DVB Logo
Home
မြန်မာသတင်း
ထိုင်းငါးဖမ်းလှေများ ရပ်နားရသဖြင့် မြန်မာရေလုပ်သားများ အလုပ်လက်မဲ့ ဖြစ်နေ
DVB
·
July 9, 2015
ထိုင်းငါးဖမ်းလှေများ ရပ်နားရသဖြင့် မြန်မာရေလုပ်သားများ အလုပ်လက်မဲ့ ဖြစ်နေ
Donate to DVB

ထိုင်းစစ်အစိုးရက ငါးဖမ်းလှေ ဥပဒေ တင်းကျပ်လိုက်ပြီးတဲ့နောက် ပင်လယ်နားနီး ခရိုင် ၂၂ ခုက ငါးဖမ်းလှေတွေ ထောင်နဲ့ချီ ရပ်နားထားရသလို ငါးဖမ်းလှေပေါ် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေလည်း အလုပ်လက်မဲ့ ဖြစ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ငါးဖမ်းလှေဆိုင်ရာ ဥပဒေ ရှိပြီးသားဆိုပေမယ့် သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူစစ်ဆေးမှု မရှိတာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပြီး အခု စစ်ကောင်စီအစိုးရ လက်ထက်မှာ တင်းကျပ်လာတာကြောင့် ဥပဒေနဲ့အညီ မလုပ်ဆောင်နိုင်တဲ့ လှေတွေထောင်နဲ့ချီရှိတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်သိသလောက်တော့ တရန်း၊ ဆုန်ခလာနဲ့ ပတ္တနီခရိုင်က လှေတွေပေါ့။ ထောင်နဲ့ချီတယ်တဲ့ လှေမထွက်ရတာ၊ အဲဒီလှေပေါ်က အလုပ်သမားအများစုက မြန်မာတွေပဲ။ လှေတစီးကို အနည်းဆုံး အလုပ်သမား ၁၅ ယောက်လောက်ရှိတယ်။ လှေတွေက ၈၀၀၊ ၁၀၀၀ လောက်ဆိုတော့ အလုပ်သမားတွေ ထောင်နဲ့ချီ အလုပ်မဆင်းရဘူး။ လှေမထွက်ရတော့ ၀င်ငွေမရှိဘူး။ သူတို့အလုပ်ရှင်တွေက ထမင်းတော့ ကျွေးထားတယ်တဲ့၊ လုပ်အားခ ပုံမှန်မရတော့ဘူးပေါ့။”

လှေမထွက်နိုင်တာ အရင်လကတည်းက ဖြစ်ပြီး တနေရာနဲ့ တနေရာတော့ မတူကြောင်း၊ ခုရက်ပိုင်းအတွင်း မုန်တိုင်းသတိပေးချက်တွေလည်း ရှိတော့ တခြားလှေတွေလည်း မထွက်နိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

အစိုးရက ငါးဖမ်းလှေတွေကို စည်းကမ်း တင်းကျပ်လိုက်တဲ့ အဓိကအကြောင်းအရင်းက  ထိုင်း ငါးဖမ်းလှေတွေဟာ သတ်မှတ်ထားတဲ့  စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ခြင်းမရှိဘူးလို့ ဥရောပနိုင်ငံတွက စွပ်စွဲပြီး ဖိအားပေးလာတာကြောင့်လို့ဖြစ်တယ်လို့  ထိုင်းဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဒု-ဥက္ကဋ္ဌ နိုင်းနာ့သ်ကျက်ကျိုင်က ဇူလိုင်လဆန်းပိုင်းမှာ ပြုလုပ်တဲ့ တရားမ၀င် ငါးဖမ်းလှေပြဿ  နာ ဖြေရှင်းရေး အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ထိုင်းပင်လယ်ပြင်မှာ ဖမ်းဆီးရမိတဲ့ ငါးနဲ့ ပင်လယ်စာတွေဟာ ဥရောပနိုင်ငံကို နှစ်စဉ် တန်ချိန်ပေါင်း သောင်းနဲ့ချီပြီး တင်သွင်းရောင်းချနေတာကြောင့် ထိုင်းအစိုးရဟာ အီးယူက ချမှတ်ထားတဲ့ စံချိန်အတိုင်း ဥပဒေတွေ တင်းကျပ်လာတာ ဖြစ်ပါတယ်။

ငါးဖမ်းလှေတွေ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ပြင်ဆင်ချိန် ၂ လ ကြိုတင်သတိပေးခဲ့ပေမယ့်လည်း ဥပဒေက သတ်မှတ်ထားတဲ့ အချက်ပေါင်း ၁၅ ချက်မှာ အချိန်မီ ဆောင်ရွက်နိုင်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်လို့  ငါးဖမ်းလှေများအသင်း ကိုယ်စားလှယ်များ က အဆိုပါ အစည်းအဝေးမှာ ပြောပါတယ်။

တရားဝင်ငါးဖမ်းလှေဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အချက် ၁၅ ချက်မှာ ထိုင်းလှေဖြစ်ကြောင်း မှတ်ပုံတင်၊ လှေအသုံးပြုခွင့် မှတ်ပုံတင်၊ လှေပိုင်ရှင်ကြေညာချက်၊ ရေဒီယိုစကားပြောစက်လိုင်စင်၊ ရေဒီယိုစကားပြောခွင့်ပြုချက်၊ ပဲ့နင်းမှတ်ပုံတင်၊ လှေထိုးသားမှတ်ပုံတင်၊ စက်မှုကျွမ်းကျင်သူမှတ်ပုံတင်၊ လှေပေါ်ရှိ အလုပ်သမားများရဲ့ မှတ်ပုံတင်၊ အလုပ်သမား ငှားရမ်းခွင့်ရလက်မှတ်၊ စံချိန်မီ ငါးဖမ်းကိရိယာများ အသုံးပြုကြောင်း ထောက်ခံချက်၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံကြောင်း ထောက်ခံချက် စတာတွေ ပါဝင်ပါတယ်။

ငါးဖမ်းလှေတွေ အနေနဲ့ ဇူလိုင် ၁ ရက် နောက်ဆုံးထားပြီး ဥပဒေအတိုင်း ဆောင်ရွက်ဖို့  အစိုးရက သတ်မှတ်ထားပေမယ့်လည်း အချိန်မီ မဆောင်ရွက်နိုင်တာကြောင့် ဇူလိုင် ၁၅ ရက်နေ့ထိ ရက်ထပ်တိုးပေးထားရပါတယ်။

အခုလို ဥပဒေတွေ ကြပ်မတ်လာတဲ့အပေါ်မှာ မကျေနပ်တဲ့ စမွတ်စခွန်ခရိုင်က လှေ အစီးပေါင်း ၄၀ ကျော်ဟာ ဇူလိုင် ၇ ရက်နေ့က စမွတ်စခွန်းမြို့ ဖန်းထိုက်နွန်းဆင်ရပ်ကွက် တံငါရွာအ၀င်ဝ ချောင်းထဲမှာ ဆန္ဒပြပြီး ဥပဒေအတိုင်း ဆောင်ရွက်ချိန် နောက်ထပ် ၃ လကနေ ၆ လထိ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013