
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၊ အိုအာရ်တမ်ဘို အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေတုန်းက သိမ်းဆည်းရမိခဲ့တဲ့ ငှက်ဥတွေဟာ ပရီတိုးရီးယားမြို့ရှိ အမျိုးသားတိရစ္ဆာန်ရုံမှာ ရောက်ရှိနေပြီး အထူးကုဆရာဝန်တွေရဲ့ အထူးဂရုစိုက် စောင့်ရှောက်မှု ကြောင့် အကောင်တွေ ပေါက်လာကြပါပြီ။
ဇူလိုင်လ ပထမအကြိမ် ဖမ်းဆီးမှုမှာ ဥပေါင်း ၄၁၈ လုံးနဲ့ ဩဂုတ်လမှာ နောက်ထပ် ဥ ၅၀ တို့ကို တားဆီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ တောရိုင်း၊ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာန ညွှန်ကြားရေးမှူးချုပ် ဖရန့်စစ် ခရေ့ဂီက ပြောပါတယ်။
ဖမ်းဆီးရရှိခဲ့တဲ့ ဥတွေအားလုံးကို တောင်အာဖရိက အမျိုးသား ဇီဝမျိုးစုံမျိုးကွဲအဖွဲ့အစည်းရဲ့ အမျိုးသားတိရစ္ဆာန်ရုံဆီ ယူဆောင်လာခဲ့ပြီး သားငှက်ကျွမ်းကျင်သူ စပယ်ရှယ်လစ် ဆရာဝန်တွေက သေချာ ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။
ဥတွေကို သားဖောက်စက်တွေထဲ ထည့်ထားခဲ့တာ အခုဆိုရင် အများစုက အကောင်ပေါက်နေကြပြီး မွေးကင်းစ အကောင်ပေါက်လေးတွေကို ဆရာဝန်အဖွဲ့က အနီးကပ်စောင့်ကြည့်ပြီး လက်နဲ့ အစာခွံ့ပေးနေရတယ်လို့လည်း ဆိုပါတယ်။
ဥအများစုဟ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်ရေး စာချုပ် (CITES) အရ တင်သွင်း/တင်ပို့ဖို့ ခွင့်ပြုချက်ပါမစ် လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်ထားသူ ကြက်တူရွေး မျိုးစိပ်တွေ ဖြစ်ကြပါတယ်။
ကြက်တူရွေးတွေဟာ တောရိုင်းတိရစ္ဆာန် တရားမဝင် ကူးသန်းရောင်းဝယ်ရေးမှာ စုဆောင်းသူတွေနဲ့ မွေးမြူရေးဈေးကွက်ရဲ့ လိုအပ်ချက်ကြောင့် တောင်းဆိုမှု ရောင်းလိုအား အများဆုံး တိရစ္ဆာန်တွေထဲ ပါဝင်ပါတယ်။
သားငှက်ဆရာဝန်တွေက ကြက်တူရွေး ပေါက်စလေးတွေကို ပြုစုရင်း ကျန်တဲ့ဥတွေကို စောင့်ကြည့် နေချိန်မှာ တောင်အာဖရိက အာဏာပိုင်တွေကလည်း ဒီဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ ဆက်လုပ်နေပါတယ်။
Source:Reuters











