DVB Logo
Home
Lead Story
တွေ့ဆုံဆွေးနွေးမှုဟာ သော့ချက်ကျတဲ့ ထွက်ပေါက်ဖြစ်တယ် - ဒေါက်တာရန်မျိုးသိမ်း
DVB
·
July 8, 2015
တွေ့ဆုံဆွေးနွေးမှုဟာ သော့ချက်ကျတဲ့ ထွက်ပေါက်ဖြစ်တယ် - ဒေါက်တာရန်မျိုးသိမ်း
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအတွက် ၆ ပွင့်ဆိုင်ဆွေးနွေးကြဖို့ ပြည်ထောင်စုလွှတ်တော်က မနှစ် နိုဝင်ဘာမှာ အတည်ပြုခဲ့ပြီး ဒီနှစ်ဧပြီလဆန်း ၁၀ ရက်မှာ ပထမအကြိမ် ဆွေးနွေးပါတယ်။

ခြောက်ပွင့်ဆိုင်ထဲမှာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားပြု ဒေါက်တာအေးမောင်တို့ ပါဝင်ပါတယ်။

သင်္ကြန်ပြီးတဲ့အခါ ထပ်မံဆွေးနွေးမယ်လို့ ပြောဆိုခဲ့ကြပေမယ့် မကျင်းပဖြစ်တော့ဘဲ မရေ မရာ နဲ့ ကြန့်ကြာနေပါတယ်။ ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲရာမှာ တပ်မတော်သားအမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

လက်ရှိအခြေအနေ ၂ ရပ်နဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်း ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲဟာ သင်္ကြန်ပြီးရင်ပြန်စမယ်လို့ ပြောထားရာက အခု နှစ်လကျော်လာပြီ ပြန်မစနိုင်ဘဲ မရေမရာနဲ့ ရပ်နေတယ်။ ဘာကြောင့်လို့ ဆရာထင်လဲ။

“ကျနော့်အမြင်ကတော့ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဟာ အရေးကြီးတယ်လို့မြင်တယ်။ အဲဒီ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုကို ရှောင်ဖယ်တယ်။ အချိန်ဆွဲတယ်၊ ကြန့်ကြာအောင် လုပ်တယ်ဆိုတာက လတ်တလောကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်လွှားချင်တဲ့ အာသီသ၊ စိတ်ဆန္ဒ နည်းပါးတာကြောင့်လို့ ကျနော်က မြင်တယ်။ အဲဒီအခါကျတော့ လက်ရှိအစိုးရရော၊ အာဏာရပြည်ခိုင်ဖြိုးပါတီရော၊ တပ်မတော်ရောက လက်ရှိကြုံတွေ့နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒ၊ အာသီသ ပြင်းပြတယ်ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ၊ ဥပမာ-ခြောက်ပွင့်ဆိုင်ပဲပြောပြော၊ ၇ ပွင့်ပဲပြောပြော၊ ဆယ်ပွင့်ပဲပြောပြော ဒီနိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေကို ထိရောက်အကျိုးရှိအောင် ဖော်ဆောင်သင့်တယ်လို့ မြင်တယ်။ အချိန်ဇယားရှိရှိ ထိရောက်အကျိုးရှိအောင် ဖော်ဆောင်သင့်တယ်လို့ မြင်ပါတယ်။”

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးက တပ်မတော်သားကိုယ်စားလှယ်တွေ မထောက်ခံလို့ ပြင်ခွင့်မရဘူး။ အပြင်မှာလည်း ကျောင်းသားတွေက လွှတ်တော်တွေထဲကနေ တပ်ကိုယ်စားလှယ်တွေထွက်သွားဖို့ တောင်းဆိုဆန္ဒပြတယ်။ ဒီအကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ။

“ကျနော့်အမြင်ကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့အညီ ပြင်ဆင်နိုင်ဖို့ ကြိုးစားတဲ့နေရာမှာ သော့ချက်ကျတဲ့ ခြေလှမ်းတခုလို့ မြင်တယ်။ အဲဒီတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အထမမြောက်တဲ့အခါကျတော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်တွင်းတခုတည်းကနေ ပြင်ဆင်နိုင်ဖို့ ခက်ခဲလာတာတွေကို တွေ့ရတယ်။ အဲဒီအခါကျတော့ လွှတ်တော်တွင်း ပြင်ဆင်ရေးကြိုးပမ်းမှုရော၊ လွှတ်တော်ပြင်ပ ပြင်ဆင်ရေးကြိုးပမ်းမှုတွေရော အားပြိုင်လာမယ့် အနေအထားမျိုးကို တွေ့နေရတယ်။ ဒါပေမယ့် ကျနော့်ရဲ့အမြင်ကတော့ ကျနော်ပထမပြောခဲ့သလိုပဲ နိုင်ငံရေးအရ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုဟာ သော့ချက်ကျတဲ့ ထွက်ပေါက်တခုဖြစ်တယ်။

“နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (တနည်းအားဖြင့်) ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းနဲ့ ပတ်သက်ရင်တော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတခု ပြန်လုပ်ဖို့ လိုအပ်တယ်လို့မြင်တယ်။ ပြည်သူလူထုအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်၊ မထောက်ခံဘူးဆိုတဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတခု ပြန်လုပ်ပြီးတော့ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပြန်လည်ရယူဖို့လိုအပ်တယ်လို့ မြင်တယ်။ အဲဒီနည်းလမ်းဟာလည်းပဲ လတ်တလော ကြုံတွေ့နေရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် ထွက်ပေါက်တခုဖြစ်တယ်လို့ မြင်တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013