဂ္ဂိုလ်တွေက တကယ်လို့များ လာမယ့် ရွေးကောက်ပွဲ ၀င်မယ်ဆိုလို့ရှိရင် ၀င်ဖို့ ဆုံးဖြတ်တယ်ဆိုရင် သူတို့အနေနဲ့ ရာထူးလက်ရှိနဲ့ စည်းရုံးရေးလုပ်ဖို့ကိစ္စမှာ အခက်အခဲ ရှိနေတယ်လို့ ထင်မြင်နေတယ်ပေါ့ဗျာ။ ရာထူးလက်ရှိနဲ့ စည်းရုံးရေး မလုပ်ရဘူးဆိုတဲ့ သတ်မှတ်ချက်၊ ဒါကို သူက လွှတ်ပေးလိုက်တာပါ။ ရွေးကောက်ပွဲဝင်မယ်ဆိုရင် သူတို့အနေနဲ့လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်နိုင်တယ် ဆိုတာကို လမ်းဖွင့်ပေးတဲ့သဘောပါ။ အဓိကကတော့ ဒါပါပဲ။ ဒါပေမယ့် အဲ့ဒီမှာ သတိထားရမှာတခုက စည်းရုံးရေးနဲ့ ရွေးကောက်ပွဲ မဲဆွယ်တာက နည်းနည်းကွာတယ်။ စည်းရုံးရေးကို လုပ်လို့ရတယ်လို့ ပြောလိုက်တာက နည်းနည်းလေး စောမယ်။ မဲဆွယ်တယ်ဆိုတာက ကိုယ်စားလှယ်လောင်းစာရင်း ကြေညာပြီးတဲ့နောက်မှ မဲဆွယ်ရတာ။ စည်းရုံးရေးလုပ်တယ် ဆိုတာကတော့ ရှေ့ပြေးလုပ်ငန်းလေးတွေပေါ့။ သူက အဲ့ဒါလေးတွေ လုပ်လို့ရပြီလို့ ပြောတာ၊ ကျနော်တော့ အဲ့လိုပဲ နားလည်ပါတယ်။”

ဖွဲ့စည်းပုံမှာ သမ္မတတို့ ၀န်ကြီးတို့က ပါတီလုပ်ငန်းတွေ မလုပ်ရဘူးလို့ ပြဋ္ဌာန်းထားတာ မဟုတ်လား၊ အဲ့ဒါနဲ့က ဘာကွာလဲ။

“မတူဘူးခင်ဗျ၊ ပါတီလုပ်ငန်းဆိုတာက ပါတီမူဝါဒတွေ အကောင်အထည်ဖော်တာ၊ ပါတီ အောင်နိုင်ရေးလုပ်တာ ဒါက တကိစ္စပေါ့။ အခုဟာက တဦးချင်းအနေနဲ့ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မဖြစ်စေပေါ့၊ ရွေးကောက်ပွဲကို ၀င်မယ့်အခါကျတော့ ရွေးကောက်ပွဲဝင်မယ့် သူတိုင်းဟာ မိမိတို့ အောင်နိုင်ရေးအတွက် လုပ်ဖို့ရှိတယ်၊ လူထုထောက်ခံမှုရဖို့ဆိုတာက ဒီတိုင်း ရွေးကောက်ပွဲဝင်ရုံနဲ့ မရဘူး။ သူတို့အနေနဲ့ စည်းရုံးရေးလုပ်ရမယ်၊ ဖွဲ့စည်းပုံပုဒ်မ ၆၄ က သမ္မတ တာဝန်ကိုအပ်လိုက်တဲ့အခါ ပါတီရဲ့ တာဝန်ကို မလုပ်ရတော့ဘူးလို့ ပြောတာ။ အလားတူ ၀န်ကြီးတာဝန်ယူထားသူတွေဟာ တနိုင်ငံလုံးအကျိုး လုပ်ဆောင်ရမှာဖြစ်လို့ သူ့ ပါတီတာဝန်မလုပ်ရဘူးလို့ ပြောတာ၊ အခုဟာက ပါတီတာဝန်ယူတာ မဟုတ်ဘူး၊ သူ အောင်နိုင်ရေးအတွက် သူ ရွေးကောက်ပွဲမှာအနိုင် ရရှိရေးအတွက် စည်းရုံးတာ လုပ်နိုင်တယ်လို့ ပြောတာပါ။”

နောက်တခုက တရားသူကြီးချုပ်တို့ ဘာတို့ဆိုရင် ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ကို ဖွဲ့စည်းပုံမှာ ဆိုထားတာ၊ အဲ့ဒါကရော။

“တရားသူကြီးချုပ် လုပ်နေတဲ့သူက နိုင်ငံရေးပါတီထဲဝင်ပြီး ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် တမျိုးဖြစ်သွားပြီပေါ့၊ တရားသူကြီးချုပ်လုပ်တဲ့သူက ပါတီတခုခုကို ကိုယ်စားပြုလို့မရဘူး။ အခုဟာက သူက ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်မှနော်၊ ဒီဟာက ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်တဲ့သူတွေနဲ့ပဲ ဆိုင်တယ်၊ ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်တဲ့ သူဆိုရင် ဒါ ဘာမှ လုပ်လို့ မရဘူး။ စည်းရုံးတာ၊ မဲဆွယ်တာ သူ ဘာမှလုပ်လို့မရဘူး။ သူ့ တာဝန်ကိုပဲ သူ ထမ်းဆောင်ရမယ်၊ တရားသူကြီးကလည်း တရားသူကြီးတာဝန်၊ သမ္မတကလည်း သမ္မတ တာဝန်၊ ၀န်ကြီးကလည်း ၀န်ကြီးတာဝန် ဆက်တိုက်ထမ်းဆောင်သွားရမယ်။ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ရင်တော့ အဲ့ဒီနေ့ကစပြီး သူ့ကို စည်းရုံးခွင့်ပေးမယ်၊ ဒါကို ပြောတာပါ။”

ဟုတ်ကဲ့၊ ရှင်းအောင် ထပ်မေးရရင် သူတို့ကို မဲဆွယ်ခွင့် ပေးလိုက်တာ မဟုတ်ဘူး၊ ပါတီစည်းရုံးရေး လုပ်ငန်းတွေလုပ်လို့ ပေးလိုက်တာ။

“ဟုတ်တယ်ဗျ၊ မဲဆွယ်တာ မရသေးဘူး၊ မဲဆွယ်တာရဲ့ ရှေပိုင်းကိစ္စလေးတွေပဲ လုပ်လို့ ရဦးမယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013