DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု တရားလိုပြသက်သေများ စကားရှေ့နောက်မညီ
DVB
·
July 9, 2015
လိပ်ကျွန်းအမှု တရားလိုပြသက်သေများ စကားရှေ့နောက်မညီ
Donate to DVB

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေတွေကို ဇူလိုင် ၈ ရက်နေ့က ကော်စမွီခရိုင် တရားရုံးမှာ စစ်ဆေးရာ တရားလိုပြသက်သေတွေ ထွက်ဆိုချက်က ရှေ့နောက်မညီဘူးလို့ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီကနေ့ တရားလိုပြသက်သေ ၄ ဦးကို စစ်တယ်။ အမှုစစ်တဲ့ရဲအရာရှိရယ်၊ အလောင်းစစ်ဆေးတဲ့ ဆရာဝန်ရယ်၊ ကျွန်းသူကြီးရဲ့ညီနဲ့ သူ့သူငယ်ချင်းကိုစစ်တယ်။ စစ်ချက်တွေကို ပေါင်းကြည့်မယ်ဆိုရင်တော့ မြန်မာကလေး ၂ ယောက် လူသတ်မှု ကျူးလွန်တယ်ဆိုတဲ့ ထွက်ချက်မျိုးကို တယောက်မှ မထွက်ဆိုနိုင်ဘူး။ အားလုံးက ရှေ့နောက်မညီတဲ့ ထွက်ချက်တွေကိုပဲ တရားခွင်မှာ မြင်ရတယ်။ ဒါကြောင့် ကလေးတွေဘက်က အားကောင်းပါတယ်။ မနက်ဖြန်မှာ ၆ ယောက်စစ်ဦးမယ်။”

ဇူလိုင် ၈ ရက်နေ့ တရားခွင်မှာ လိပ်ကျွန်းရဲစခန်းမှ ရဲအရာရှိက လူသေမှုဖြစ်ကြောင်း အကြောင်းကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးရပုံ၊ စစ်ချက်ယူရတဲ့ ဆရာဝန်ကလည်း အလောင်းကို စတင်တွေ့ရှိရတဲ့ပုံ၊ အင်တာခ်ျဘားပိုင်ရှင် (ကျွန်းသူဌေးရဲ့ညီ) ကလည်း အလုပ်သမားတွေက အလောင်းတွေ့ရှိကြောင်း သူ့ကိုလာပြောတဲ့အတွက် သူက ရဲကို အကြောင်းကြားပုံ၊ နောက်တယောက် (အေစီဘားက စားဖိုမှူး) က ကလေးတွေရဲ့ ဂစ်တာကို ကောက်ရပြီး ရဲလက်ကို အပ်ခဲ့ပုံတွေ ထွက်ဆိုခဲ့ကြပါတယ်။

တရားခွင်ထဲ လိုက်လံကြားနာခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ကိုစိန်ဌေးကလည်း တရားလိုပြသက်သေတွေ ထွက်ဆိုတိုင်း အားနည်းချက်ရှိတဲ့ အချက်တွေကို ထိုင်းရှေ့နေများကောင်စီက တန်ပြန်မေးခွန်းတွေ ပြန်မေးပြီး တချို့ထွက်ဆိုချက်တွေက ရှေ့နောက်မတူကြောင်း၊ ဒီနေ့ထွက်ဆိုချက်မှာ အခင်းဖြစ်ပုံကို တွေ့တဲ့ သက်သေတယောက်မှ မရှိဘူးလို့ ပြောပါတယ်။

အလောင်းကို ပထမဆုံးအကြိမ် တွေ့ရှိတယ်ဆိုတဲ့ မြန်မာအလုပ်သမား အမျိုးသမီးတဦးကိုလည်း စစ်ဆေးဖို့ ရှိနေပေမယ့် လိပ်ကျွန်းမှာမနေတော့ဘဲ မြန်မာပြည်ပြန်သွားပြီလို့ သူက ဆက်ပြောပါတယ်။

ဒီကနေ့ဟာ အစပိုင်းရက်တွေဖြစ်တဲ့အတွက် အမှုအတွက် အလှည့်အပြောင်းဖြစ်နိုင်တဲ့ အချက်တွေ မဟုတ်သေးဘူးလို့ ထိုင်းရှေ့နေများကောင်စီက ရှေ့နေ နခွန်းချူမ်းဖူး ချတ်ကလည်း တရားခွင်အထွက်မှာ သတင်းထောက်တွေကို သုံးသပ်ပြောကြားခဲ့ပါတယ်။

မနက်ပိုင်း အမှုစစ်ပြီးတဲ့နောက် လူသတ်မှုနဲ့ ပတ်သက်ပြီး စွဲချက်တင်ထားတဲ့ သက်သေခံ ပစ္စည်းတွေကို ပြန်စစ်ဆေးဖို့ ထိုင်းရှေ့နေများကောင်စီဘက်က တရားသူကြီးကို တောင်းဆိုခဲ့ရာမှာ တရားသူကြီးကလည်း ဇူလိုင် ၉ ရက်နေ့ကျရင် သက်သေပစ္စည်းတွေ သိမ်းထားတဲ့ ရဲအရာရှိကို ဆင့်ခေါ်ပြီး ညှိနှိုင်းပေးမယ်လို့ ပြောကြောင်း ကိုစိန်ဌေးက ပြောပါတယ်။

ညှိနှိုင်းလို့ရရင်တော့  အမှုအတွက် အရေးပါတဲ့ ဒီအန်အေ (မျိုးဗီဇ) ပါ နောက်ထပ်စစ်ဆေး နိုင်မယ်လို့ ဆိုပါတယ်။

ဒီတခေါက် တရားလိုပြစစ်ဆေးမှုကို ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်နေ့ထိ စစ်ဆေးမှာ ဖြစ်ပါ တယ်။

ဇူလိုင် ၈ ရက် စစ်ဆေးမှုမှာ မနက် ၉ နာရီခွဲကနေ စတင်ပြီး ထမင်းစားချိန်ခေတ္တနားကာ ည ၈ နာရီမှ ပြီးဆုံးသွားပါတယ်။

ဒီနေ့တရားခွင်ကို လူသတ်တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ ၂ ဦးပါ ခေါ်ထုတ်လာပြီး သေဆုံးသူ ဗြိတိန်နိုင်ငံသား ဒေးဗစ်နဲ့ ဟန်နာတို့ရဲ့ မိဘဆွေမျိုးတွေရော၊ ဗြိတိန်နိုင်ငံသံရုံးက တာဝန်ရှိသူတွေပါ လာရောက်ကြားနာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိသျှလူမျိုး ၂ ဦး လိပ်ကျွန်းပေါ်မှာ အသတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး စွပ်စွဲဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013